ရန်ကုန်-မန္တလေးအမြန်လမ်း ၉၇ မိုင်တွင် လူနာတင်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ပြီး အသက် ၁၈ အရွယ် ပရဟိတအမျိုးသမီးငယ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။
မတ် ၁၆ ရက်၊ နံနက် ၈ နာရီခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအတိုင်း ရန်ကုန်မှ နေပြည်တော်သို့ လူနာသွားရောက်ပို့ဆောင်သည့် လူနာတင်ယာဉ်တစ်စီးသည် ၉၇ မိုင်အရောက်တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ရန်ကုန်ကနေ နေပြည်တော်ကို လူနာသွားပို့ဆောင်တာပါ။ ၉၇ မိုင်အရောက်မှာ ယာဉ်တိမ်းမှောက်မှုဖြစ်တာပါ။လူနာရှင်နဲ့ လူနာစောင့် နှစ်ဦးက အခင်းဖြစ်တဲ့ နေရာမှာ သေဆုံးသွားပါတယ်။အသင်းက ကလေးမလေးကတော့ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုမှုခံယူနေတဲ့ ညဘက် ၈ နာရီလောက်မှာ ဆုံးသွားပါတယ်” ဟု အောင်ဇေယျပရဟိတအသင်မှ ဥက္ကဌ ကိုနိုင်က ပြောကြားသည်။
အမြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက်တွင် သက်ဆိုင်ရာ EMS Myanmar Channel မှ အချိန်နှင့်တစ်ပြေးညီ ကူညီမှုများလုပ်ဆောင်ကာ မိတ်ဖက်ပရဟိတအသင်းများက ရန်ကုန်ပြည်သူ့ဆေးရုံကြီး(အရေးပေါ်ဌာန)သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အောင်ဇေယျပရဟိတအသင်းအဖွဲ့ဝင် အသက် ၁၈ နှစ်အရွယ်အမျိုးသမီးငယ် သေဆုံးမှုနှင့်ပတ်သတ်၍ ပရဟိတအဖွဲ့သားများမှ ဝမ်းနည်းကြောင်း စာများရေးသားထုတ်ပြန်ခဲ့ကြသည်။















