
ရန်ကုန်-မန္တလေး မီရထားလမ်းပိုင်း ကျောက်တံခါးနှင့် ပိန်းဇလုပ် ဘူတာအကြား ရထားလမ်း ဖေဖော်ဝါရီ ၂၅ ရက်ညပိုင်းက မိုင်းခွဲခံရပြီး လေးနှစ်တာအတွင်း ရထားတံတားနှင့်သံလမ်းများ မိုင်းထောင်ဖောက်ခွဲခံရမှု ၁၇၄ ကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၅ ရက် ည ၁၀ နာရီ အချိန်ခန့်တွင် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ကျောက်တံခါးဘူတာနှင့် ပိန်းဇလုပ် ဘူတာအကြား၊ မိုင်တိုင်အမှတ် ၁၀၇/၁၀-၉ နေရာရှိ အစုန်ရထားလမ်းပေါ်တွင် သောင်းကျန်းသူအဖွဲ့က ထောင်ထားသည့် မိုင်းပေါက်ကွဲခဲ့ကြောင်း သိရသည်။
အဆိုပါမိုင်းပေါက်ကွဲမှုဖြစ်စဉ် ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်တို့က အချိန်နှင့်တပြေးညီ နယ်မြေရှင်းလင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ မိုင်းခွဲခံရမှုကြောင့် အစုန်လမ်းရှိ အရှေ့ဘက်သံလမ်း (၂)ပေခန့်နှင့် (၁၀)ပေအကွာတွင် အနောက်ဘက်သံလမ်း (၂)ပေခန့် နှစ်နေရာပြတ်တောက်၍ ကွန်ကရစ်ဇလီဖား (၁၀)တုံးပျက်စီးခဲ့ကြောင်းသိရသည်။
မြန်မာ့မီးရထား ဝန်ထမ်းများအနေဖြင့် လမ်းပိုင်းအားအမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး စစ်ဆေးဆောင်ရွက်ခဲ့ပြီး အစုန်လမ်း၏ ပြတ်တောက်သွားသော သံလမ်း(၂)ချောင်းအား လဲလှယ်ခြင်း၊ လမ်းပြုပြင်ခြင်းများကို နေ့လည် ၁၁ နာရီ ၂၀ မိနစ်အချိန်တွင် စတင်ဆောင်ရွက်ခဲ့ရာ နေ့လည် ၃ နာရီ ၃၀ မိနစ်အချိန်တွင် အစုန်ရထားလမ်းပိုင်းအားပြန်လည်ဖွင့်လှစ်၍ ရထားများ ပုံမှန်အတိုင်း ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
မိုင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ရန်ကုန်-မန္တလေးလမ်းပိုင်းအတွင်း ပြေးဆွဲလျက်ရှိသည့် အမှတ်(၉၀၂-A)အစုန်ကုန်ရထားသည် ပဲနွယ်ကုန်းဘူတာသို့ ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၆ နာရီ ၁၀ မိနစ်ခန့်တွင်လည်းကောင်း၊ အမှတ်(၉၀၂-B)အစုန်ကုန်ရထားသည် ကညွတ်ကွင်းဘူတာသို့ ညနေ ၆ နာရီ ၂၀ မိနစ်ခန့်တွင် လည်းကောင်း၊ ဖေဖော်ဝါရီလ ၂၆ ရက် နံနက် ၇ နာရီ ၅ မိနစ်ခန့်တွင် အမှတ်(၉၂၃-B)အဆန်ကုန် ရထားသည် ပြွန်တန်ဆာဘူတာသို့ လည်းကောင်း၊ အမှတ်(၉၁၃) အဆန် ကုန်ရထားသည် ပြွန်တန်ဆာဘူတာသို့ နံနက် ၇ နာရီ ၃၅ မိနစ်ခန့်တွင် လည်းကောင်း၊ အမှတ်(၉၁၄) အစုန်ကုန်ရထားသည် ဇေယျာဝတီဘူတာသို့ နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် လည်းကောင်း၊ အမှတ်(၁၁)အဆန်လူစီးရထားသည် ညောင်လေးပင်ဘူတာသို့ နံနက် ၈ နာရီ ၄၉ မိနစ်
ခန့်တွင်လည်းကောင်း၊ အမှတ်(၁)အဆန်စာပို့ရထားသည် ပဲခူးဘူတာသို့ နံနက် ၁၀ နာရီခွဲခန့် တွင်လည်းကောင်း အသီးသီးရောက်ရှိ ရပ်တန့်ထားခဲ့ရကြောင်း သိရသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန် အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရခြင်း(၈၀)ကြိမ်၊ ရထားတံတား/သံလမ်းများအားမိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခံရခြင်း(၁၇၄)ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၁၆)ကြိမ် ရှိပြီဖြစ်ကြောင်း သိရသည်။