အင်အားပြင်းငလျင်တွင် ဒုက္ခရောက်သူများကို ကူညီရန် လက်အိတ်များ လေလံတင်ရောင်းချမည်ဟု အောင်လအန်ဆန်က သူ၏လူမှုကွန်ရက်တွင် ရေးသားထားသည်။
"မြန်မာနိုင်ငံက ကျွန်တော့်ရဲ့အိမ်၊ နှလုံးသား၊ ရင်းမြစ်ဖြစ်တယ်။ ဒီရက်တွေမှာ မန္တလေးနဲ့ စစ်ကိုင်းအလယ်ပိုင်းဒေသကို ပြင်းထန်တဲ့ မြေငလျင်တစ်ခု တိုက်ခတ်ပြီးတဲ့နောက်၊ ကျွန်တော်တို့တွေဟာ မယုံနိုင်လောက်အောင်ဆုံးရှုံးမှုကြီးမားတဲ့ သဘာဝဘေးအန္တရာယ်ကို ကြုံတွေ့နေရပါပြီ။ မိသားစုတွေဟာလည်း အများကြီးဆုံးရှုံးရပြီး အိမ်တွေပြိုကျ၊ ပစ္စည်းတွေ ဆုံးရှုံးနေရပြီး အားလုံးဟာပြန်လည် ထူထောင်နိုင်ဖို့ အားထုတ်နေကြရပါတယ်။ ဒီလိုမျိုး အရေးကြီးတဲ့အခိုက်အတန့်တွေမှာ ကျွန်တော်တို့ဟာစည်းလုံးညီညွတ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော် ကိုယ်တိုင်တိုက်ခိုက်ခဲ့ပြီး အနိုင်ရယူခဲ့တဲ့ လက်အိတ်တွေကို လေလံတင်ဖို့ဆုံးဖြတ်ခဲ့တယ်။ အလှူငွေတွေကို အဓိကလိုအပ်နေတဲ့နေရာတွေဆီအရောက်ပေးပို့မယ်။ တစ်ဦးချင်းရဲ့ တယောက်စာလှူဒါန်းမှု၊ တစ်ဒေါ်လာတိုင်းဟာ မြေငလျင်သင့်ပြည်သူတွေကို အစာ၊ နေရာထိုင်ခင်းနဲ့ဆေးဘက်ဆိုင်ရာအကူအညီတွေ စသဖြင့် အများကြီးပံ့ပိုးပေးနိုင်မယ့်အလှူငွေတွေအဖြစ် တိုက်ရိုက်ရောက်ရှိမှာပဲဖြစ်ပါတယ်" ဟု အောင်လအန်ဆန်က ပြောကြားသည်။
လက်အိတ်များကို ကြမ်းခင်းစျေး: ၃၀,၀၀၀,၀၀၀ ကျပ် (သို့မဟုတ်) ၆,၅၀၀ USD သတ်မှတ်ထားပြီး လေလံကို မတ် ၃၁ ရက် ရန်ကုန်စံတော်ချိန် မနက် ၁၀ နာရီမှ စတင်မည်ဖြစ်ပြီး ဧပြီ ၆ ရက်အထိဖြစ်သည်ဟု အောင်လအန်ဆန်က အသိပေးသည်။
" အခု ကျွန်တော် ခဗျားတို့ကို ဒီတိုက်ပွဲမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါမယ်။ တိုက်ခိုက်တဲ့ကွင်းမှာ မဟုတ်ဘဲ တကယ်လိုအပ်နေတဲ့ နေရာအတွက်ဖြစ်ပါတယ်။လှူဒါန်းပါ၊ မျှဝေပေးပါ၊ အထောက်အပံ့ပေးပါ။ မြန်မာနိုင်ငံဟာ တစ်သားတည်း အမြဲရှိနေကြောင်း ပြသကြရအောင်" ဟု အောင်လအန်ဆန်က ပြောကြားသည်။
လက်အိတ်များမှာ Alain Ngalani နှင့် ယှဉ်ပြိုင်စဉ် အနိုင်ရခဲ့သည့် လက်ဝှေ့အိတ်များဖြစ်သည်။
" ယခုအချိန်မှာ ကျွန်တော်တို့ မြန်မာပြည်သူများကလည်း ပြန်လည်ရှင်သန်ထမြောက်ရန် လိုအပ်နေတာ စိတ်ခွန်အားဖြစ်တယ်။ ကျွန်တော် ဒီလက်အိတ်များကို ဘာကြောင့်ရွေးချယ်လိုက်သလဲဆိုတော့ အဲ့ဒီ့ပွဲမှာ Alain Ngalani ကို တွေ့လိုက်တဲ့အချိန် လူတိုင်းက ကျွန်တော့်အတွက် ပြိုင်ပွဲက ခက်ခဲလွန်းနေမယ်လို့ ထင်မြင်ခဲ့ကြတယ်။ ဘာလို့လဲဆိုတော့ ပြိုင်ဘက်က အရပ်မြင့်မြင့်၊ ခွန်အားနှင့် စွမ်းအား ပြည့်စုံနေသူတယောက်ဖြစ်နေတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကြောက်ရွံ့မှုနှင့် စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ခဲ့ပြီး အဲ့ဒီပွဲကို အနိုင်ယူနိုင်ခဲ့တယ် အဲ့တာကြောင့် ဘယ်အခါမဆို မဖြေရှင်းနိုင်တဲ့ အခြေအနေတစ်ခု ဖြစ်လာခဲ့ချိန်တိုင်း၊ သက်တောင့်သက်သာနဲ့ ကျော်လွှားနိုင်ဖို့ ရဲရင့်မှုကို ရှာဖွေရမှာပဲလို့ကျွန်တော်ယုံကြည်တယ်" ဟု အောင်လအန်ဆန်က ပြောကြားသည်။









