အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကဂါဇာမှ ဓားစာခံအားလုံးကိုပြန်လွှတ်ပေးရန် ဖေဖော်ဝါရီ ၁၅ ရက်ကို နောက်ဆုံးအချိန်အဖြစ်သတ်မှတ်လိုက်ပြီး ပြန်မလွှတ်ပါကအခြေအနေသည် အလွန်အမင်းဆိုးရွားသွား လိမ့်မည်ဟုပြောကြားခဲ့ကာ အစ္စရေး-ဟားမာ့စ် အပစ်အခတ်ရပ်စဲရေးကို ဖျက်သိမ်းရန် တောင်းဆိုရလိမ့်မည်ဟု ဆိုသည်။
ဟားမာ့စ်က နောက်ထပ်ဓားစာခံ-အကျဉ်းသား လဲလှယ်မှုများကိုရွှေ့ဆိုင်းမည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းတွင် ထရန့်၏ အထက်ပါအတိုင်းကြားဝင်စွက်မှုဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဟားမာ့စ် ၏ခြိမ်းခြောက်မှုက ဇန်နဝါရီ ၁၉ ရက်တွင် စတင်အသက်ဝင်ခဲ့သော ယိုင်နဲ့နဲ့သီတင်းပတ်ခြောက်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးရေးကို အန္တရာယ်ကျရောက်စေခဲ့သည်။
ဟားမာ့စ်၏ခြိမ်းခြောက်မှုက ဆိုးရွားလွန်းသည်ဟု ပြောကြားခဲ့သော ထရန့်ကနောက်ဆုံးတွင် အပစ်အခတ်ရပ်စဲရေး ဘာဖြစ်သွားသင့်သလဲဆိုသည့်ကိစ္စမှာ အစ္စရေး၏ဆုံးဖြတ်ချက်အတိုင်း ဖြစ်စေရမည်ဟု အိမ်ဖြူတော်ရှိ ဘဲဥပုံရုံးခန်းတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
“ဒါပေမဲ့လည်း ကျွန်တော်သိထားရသလောက်ပြောရမယ်ဆိုရင် အဆင်ပြေတဲ့ အချိန်လို့ ကျွန်တော်ထင်တဲ့ ဖေဖော်ဝါရီ ၁၅ ရက် ၁၂ နာရီထိုးချိန်လောက်မှာ ဓားစာခံအားလုံး ပြန်မရောက်လာဘူးဆိုရင်တော့ အ ပစ်အခတ်ရပ်စဲရေးကိုဖျက်သိမ်းရမယ်လို့ ကျွန်တော်ပြောရပါလိမ့်မယ်။ လောင်းကြေးအားလုံးကို ပိတ်လိုက်ပါပြီ။ အခြေအနေဆိုးသွားပါလိမ့်မယ်”ဟု ထရန့်က ပြောကြားခဲ့သည်။
“ကျန်နေတဲ့ ဓားစာခံအားလုံးကို လွှတ်ပေးရပါမယ်။ တစ်တိတစ်တိနဲ့ လီပြီးလွှတ်တာမျိုး မဟုတ်ပါဘူး။ နှစ်ယောက်လွှတ်လိုက်၊ တစ်ယောက်လွှတ်လိုက်၊ သုံးယောက်လွှတ်လိုက်၊ လေးယောက်လွှတ်လိုက်ပုံစံမျိုး မဟုတ်ပါဘူး”ဟု ထရန့်က ပြောကြားခဲ့သည်။
“အဲဒီ ဓားစာခံအားလုံးကို ကျွန်တော်တို့ ပြန်လိုချင်တယ်။ ကျွန်တော့်ဘာသာ ပြောနေတာဖြစ်ပါတယ်။ အစ္စရေးက အဲဒါကိုပယ်ဖျက်နိုင်တယ်ဆိုပေမဲ့လည်း ကျွန်တော့်အတွက်ကတော့ ဖေဖော်ဝါရီ ၁၅ ရက် ၁၂ နာရီ ဟာ ဓားစာခံအားလုံးပြန်ရောက်လာရမှာပါ။ သူတို့ ပြန်ရောက်မလာဘူးဆိုရင်တော့ အခြေအနေ အလွန်ဆိုးသွားလိမ့်မယ်”ဟု သမ္မတက ပြောကြားခဲ့သည်။
ထရန့်က ၎င်းအဆိုပြုထားသည့် နောက်ဆုံးသတ်မှတ်ချိန်ကိစ္စအတွက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် စကားပြောရလိမ့်မည်ဟု ဆိုသည်။
ခြိမ်းခြောက်ပြောဆိုခဲ့သည့် အရာကိုထရန့်က အသေးစိတ်ပြောကြားခြင်းမရှိပေ။
“ကျွန်တော် ဘာကိုဆိုလိုတာလဲဆိုတာ ဟားမာ့စ်က သိပါလိမ့်မယ်”ဟု ထရန့်က ပြောကြားခဲ့သည်။ အမေရိကန်တပ်ဖွဲ့များ ပါဝင်ပတ်သက်နိုင်သည့်အလားအလားကို မေးမြန်းသည့်အခါ ထရန့်က “ဘာဖြစ်လာ မလဲဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်ရပါလိမ့်မယ်”ဟု ဖြေကြားခဲ့သည်။
အမေရိကန်က ဂါဇာကို လွှဲယူရေးအတွက် ၎င်း၏ အငြင်းပွားဖွယ်အစီအမံအရ မဟာမိတ်များဖြစ်သော ဂျော်ဒန်နှင့် အီဂျစ်တို့က ပါလက်စတိုင်းသားများကို လက်ခံရန်ငြင်းဆန်မည်ဆိုပါက အဆိုပါနှစ်နိုင်ငံသို့ ပေးနေသော အကူအညီများကို ရပ်မည်ဟု ၎င်းက ခြိမ်းခြောက်ခဲ့သည်။
Ref: AFP














