ပြည်နှင်ဒဏ်ပေးခံရသည့် အိန္ဒိယရွှေ့ပြောင်းနေထိုင်သူ ၁၀၀ ကျော်ကို သယ်ဆောင်လာသော အမေရိကန်စစ်လေယာဉ် အိန္ဒိယသို့ ရောက်ရှိ

ပြည်နှင်ဒဏ်ပေးခံရသည့် အိန္ဒိယရွှေ့ပြောင်းနေထိုင်သူ ၁၀၀ ကျော်ကို သယ်ဆောင်လာသော အမေရိကန်စစ်လေယာဉ် အိန္ဒိယသို့ ရောက်ရှိ
ဖေဖော်ဝါရီ ၅ ရက်က အိန္ဒိယနိုင်ငံ အမ်ရစ်ဆာမြို့ရှိ နိုင်ငံတကာလေဆိပ်တွင် အိန္ဒိယပြည် နှင်ဒဏ်ပေးခံရသူများကို သယ်ဆောင်လာသော အမေရိကန်စစ်လေယာဉ်ကို တွေ့ရစဉ်(Photo:Reuters)
ဖေဖော်ဝါရီ ၅ ရက်က အိန္ဒိယနိုင်ငံ အမ်ရစ်ဆာမြို့ရှိ နိုင်ငံတကာလေဆိပ်တွင် အိန္ဒိယပြည် နှင်ဒဏ်ပေးခံရသူများကို သယ်ဆောင်လာသော အမေရိကန်စစ်လေယာဉ်ကို တွေ့ရစဉ်(Photo:Reuters)
Published 7 February 2025

အိန္ဒိယရွှေ့ပြောင်းနေထိုင်သူ ၁၀၄ ဦး ကို သယ်ဆောင်လာသည့် အမေရိကန်စစ် လေယာဉ်တစ်စီးသည် ဖေဖော်ဝါရီ ၅ ရက် တွင် အိန္ဒိယနိုင်ငံမြောက်ပိုင်းမြို့သို့ ရောက်ရှိလာခဲ့သည်ဟု လေဆိပ်တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ယင်းလေယာဉ်သည် ထရန့်အစိုးရက အမိန့်ထုတ်ပြန်ထားသည့် ရွှေ့ပြောင်း နေထိုင်မှုများကို နှိမ်နင်းမှု၏တစ် စိတ်တစ်ပိုင်းအနေဖြင့် အိန္ဒိယသို့ ပျံသန်းလာသော ပထမဆုံးလေကြောင်းခရီးစဉ် ဖြစ်လာခဲ့သည်။

နေရပ်သို့ ပြန်ပို့ခံရသည့် အိန္ဒိယနိုင်ငံသားများသည် အိန္ဒိယ၏ပြည်နယ် အနှံ့အပြားတွင် နေထိုင်သူများဖြစ်ကာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက အမေရိကန်ကို တရားမဝင် ဝင်ရောက်ခဲ့ကြခြင်း ဖြစ်သည်။

လာမည့် သီတင်းပတ်တွင် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီ၏ ၀ါရှင်တန်ခရီးစဉ်မတိုင်မီ ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် မိုဒီတို့သည် လွန်ခဲ့သည့် သီတင်းပတ်က ရွှေ့ပြောင်းနေထိုင်မှု ကိစ္စရပ်နှင့်ပတ်သက်ပြီး ဖုန်းဖြင့်ဆက်သွယ် ဆွေးနွေးခဲ့ကြကာ ထရန့်က အိန္ဒိယ၏ အမေရိကန်ထုတ် လုံခြုံရေး အသုံးအဆောင်ပစ္စည်းများကို ပိုမိုဝယ်ယူခြင်းနှင့် မျှတသော နှစ်နိုင်ငံကုန်သွယ်မှု၏ အရေးပါမှုများကို အလေးပေး ပြောကြားခဲ့သည်။

အိန္ဒိယက အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် မှန်ကန်ကြောင်း အတည်ပြုပြီးနောက် ပြည်နှင်ဒဏ်ပေးခံရသော အိန္ဒိယနိုင်ငံသားများကို လက်ခံသွားရန် အဆင်သင့်ဖြစ်နေကြောင်းလည်း ပြောကြားခဲ့သည်။

အိန္ဒိယအစိုးရက တရားမဝင်ရွှေ့ပြောင်း နေထိုင်မှုများကို ဆန့်ကျင်ကြောင်းနှင့်အထူးသဖြင့် ယင်းနေထိုင်မှုများသည် စနစ်တကျ စီစဉ်ထားသော ရာဇဝတ်မှု ပုံစံအများအပြားနှင့် ဆက်နွှယ်နေကြောင်း ပြောကြားခဲ့ကာ အမေရိကန်က ၎င်း၏နိုင်ငံသားများကို ပြည်နှင်ဒဏ်ပေးမှုအား မကန့်ကွက်ကြောင်းပြော ကြားခဲ့သည်။

“အမေရိကန်မှမဟုတ်ပါဘူး။ ကမ္ဘာ့ရဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် အိန္ဒိယနိုင်ငံသားတွေ အတွက်တော့ သူတို့တွေက အိန္ဒိယနိုင်ငံသား စစ်မှန်ပြီး အခြားနိုင်ငံတွေမှာ တရားဝင်နေထိုင်ခွင့် ရရှိတာထက် ကျော်လွန်နေထိုင်တာမျိုး ဒါမှမဟုတ် လိုအပ်တဲ့ အထောက်အထားတွေမရှိဘဲ နေထိုင်နေတာမျိုးဆိုရင် နိုင်ငံထဲ ကို ပြန်ပို့ဖို့အတွက် ကျွန်တော်တို့ဘက်က လိုအပ်တဲ့ အထောက်အထားတွေကို စီစဉ်ပေးသွားမှာပါ။ အဲဒါမှသာ သူတို့တွေက အိန္ဒိယနိုင်ငံသား စစ်မှန်ကြောင်း အတည်ပြုပေးလို့ရမှာ ဖြစ်ပါတယ်”ဟု အိန္ဒိယပြည်ပရေးရာဝန် ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရန်ဟီရာဂျေ့စ်ဝဲလ်က လွန်ခဲ့သည့်လတွင် ပြောကြားခဲ့သည်။

ပြည်နှင်ဒဏ်ပေးရေး လေကြောင်းခရီးစဉ်များသည် တရားမဝင် ရွှေ့ပြောင်းဝင်ရောက်မှုကို ဟန့်တားနိုင်သည့် ထိရောက်မှုရှိသော နည်းလမ်းဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ယခုသီတင်း ပတ်အစောပိုင်းတွင် ပြောကြားခဲ့သည်။

ယင်းကဲ့သို့ သက်ဆိုင်ရာ နိုင်ငံများထံပြန်လည် ပို့ဆောင်ခြင်းသည် တရားမဝင် ရွှေ့ပြောင်းနေထိုင်ရန် စဉ်းစားနေသော အခြားသူများကို ဟန့်တားသည့် သတင်းစကားပေးပို့ရာလည်း ရောက်သည်ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၄ခုနှစ် အောက်တိုဘာလအတွင်း အိန္ဒိယသို့ ပြည်နှင်ဒဏ် ပေးခံရသူ အိန္ဒိယနိုင်ငံသား ၅၁၉ ဦးရှိကြောင်း အမေရိကန်အစိုးရ၏ အချက်အလက်များကို ကိုးကား၍ အိန္ဒိယ၏ အငယ် တန်းပြည်ပရေးရာဝန်ကြီး ကာတီဗာ့တ်ဟန်ဆင်းက အိန္ဒိယပါလီမန်တွင် ပြောကြားခဲ့သည်။

အမေရိကန်အစိုးရသည် ပြည်နှင်ဒဏ်ပေးပို့မှုများကို စီးပွားဖြစ်နှင့် စင်းလုံးငှားလေယာဉ်များဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။

Ref:Reuters

Most Read

Most Recent