မုံရွာ-မန္တလေးကားလမ်း ညောင်ပင်ဇင်ကျေးရွာအနီးတွင် မော်တော်ယာဉ် အရှိန်လွန်ကာ ရေကျော်တံတားအောက် ထိုးကျတိမ်းမှောက်မှု ဖေဖော်ဝါရီ ၅ ရက် နံနက် ၇ နာရီကျော်ခန့်က ဖြစ်ပွားပြီး ယာဉ်ပေါ်ပါ ခရီးသည် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည် ။
ဖြစ်စဉ်မှာ မန္တလေးမှမုံရွာသို့ မောင်းနှင်လာသော Honda Fit အမျိုးအစား ခဲရောင် ( ချင်းတွင်းမန်းအသင်း ) ခရီးသည်တင် ယာဉ် သည် ယာဘက်ယာဉ်ကြောမှ အရှေ့ ယာဉ်အား အရှိန်ဖြင့် ကျော်တက်စဉ် လမ်းကျဉ်းဖြစ်နေ၍ အရှိန်မထိန်းနိုင်ပဲ ရေကျော်တံတား ၃ တိုင်အား ဝင်ရောက်တိုက်မိကာ ရေကျော်တံတားအောက်သို့ ထိုးကျ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းခရိုင် မီးသတ်တပ်ဖွဲ့ ကြေးနန်းအရ သိရှိရသည် ။
အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာသို့ စစ်ကိုင်းခရိုင် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး 191 ယာဉ်တစ်စီး ၊ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင် ၈ ဦး ၊ မြို့နယ် မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် တစ်စီးနှင့် တပ်ဖွဲ့ဝင် ၁၀ ဦး ၊ အိုးဘို လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင် ၇ ဦး ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ သွားရောက်ကာ ကူညီကယ်ဆယ်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည် ။
အဆိုပါ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် ယာဉ်မောင်းဖြစ်သူမှာ သတိလစ်နေဆဲဖြစ်ကာ စိုးရိမ်ရ ပြီး အသက် ၅၄နှစ်အရွယ် ခရီးသည်အမျိုးသမီးတစ်ဦးမှာ နှာဖူးပေါက်ပြဲ ဒဏ်ရာ ၊ ဝဲပါး ပွန်းပဲ့ဒဏ်ရာ ၊ ဦးခေါင်းညပ်ဒဏ်ရာများဖြင့် အခင်းဖြစ် နေရာတွင် သေဆုံးခဲ့ပြီး အိုးဘိုလူမှုကူညီရေးအသင်းမှ စစ်ကိုင်း ကုတင် ၂၀၀ ဆံ့ ဆေးရုံသို့ ပို့ဆောင်ခဲ့ ကြောင်း သိရှိရသည် ။
ယင်းသို့ ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ ဆက်လက် အရေးယူဆောင်ရွက်နိုင်ရန် ပြုလုပ်လျက်ရှိကြောင်း မီးသတ်ကြေးနန်းတွင် ဖော်ပြထားသည် ။















