ကျူးဘား၊ နီကာရာဂွါ၊ ဗင်နီဇွဲလားတို့ရှိ လက်ဝဲအစိုးရတို့က ရွှေ့ပြောင်းအကျပ်အတည်းကို ဖန်တီးနေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို ဝေဖန်

ကျူးဘား၊ နီကာရာဂွါ၊ ဗင်နီဇွဲလားတို့ရှိ လက်ဝဲအစိုးရတို့က ရွှေ့ပြောင်းအကျပ်အတည်းကို ဖန်တီးနေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို ဝေဖန်
ဖေဖော်ဝါရီ ၄ ရက်က San Jose မြို့၌ ကော်စတာရီကာသမ္မတနှင့် ပူးတွဲသတင်းစာရှင်းပွဲတွင် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို ပြောကြားနေပုံကိုတွေ့ရစဉ်(Photo: AFP)
ဖေဖော်ဝါရီ ၄ ရက်က San Jose မြို့၌ ကော်စတာရီကာသမ္မတနှင့် ပူးတွဲသတင်းစာရှင်းပွဲတွင် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို ပြောကြားနေပုံကိုတွေ့ရစဉ်(Photo: AFP)
Published 6 February 2025

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ကျူးဘား၊ နီကာရာဂွါ၊ ဗင်နီဇွဲလားတို့ရှိ အာဏာရှင် လက်ဝဲယိမ်းအစိုးရတို့ကိုဝေဖန်လိုက်ပြီး ထိုအစိုးရတို့သည် လူသားတို့၏ရန်သူများဖြစ်နေကြပြီး ဒေသတွင်းရွှေ့ ပြောင်းအကျပ်အတည်းကို ဖြစ်စေသောအစိုးရများဖြစ်သည်ဟု ပြောကြားခဲ့သည်။

ရူဘီယိုသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၎င်း၏ပထမဆုံးပြည်ပခရီးအဖြစ် လက်တင်အမေရိကနိုင်ငံများသို့သွားသောခရီးစဉ်၏ တတိယခရီးစဉ်အတွင်း အထက်ပါအတိုင်း ဝေဖန်လိုက်ခြင်းဖြစ်သည်။ မာကိုရူဘီယို၏လက်တင်အမေရိကခရီးစဉ်သည် အမေရိကန်ပြည်ထောင်စုသို့ ရွှေ့ ပြောင်းများအရင်းခံသည့် ကိစ္စအား အဓိကဦးစားပေးသော ခရီးစဉ်ဖြစ်သည်။

“နီကာရာဂွါ၊ ဗင်နီဇွဲလား၊ ကျူးဘားနိုင်ငံတို့မှာ တည်ရှိနေတဲ့ အဲဒီအစိုးရသုံးရပ်ဟာ လူသားရဲ့ရန်သူတွေဖြစ်ပါတယ်။ သူတို့ကရွှေ့ပြောင်းအကျပ်အတည်းကို ဖန်တီးခဲ့တာပါ။ အဲဒီအစိုးရသုံးရပ်သာ မရှိခဲ့ရင်အနောက် ကမ္ဘာခြမ်းမှာရွှေ့ပြောင်းအကျပ်အတည်း ဖြစ်လာမှာမဟုတ်ပါဘူး”ဟု ကော်စတာရီကာ ကို ရောက်ရှိသည့်ခရီးစဉ်တွင် ရူဘီယိုက သတင်းထောက်များကို ပြောကြားခဲ့သည်။

“သူတို့ ရွှေ့ပြောင်းအကျပ်အတည်းကို ဖန်တီးခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတဲ့ အဲဒီနိုင်ငံတွေက အစိုးရစနစ်တွေဟာ အလုပ်မဖြစ်တာကြောင့်ဖြစ်ပါတယ်”ဟု ကျူးဘားရွှေ့ပြောင်းမိဘနှစ်ပါးကမွေးဖွားခဲ့သော ရူဘီယိုက စပိန်ဘာသာဖြင့် ပြောကြားခဲ့သည်။

၎င်းက နီကာရာဂွါကို ဦးတည်ဝေဖန်ခဲ့သည်။ တစ်ခါကပြောက်ကျားဖြစ်ခဲ့သော သမ္မတ ဒန်နီရယ်အော်တေဂါနှင့် ၎င်း၏ဇနီးရိုဆာရီယိုတို့ နိုင်ငံတော်အာဏာအားလုံးကို ထိန်းချုပ်ခွင့်ရရှိသွားသော ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြည့်စွက်ပြင်ဆင်ချက်ကို နီကာရာဂွါလွှတ်တော်က အတည်ပြုပေးခဲ့သည်။

“နီကာရာဂွါနဲ့ပတ်သက်လို့ပြောရမယ်ဆိုရင် နီကာရာဂွါဟာ ပူးတွဲသမ္မတရာထူးနဲ့အတူ မိသားစုနန်းဆက်အဖြစ် ပြောင်းလဲပစ်လိုက်တာဖြစ်ပါတယ်။ သူတို့က ကက်သလစ်ဂိုဏ်းကိုရော အခြားဘာသာရေးအသိုင်းအ ၀ိုင်းတွေကိုပါ အခြေခံကျကျ ရှင်းလင်းဖို့ကြိုးစားခဲ့ပါတယ်။ အစိုးရထံကနေ အာဏာရယူဖို့ ကြိုးစားသူမှန်သမျှဟာ အပြစ်ပေးခံရမှာဖြစ်ပါတယ်”ဟု ရူဘီယိုက ပြောကြားခဲ့သည်။

“အဲဒီစနစ်ကနေလွတ်ဖို့ ထွက်ပြေးနေကြတဲ့ နီကာရာဂွါ ပြည်သူထောင်ပေါင်းများစွာကို ကျွန်တော်တို့ မြင်ရပြီးပါပြီ။ နီကာရာဂွါကပုံစံအတိုင်းပဲ လူတွေဟာ ကျူးဘား၊ ဗင်နီဇွဲလားတို့ကနေထွက်ခွာကြတာဖြစ်ပါ တယ်”ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ရူဘီယို၏စကားကို ပထမဆုံးတုံ့ပြန်သူမှာ ကျူးဘားသမ္မတ မီဂွယ်ဒီးယက်ကနယ်ဖြစ်သည်။

“ရူဘီယိုရဲ့စကားတွေဟာ အမေရိကန်နိုင်ငံရေးသမားတွေရဲ့အရှက်ကင်းမဲ့မှု သက်သေပါပဲ။ အမေရိကန်က ကျူးဘားကို နှစ်ပေါင်းခြောက်ဆယ်ကျော် ကုန်သွယ်ရေးပိတ်ဆို့ထားတဲ့သူ့နိုင်ငံ(အမေရိကန်)ကို အပြစ် တင်ရမှာပါ”ဟု ကျူးဘားသမ္မတက X တွင် တုံ့ပြန်ခဲ့သည်။

“ကျူးဘားမှာဖြစ်ပေါ်နေတဲ့ ရွေ့ပြောင်းအလုံးအရင်းထွက်ခွာမှုဟာ ပိတ်ဆို့မှုကို တင်းကျပ်လိုက်တာနဲ့ အချိုးကျနေတယ်ဆိုတာကို သက်သေပြခဲ့ပြီးဖြစ်ပါတယ်။ အဲဒီပိတ်ဆို့မှုကြောင့် ကျွန်တော်တို့ ပြည်သူတွေရဲ့ အခြေခံကုန်စည်တွေ ချို့ငဲ့တာတွေဖြစ်လာပါတယ်”ဟု ၎င်းကဖော်ပြခဲ့သည်။

Ref: AFP

Most Read

Most Recent