အစိုးရအသုံးစရိတ်များကို လျှော့ချရန် ကြိုးပမ်းနေသောကြောင့် အကြွေစေ့များ ထုတ်နေခြင်းကို ရပ်ရန် ဘဏ္ဍာရေးဝန်ကြီးကို ပြောကြားထားသည်ဟု ဖေဖော်ဝါရီ ၉ ရက် တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။
“အမေရိကန်ပြည်ထောင်စုဟာ ပဲနီစေ့တွေကို သွန်းလုပ်နေတာကြာပါပြီ။ ပဲနီတစ်စေ့အတွက် ကျွန်တော်တို့က နှစ်ပြားကျော်ကုန်ကျနေတာဖြစ်ပါတယ်။ ဒါဟာသိပ်များတဲ့ အလေအလွင့်ဖြစ်ပါတယ်”ဟု ထရန့်က ၎င်းင်း၏ Truth Social တွင် ရေးသားခဲ့သည်။
“အကြွေစေ့အသစ်တွေ ထုတ်လုပ်တာကိုရပ်ဖို့ ကျွန်တော့်ရဲ့ ဘဏ္ဍာရေးဝန်ကြီးကို ညွှန်ကြားထားပါတယ်။ တစ်ကြိမ်မှာ ပဲနီတစ်ပြား လေလွင့်မယ်ဆိုရင်တောင် ကျွန်တော်တို့ ကြီးကျယ်တဲ့နိုင်ငံရဲ့ဘတ်ဂျက်ထဲကနေ အလေအလွင့်တွေကို ဖယ်ရှားကြပါစို့”ဟု ထရန့်က ဖြည့်စွက်ဖော်ပြခဲ့သည်။
အစိုးရအသုံးစရိတ်များကို ဖြတ်တောက်ရာတွင် အကူအညီပေးနေသော၊ ဘီလျံနာ အီလွန်မက်စ်ဦးဆောင်သော ကုန်ကျစရိတ်လျှော့ချရေး အစီအစဉ်ကို အကောင်အထည်ဖော်နေသည့် အစိုးရစွမ်းဆောင်ရည်ဌာနက အကြွေစေ့့ထုတ်လုပ်မှု၏ ကုန်ကျစရိတ်ကို ဇန်နဝါရီလထဲတွင် ဆိုရှယ်မီဒီယာ Xတင်ခဲ့သောပို့စ်တွင် အလေးပေးဖော်ပြခဲ့သည်။
ပဲနီစေ့များ ထုတ်လုပ်မှုနှင့်စပ်လျဉ်း၍ အငြင်းပွားမှုများသည် အမေရိကန်ပြည်ထောင်စုတွင် အသစ်အဆန်းမဟုတ်ပေ။ ယင်းကုန်ကျစရိတ်ကို ဖြတ်တောက်ရန် ကွန်ဂရက်၌ တင်သွင်းခဲ့သော ဥပဒေကြမ်းအချို့ သည် အတည်ပြုခံရခြင်းမရှိပေ။
ထရန့်၏အမိန့်က လွှတ်တော်အမတ်များ၏ အတည်ပြုချက်ရရန် လိုအပ်ဖွယ်ရှိသည်ဆိုသော်လည်း ဘဏ္ဍာရေးဝန်ကြီး စကော့ဘတ်ဆန့်က ပဲနီစေ့အသစ်များ ထုတ်လုပ်မှုကို ရိုးရှင်းစွာ ရပ်နိုင်စွမ်းရှိသည်ဟု နော့ အီစတန်းတက္ကသိုလ်၏ ဘောဂဗေဒပါမောက္ခ ရောဘတ်ထရိုင်းယက်က ဇန်နဝါရီလထဲတွင် ရေးခဲ့သည်။
အကြွေစေ့များကို ဖယ်ရှားပစ်မည်ဆိုပါက စျေးနှုန်းများကို အနီးစပ်ဆုံး ငါးရာခိုင်နှုန်းအထိ တွက်ချက်ရလိမ့်မည်ဟု ထရိုင်းယက်က ပြောသည်။
ကနေဒါနိုင်ငံသည် ပဲနီစေ့များကို ၎င်းင်း၏ငွေအကြွေစေ့စနစ်မှ ၂၀၁၂ ခုနှစ်တွင် ဖယ်ရှားခဲ့သည်။ တစ်ပဲနီ ထုတ်လုပ်စရိတ်သည် ၁ ဒသမ ၆ ပြားရှိနေပြီး ငွေကြေးဖောင်းပွမှုကြောင့် ပဲနီတို့၏ ဝယ်နိုင်စွမ်းအားကျဆင်း နေသည်ဟု ဆိုသည်။
ထရန့်သည် ၎င်းင်းအစိုးရအဖွဲ့သစ်၏ အထင်ကရ အစိတ်အပိုင်းတစ်ခုအဖြစ် အစိုးရဘတ်ဂျက်လျှော့ချခြင်းကို လုပ်ဆောင်နေသည်။ ယင်းသို့ဆောင်ရွက်ရာတွင် အီလွန်မက်စ်၏ အစိုးရစွမ်းဆောင်ရည်ဌာန (DOGE)အနေဖြင့် အစိုးရအသုံးစရိတ်များကို စုံစမ်းစစ်ဆေးရန် တာဝန်အပ်နှင်းခံထားရသည်။
သို့သော်လည်း နိုင်ငံတကာဖွံ့ဖြိုးရေးအတွက် အမေရိကန်အေဂျင်စီဖြစ်သော USAID ကို စိစစ်ခြင်းအပါအဝင် အစိုးရ အဖွဲ့၏လုပ်ဆောင်မှုအချို့ တရားဝင်မှုကို ဒီမိုကရက်များနှင့် အလုပ်သမားသမဂ္ဂများက တရားရုံးတွင် စောဒကတက်ထားကြသည်။ USAID ၏ အကူအညီများကို ရပ်ဆိုင်းထားလိုက်ခြင်းကြောင့် ယင်းအကူအညီများကို မှီခိုနေရသော နိုင်ငံအချို့သည် အခက်အခဲများကြုံနေရသည်။
Ref: AFP















