ဂါဇာပြည်သူများကို အခြားနေရာသို့ အတင်းအကျပ်ပို့ဆောင်ခြင်းအား နိုင်ငံတကာဥပဒေက တင်းကျပ်စွာ တားမြစ်ထားသည်ဟု ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲ ပြောကြား

ဂါဇာပြည်သူများကို အခြားနေရာသို့ အတင်းအကျပ်ပို့ဆောင်ခြင်းအား နိုင်ငံတကာဥပဒေက တင်းကျပ်စွာ တားမြစ်ထားသည်ဟု ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲ ပြောကြား
Published 6 February 2025
Ref:AFP

အမေရိကန်ပြည်ထောင်စုက ဂါဇာကို လွှဲယူပြီး ဂါဇာပြည်သူများကို ပြန်လည်နေရာချထားရေးအတွက် သမ္မတဒေါ်နယ်ထရန့်၏အံ့အားသင့်ဖွယ် အဆိုပြုချက် ထွက်ပေါ်ခဲ့ပြီးနောက် သိမ်းပိုက်ခံထားရသော ဂါဇာမှပြည်သူများကို အခြားတစ်နေရာသို့ ပို့ဆောင်ခြင်းအား တင်းကျပ်စွာ တားမြစ်ထားသည်ဟု ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲ ဗောလ်ဂါတက်က ဖေဖော်ဝါရီ ၅ ရက်တွင် ထုတ်ဖော်ပြောကြားသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် အစ္စရေးကို ဟားမာ့စ်၏ဝင်ရောက်တိုက်ခိုက်မှုကြောင့် ဖြစ်ပွားသည့် ၁၅ လကြာ စစ်ပွဲတွင် ဂါဇာကမ်းမြောင်၏နေရာအများအပြားသည် ကြီးမားသော ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

ဂါဇာပြည်သူ နှစ်သန်းကျော်ကို မည်သို့ ရွှေ့ပြောင်းမည် သို့မဟုတ် ဂါဇာကို မည်သို့ထိန်းချုပ်မည် ဆိုသည်နှင့်စပ်လျဉ်း၍  အသေးစိတ်များ မပါသော အဆိုပြုချက်တွင် ထရန့်က ၎င်းသည် မပေါက်ကွဲသေးသော‌ဗုံးများနှင့်အပျက်အစီးများကိုဖယ်ရှားခြင်းနှင့်စီးပွားရေပိုင်းတွင် တွက်ချေကိုက်အောင်ဆောင်ရွက်ကာ ဂါဇာကို ပြန်လည်တည်ဆောက်ခြင်းအား မယုံနိုင်စရာဖြစ်အောင်ဆောင်ရွက်ပေးမည်ဟု ပြောကြားခဲ့သည်။

“နိုင်ငံတကာ လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေနဲ့နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတို့ကို ပြည့်ပြည့်ဝ၀ လေးစားခြင်းနဲ့အတူ ဂါဇာစစ်ပွဲပြီးဆုံးဖို့၊ ဂါဇာကို ပြန်လည်တည်ဆောက်ဖို့ ဓားစာခံအားလုံးနဲ့အတင်းအကျပ်ထိန်းသိမ်းခံထားရတဲ့အကျဉ်းသားအားလုံး လွတ်မြောက်ဖို့ အပစ်အခတ်ရပ်စဲရေးရဲ့နောက်တစ်ဆင့်ကို ကျွန်တော်တို့သွားကြရမယ်ဆိုတာ အရေးကြီးပါတယ်” ဟု ဗောလ်ကာတက်က ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

“သိမ်းပိုက်ခံထားရတဲ့ ပါလက်စတိုင်းနယ်‌မြေတွေကပြည်သူတွေရဲ့ဒုက္ခနဲ့အစ္စရေးပြည်သူတွေရဲ့ဒုက္ခဟာ ဆိုးရွားလွန်းပါတယ်။ပါလက်စတိုင်းပြည်သူတွေနဲ့အစ္စရေးပြည်သူတွေဟာပြည့်ဝတဲ့ဂုဏ်သိက္ခာနဲ့တန်းတူရည်တူရှိမှုကို အခြေခံပြီး ငြိမ်းချမ်းရေးနဲ့လုံခြုံမှုတို့ လိုအပ်နေပါတယ်” ဟု ၎င်းက ဖော်ပြခဲ့သည်။

လူ့အခွင့်အရေးအတွက် ကုလသမဂ္ဂမဟာမင်းကြီး တက်က နိုင်ငံတကာ ဥပ‌ဒေသည် အလွန် ရှင်းလင်းသည်ဟု ဖော်ပြထားသည်။

“နိုင်ငံတကာခုံရုံးက မကြာသေးမီက ထပ်လောင်းအလေးပေး ဖော်ပြထားတာကြောင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ဟာ နိုင်ငံတကာဥ‌ပဒေရဲ့အခြေခံကျတဲ့သဘောတရားဖြစ်ပြီးတော့ နိုင်ငံအားလုံးက အကာအကွယ်ပေးထားရမှာဖြစ်ပါတယ်” ဟု ဆက်လက်ဖော်ပြထားသည်။

“သိမ်းပိုက်ခံထားရတဲ့ နယ်မြေတွေက ပြည်သူတွေကို အတင်းအကျပ်လွှဲပြောင်းတာ ဒါမှမဟုတ် အတင်းအကျပ် ပို့တာကို တင်းကျပ်စွာ တားမြစ်ထားပါတယ်” ဟု တက်က ဖော်ပြခဲ့သည်။

ဂါဇာကမ်းမြောင်ကို လွှဲယူပြီး ဂါဇာပြည်သူများကို ပြန်လည် နေရာချထားပေးမည့်ထရန့်၏အယူအဆသည် ဖေဖော်ဝါရီ ၅ ရက်တွင် ပါလက်စတိုင်းသားများ၊အရှေ့အလယ်ပိုင်းခေါင်းဆောင်များ၊ အခြားနေရာများရှိ အစိုးရများထံမှ ပယ်ချမှုကို အကြီးအကျယ် ရင်ဆိုင်နေရသည်။

Most Read

Most Recent