နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံတွင် ပြုလုပ်မည့် ဘင်းမ်စတက်အစည်းအဝေး တက်ရောက်မည်ဟု Thai PBS ဖော်ပြ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံတွင် ပြုလုပ်မည့် ဘင်းမ်စတက်အစည်းအဝေး တက်ရောက်မည်ဟု Thai PBS ဖော်ပြ
Published 24 March 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံတွင် ပြုလုပ်မည့် ဘင်းမ်စတက် အစည်းအဝေး တက်ရောက်မည်ဟု Thai PBS တွင် သတင်းဖော်ပြထားသည်။

ဧပြီ ၃ ရက်မှ ၄ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်မည့် ခြောက်ကြိမ်မြောက် ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (BIMSTEC) အစည်းအဝေးသို့ တက်ရောက်မည်ဟု Thai PBS က သတင်းဖော်ပြသည်။

ယင်းခရီးစဉ်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ ပထမဆုံးခရီးစဉ်ဖြစ်သည်ဟု သတင်းတွင် ဆက်လက်ဖော်ပြထားသည်။

ယင်းအစည်းအဝေးတွင် ထိုင်းဝန်ကြီးချုပ် ပေထုန်ထန်ရှင်နာဝပ်က သဘာပတိအဖြစ် တာဝန်ယူမည်ဖြစ်ပြီး BIMSTEC အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အစည်းအဝေးတွင် ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသတွင်း ချိတ်ဆက်မှုတို့ကိုလည်း အဓိကထား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောကြားခဲ့သည်ဟု သတင်းတွင် ဆက်လက်ဖော်ပြထားသည်။

အဆိုပါ ထိပ်သီးအစည်းအဝေးကို မူလက ၂၀၂၄ ခုနှစ် နိုဝင်ဘာလက ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကျင်းပနိုင်ခြင်းမရှိကြောင်း၊ ယခုပြုလုပ်မည့်အစည်းအဝေးမှာ ထိုင်းဝန်ကြီးချုပ်အတွက် ပထမဆုံး နိုင်ငံတကာထိပ်သီး အစည်းအဝေးဖြစ်သည်ဟု သတင်းတွင် ရေးသားထားသည်။

ဘင်းမ်စတက်အဖွဲ့ကို ၁၉၉၇ ခုနှစ် ဇွန် ၆ ရက်တွင် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၂၂ ရက်တွင် အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့သည်။

ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှာ ထိုင်း၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ဘူတန်၊ နီပေါ နိုင်ငံများဖြစ်သည်။

Most Read

Most Recent