အာရှပစိဖိတ်ဒေသတွင် မြန်မာနိုင်ငံသည် ရုရှားနိုင်ငံ၏ အဓိကလုပ်ဖော်ကိုင်ဘက် မဟာမိတ်နိုင်ငံတစ်ခုဖြစ်ကြောင်း ရုရှားနိုင်ငံ ဝန်ကြီးချုပ် Mr. Mikhail Vladimirovich Mishustin ကပြောကြားသည်။
ရုရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ရုရှား နိုင်ငံ ဝန်ကြီးချုပ် Mr. Mikhail Vladimirovich Mishustin တို့သည် မတ် ၄ ရက်ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီခန့်တွင် ရုရှားအစိုးရအဖွဲ့ အိမ်တော်တွင် တွေ့ဆုံဆွေးနွေးရာတွင် ရုရှားဝန်ကြီးချုပ်က ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
ထိုသို့တွေ့ဆုံမှုတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဝန်ကြီးချုပ်က အဆွေတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီချုပ် ယခုကဲ့သို့ မိမိတို့နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်လာရောက်မှုအတွက် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ အာရှပစိဖိတ်ဒေသတွင် မြန်မာနိုင်ငံသည် ရုရှားနိုင်ငံ၏ အဓိကလုပ်ဖော်ကိုင်ဘက် မဟာမိတ်နိုင်ငံတစ်ခုဖြစ်ပကြောင်းနှင့် ချစ်ကြည်ရေးခရီးစဉ်လာရောက်မှုမှတစ်ဆင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးတက်စေမည် ဖြစ်ကြောင်းဖြင့် ကြိုဆိုနှုတ်ခွန်းဆက် စကားဦးစွာပြောကြားကြောင်း သိရသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယခုကဲ့သို့တွေ့ဆုံရသည့် မိမိအနေဖြင့်ဝမ်းမြောက်ပါကြောင်း၊ နှစ်နိုင်ငံသံတမန် ဆက်ဆံမှုသည် (၇၇)နှစ်ပြည့်မြောက်ကျော်လွန်ခဲ့ပြီဖြစ်ပြီး နှစ်နိုင်ငံအကြားချစ်ကြည် ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိကြောင်း နှင့် မိမိနှင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များအား ချစ်ခင်ရင်းနှီးစွာဖြင့်ကြိုဆိုနှုတ်ဆက်မှု အတွက် လည်းကျေးဇူးတင်ရှိကြောင်းဖြင့် ပြန်လည်ပြောကြားကြောင်းသိရသည်။
ထို့နောက် နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်မှုကဏ္ဍ၊ စက်မှုကဏ္ဍ၊ ကုန်ထုတ် လုပ်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက် မှုများ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ အာကာသနှင့် ဂြိုလ်တုနည်းပညာ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ အပြန်အလှန် တိုးတက် လာစေရေး၊ မြန်မာနိုင်ငံသို့ ရုရှားနိုင်ငံမှရင်းနှီးမြှုပ်နှံမှုများ လာရောက်ရင်းနှီးမြှုပ်နှံစေရေး ဖိတ်ခေါ်မှုများ၊ နှစ်နိုင်ငံအကြား သဘောတူညီမှုစာချွန်လွှာများ လက်မှတ်ရေးထိုးနိုင်ရေး ကိစ္စရပ်များနှင့် နှစ်နိုင်ငံအကြား အစိုးရအဖွဲ့အဆင့်မြင့် အရာရှိကြီးများ အပြန်အလှန် ချစ်ကြည်ရေးခရီးများ အပြန်အလှန်လည်ပတ်နိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ ကြကြောင်းသိရသည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ကောင်စီအဖွဲဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ကိုယ်စားလှယ်အဖွဲဝင်များ၊ ရုရှား နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ ရုရှား နိုင်ငံဆိုင်ရာ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် မိုးကျော်၊ (ကြည်း၊ရေ၊လေ)နှင့်တာဝန်ရှိသူများ ရုရှားအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အတူ ရုရှားအစိုးရ အဖွဲ့မှဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။















