နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးသမ္မတနိုင်ငံ သမ္မတ ဗလာဒီမာပူတင်တို့သည် ယနေ့(မတ် ၄ ရက်)တွင် တွေ့ဆုံမည်ဖြစ်ပြီး ယင်းတွေ့ဆုံမှုတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများကို ဆွေးနွေးမည်ဖြစ်ကာ သဘောတူညီချက်များ လက်မှတ်ရေးထိုးရန်ရှိကြောင်း ရုရှားနိုင်ငံသမ္မတရုံးက သတင်းထုတ်ပြန်ထားသည်။
ထိုသို့ တွေ့ဆုံရာတွင် နှစ်ဖက်အကျိုးရှိသော ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေး အလားအလာများအပြင် နိုင်ငံတကာဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ်ပြီး ဆွေးနွေးပွဲအပြီးတွင် ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ချက်ကာ အစိုးရအချင်းချင်းနှင့် သက်ဆိုင်ရာ ဌာနအလိုက် သဘောတူညီချက်များကို လက်မှတ်ရေးထိုးရန် စီစဉ်ထားကြောင်း ရုရှားသမ္မတရုံးက ထုတ်ပြန်ထားသည်။
နစကဥက္ကဋ္ဌနှင့် ရုရှားနိုင်ငံသမ္မတတို့သည် ယနေ့(မတ် ၄ ရက်) ရုရှား ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီခန့်၊ မြန်မာစံတော်ချိန် ည ၇ နာရီခန့်တွင် တွေ့ဆုံမည်ဖြစ်သည်။
ထို့အတူ နစကဥက္ကဋ္ဌသည် ယနေ့(မတ် ၄ ရက်)တွင် ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူးနှင့်တွေ့ဆုံခြင်း၊ မော်စကိုမြို့ရှိ အညတရစစ်သည်ဂူဗိမာန်တွင် ပန်းခွေချအလေးပြုခြင်းတို့ကိုလည်း ဆောင်ရွက်မည်ဖြစ်သည်။
နစကဥက္ကဋ္ဌဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် မတ် ၃ ရက် ဒေသစံတော်ချိန်ညနေပိုင်းတွင် ရုရှားနိုင်ငံသို့ရောက်ရှိသွားခြင်းဖြစ်သည်။
ရုရှားနိုင်ငံသို့ ရောက်ရှိချိန်တွင် နစကဥက္ကဋ္ဌအား မော်စကိုမြို့ရှိ ဘနုကာဘာအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Mr, Maxim Reshetnikov၊ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့သည်။















