တောင်ကိုရီးယားကာကွယ်ရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနများက ကွန်ပျူတာများတွင် DeepSeek အသုံးပြုမှုကို တားမြစ်ပိတ်ပင်လိုက်ကြောင်း ဖေဖော်ဝါရီ ၆ရက်တွင်ပြောကြားခဲ့သည်။
တောင်ကိုရီးယား၏ အချက်အလက်ကာကွယ်ရေးအာဏာပိုင်အဖွဲ့က တရုတ်၏ AI ဖြစ်သည့် DeepSeek ကုမ္ပဏီထံ အသုံးပြုသူအချက်အလက်များကို မည်ကဲ့သို့စီမံခန့်ခွဲကြောင်း ရှင်းလင်းတင်ပြပေးရန် တောင်းဆို ခဲ့ပြီးနောက် ယခုကဲ့သို့ အသုံးပြုမှုပိတ်ပင်လိုက်ခြင်းဖြစ်သည်။
DeepSeek ကုမ္ပဏီသည် လွန်ခဲ့သည့်လက R1 Chatbot ကိုမိတ်ဆက်ခဲ့ပြီး ယင်း အက်ပလီကေးရှင်းသည် Apple ၏ US App Store ပေါ်ရှိ အခမဲ့အသုံးပြုနိုင်သည့် အက်ပလီကေးရှင်းများထဲတွင် ChatGTPကိုကျော် လွန်ပြီး download ဆွဲမှုအများဆုံး အက်ပလီကေးရှင်းတစ်ခု ဖြစ်လာခဲ့သည်။
DeepSeek ၏ AI ဖြစ်သည့် Deepseek-V3 မော်ဒယ်ကို ဇန်နဝါရီ ၁၀ ရက်က ထွက်ပေါ်လာခြင်းဖြစ်ပြီး ဇန်နဝါရီ ၂၀ ရက်တွင် DeepSeek ၏ R1 မော်ဒယ်ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
ပြင်သစ်နှင့် အီတလီကဲ့သို့နိုင်ငံများနှင့်အတူ တောင်ကိုရီးယားသည် DeepSeek ၏ အချက်အလက် လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍ မေးခွန်းများပေးပို့ခဲ့ပြီး ကုမ္ပဏီအနေဖြင့် အသုံးပြုသူများ၏အချက်အလက် ကို မည်သို့ကိုင်တွယ်စီမံဆောင်ရွက်ကြောင်း ဖြေကြားပေးရန် စာဖြင့်ရေးသားပေးပို့ခဲ့သည်။
တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ၎င်းတို့သည် အင်တာနက်နှင့်ချိတ်ဆက်ထားသည့် စစ်ဘက်သုံးကွန်ပျူတာများတွင် DeepSeek အသုံးပြုမှုကိုပိတ်ပင်ကြောင်း ဖေဖော်ဝါရီ ၆ ရက်တွင်ထုတ်ပြန်ခဲ့ ပြီး ကုန်သွယ်ရေးဝန်ကြီးဌာနကလည်းအေဂျင်စီအတွင်းရှိ ကွန်ပျူတာများအားလုံးတွင် DeepSeek အသုံးပြုမှုကို ယာယီကန့်သတ်ပိတ်ပင်ကြောင်း ပြောကြားခဲ့သည်။
“အထူးသဖြင့်တော့ အင်တာနက်နဲ့ချိတ်ဆက်ထားတဲ့ စစ်ဘက်သုံးလုပ်ငန်းနှင့်ဆက်နွှယ်နေတဲ့ ကွန်ပျူတာတွေမှာ DeepSeek အသုံးပြုမှုကို ပိတ်ပင်တဲ့စီမံချက်တွေကိုအ ကောင်အထည်ဖော်ခဲ့ပါတယ်”ဟုဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီသတင်းကို ပြောပြခဲ့သည်။
ကုန်သွယ်ရေးဝန်ကြီးဌာနကလည်း DeepSeek သည် အချက်အလက် ကာကွယ်ရေး အာဏာပိုင်အဖွဲ့၏ တောင်းဆိုမှုများကို ပြန်လည်တုံ့ပြန်ဖြေကြားခြင်းမရှိကြောင်း ပြောပြခဲ့သည်။
“ပုဂ္ဂိုလ်ရေးသတင်းအချက်အလက် ကာကွယ်ရေးကော်မရှင်ရဲ့စုံစမ်းမှုကို DeepSeek က မတုံ့ပြန်လာတဲ့အတွက် ကျွန်တော်တို့အနေနဲ့ DeepSeek အသုံးပြုမှုကိုယာယီ ပိတ်ပင်လိုက်ပါတယ်”ဟု ကုန်သွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကအေအက်ဖ်ပီ သတင်းကိုပြောပြခဲ့သည်။လွန်ခဲ့သည့် သီတင်းပတ်ကလည်းအီတလီသည် DeepSeek ၏ R1 မော်ဒယ်နှင့်ပတ်သက်၍ စုံစမ်း စစ်ဆေးမှုပြုလုပ်ခဲ့ပြီးနောက် အသုံးပြုမှုကိုပိတ်ပင်ခဲ့သည်။သြစတြေးလျကလည်း လုံခြုံရေးအေဂျင်စီများ၏ အကြံပေးချက်အရ အစိုးရပိုင်းစက်ပစ္စည်းများတွင် DeepSeek အသုံးပြုမှုကို တားမြစ်ပိတ်ပင်ခဲ့သည်။
ထိုင်ဝမ်တွင် အစိုးရအေဂျင်စီများနှင့် အဓိကအခြေခံအဆောက်အအုံကဏ္ဍများမှ ဝန်ထမ်းများကို DeepSeek AI အသုံးပြုမှုတားမြစ်ပိတ်ပင် လိုက်ကြောင်းအစောပိုင်းက ထုတ်ပြန်ခဲ့သည်။
ထိုင်ဝမ်ဒစ်ဂျစ်တယ်ရေးရာဝန်ကြီးဌာန၏ ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ချက်အရ အစိုးရအေဂျင်စီများနှင့် အရေးပါသောအခြေခံအဆောက်အအုံများတွင်DeepSeek အသုံးမပြုသင့်ကြောင်းနှင့် DeepSeek သည် အမျိုးသားသတင်းအချက်အလက် လုံခြုံရေးအတွက် အန္တရာယ်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။
Ref: AFP















