စစ်ကိုင်းမြို့ ဧရာဝတီတံတား ရတနာပုံပေါ်တွင် အိမ်စီးကားတစ်စင်း ဖေဖော်ဝါရီ ၄ ရက် ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မိုးညှင်းမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော Toyota Kluger အမျိုးအစား အနက်ရောင် ယာဉ်မှာ တံတား ချဉ်ကပ်လမ်းပေါ်အရောက်တွင် မော်တော်ဆိုင်ကယ်တစ်စီးအား ရုတ်တရက်တွေ့ရ၍ ဘရိတ်နင်းရာမှ စလစ်ဖြစ်ကာ ကားမှာ တပတ်လည်သွားပြီး တံတားဘောင်အား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည် ။ ယင်းသို့ တိုက်မိခဲ့ပြီးနောက် ကားအင်ဂျင်အတွင်းခန်း၊ လေကာမှန်နှင့် ဘောနက်ဖုံးများမှာ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းခရိုင်မီးသတ်ဌာန မှတ်တမ်းများအရ သိရှိရသည် ။
အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပွားရာသို့ စစ်ကိုင်း ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်ယာဉ် တစ်စီး ၊ တပ်ဖွဲ့ဝင် ၇ ဦး ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်ယာဉ်တစ်စီး ၊ ရေသယ်ယာဉ် တစ်စီး နှင့် တပ်ဖွဲ့ဝင် ၁၀ ဦး ၊ စိန်ကုန်းအရန်မီးသတ်တပ်ဖွဲ့မှ ရေသယ်ယာဉ်တစ်စီးနှင့် အရံမီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦး ၊ ထုံးဘိုအရံမီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်တစ်စီးနှင့် တပ်ဖွဲ့ဝင် ၅ ဦး ၊ ရွှေ ကြက်ယက်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် တစ်စီးနှင့် တပ်ဖွဲ့ဝင် ၁၀ ဦး တို့မှ သွားရောက်ငြှိမ်းသတ်ဆောင်ရွက်ခဲ့ရာ ည ၇ နာရီခန့်တွင် ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည် ။
အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ ယာဉ်မောင်းဖြစ်သူ အောင်ဖြိုးမင်း (၄၃)နှစ် ၊ ရွှေလုပ်ငန်းလုပ်ကိုင်သူအား အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။















