ရေးမြို့နယ် ဇီးဖြူသောင်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာမှ နေအိမ် သုံးလုံးနှင့် တန်းလျား နှစ်ခု မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မတ် ၁၂ ရက် နံနက် ၁ နာရီခန့်က ဇီးဖြူသောင်ကျေးရွာ၊ အော်ကြီးရပ်ကွက်ရှိ တန်းလျားတစ်ခုမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းနှင့် ထိုသို့ မီးလောင်မှုမှတဆင့်အနီးရှိ အခြားတန်းလျား တစ်ခုနှင့် နေအိမ် သုံးလုံး မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “မီးလောင်တဲ့အချိန်မှာ လေကလည်းတိုက်နေတော့ တခြားနေအိမ်တွေကိုပါ ကူးစက်မှုတွေရှိခဲ့တယ်။ လူနိုင်သွားလို့ ထပ်ပြီးကူးစက်လောင်ကျွမ်းမှုတွေ မဖြစ်ခဲ့တာပါ။ မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ရပ်ကွက်က နေအိမ်တွေစိပ်တယ်။ တိုက်အိမ်တစ်လုံးခံသွားလို့ နောက်ထပ်အိမ်တွေ မီးမကူးသွားတာပါ” ဟု ပြောကြားသည်။
မီးလောင်မှုအား ရေးမြို့နယ် မီးသတ်ဦးစီးဌာနနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ဒေသခံပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီဝန်းကျင်အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ကြောင်းနှင့် ၂ နာရီခွဲအချိန်ခန့်တွင် မီးလုံးဝငြိမ်းသွားကြောင်း ၎င်းဒေသခံက ဆိုသည်။
မီးလောင်မှုကြောင့် နေအိမ် သုံးလုံးနှင့် အခန်း ခြောက်စီးပါ တန်းလျား နှစ်ခု မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့် တိရိစ္ဆာထိခိုက်မှုမရှိကြောင်း သက်ဆိုင်ရာ မီးသတ်ဦးစီးဌာနထံမှ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ (၈) ရက်နေ့ ညနေ (၄) နာရီဝန်းကျင်အချိန်ခန့်က မွန်ပြည်နယ် ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ ကမ်းနားလမ်း၊ ဈေးအနီးတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာမှ နေအိမ် နှစ် လုံးမီးလောင်ဆုံးရှုံးခဲ့သေးကြောင်း သိရသည်။