ကြီးမားသော ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပြီးနောက် မြောက်ကိုရီးယားစစ်သားများကို ရုပ်သိမ်းသွားခဲ့သည်ဟု ယူကရိန်းက ပြောကြားခဲ့ပြီးနောက် ကာ့စ်ရှေ့တန်းစစ်မျက်နှာတွင် ရုရှားစစ်တပ်နှင့်အတူ ယခင်ကတိုက်ခိုက်ခဲ့ သော မြောက်ကိုရီးယားစစ်သားများသည် ဇန်နဝါရီလအလယ်ကတည်းက ပါဝင်တိုက်ခိုက်သည့်ပုံမရှိတော့ဟု ဖေဖော်ဝါရီ ၄ ရက်တွင် တောင်ကိုရီးယားထောက်လှမ်းရေးအေဂျင်စီက ပြောကြားခဲ့သည်။
“ဇန်နဝါရီလလယ်ကတည်းက ရုရှားရဲ့ကာ့စ်ဒေသမှာ ဖြန့်ကြက်ထားတဲ့ မြောက်ကိုရီးယားစစ်သားတွေဟာ စစ်ပွဲမှာ တိုက်ခိုက်တာမရှိပါဘူး”ဟု တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးအေဂျင်စီက ပြောကြား ခဲ့သည်။
“စစ်ပွဲမှာ ပါဝင်တိုက်ခိုက်တာမျိုးမရှိတော့တဲ့ အကြောင်းပြချက်တစ်ခုကတော့ ထိခိုက်ဆုံးရှုံးမှု အများအပြားဖြစ်ပေါ်လာတာကြောင့် ဖြစ်နိုင်တယ်ဆိုပေမဲ့လည်း တိကျတဲ့ အသေးစိတ်တွေကို စောင့်ကြည့်နေဆဲပါ”ဟု တောင်ကိုရီးယားအမျိုးသားထောက်လှမ်းရေး အေဂျင်စီက ပြောကြားခဲ့သည်။
ရုရှား၏ ကာ့စ်ဒေသ ရှေ့တန်းစစ်မျက်နှာမှ မြောက်ကိုရီးယားစစ်သားများ ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု ယူကရိန်းက ယူဆထားကြောင်း ယူကရိန်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။
ရုရှားစစ်တပ်နှင့်အတူ ပူးပေါင်းတိုက်ခိုက်နေသည့် မြောက်ကိုရီးယားစစ်သားများသည် အကျအဆုံးများပြားခဲ့ပြီးနောက် ပြန်လည်ဆုတ်ခွာသွားခဲ့ခြင်းဖြစ်သည်ဟု ယူကရိန်းစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။
အနောက်နိုင်ငံများ၊ တောင်ကိုရီးယားနှင့် ယူကရိန်း ထောက်လှမ်းရေးအေဂျင်စီတို့ကမူ မြောက်ကိုရီးယားသည် ကာ့စ်ဒေသတွင် ရုရှားတပ်ဖွဲ့များနှင့်အတူယူကရိန်းစစ်သားများကို တိုက်ခိုက်ရန် စစ်သား ၁၀,၀၀၀ ကျော် စေလွှတ်ထားသည်ဟု ပြောကြားထားသည်။
ရုရှားသို့ မြောက်ကိုရီးယားစစ်သားများစေလွှတ်ထားသည်ဆိုခြင်းကို ရုရှားနှင့်မြောက်ကိုရီးယားတို့က တရားဝင်အတည်ပြုထားခြင်းမရှိသော်လည်း နှစ်နိုင်ငံစလုံးက သဘောတူစာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ထိုသဘောတူညီချက်တွင် အပြန်အလှန်ကာကွယ်ရေးကိစ္စများ ဆောင်ရွက်ရန်အချက်လည်း ပါဝင်နေသည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်က လွန်ခဲ့သောနှစ်တွင် မြောက်ကို ရီးယားနိုင်ငံကို ရှားရှားပါးပါးခရီးစဉ်အဖြစ် သွားရောက်ခဲ့ပြီးနောက် ရုရှားနှင့် မြောက်ကိုရီးယားတို့ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
ယူကရိန်းက ကာ့စ်စစ်ဆင်ရေးအတွင်း နယ်စပ်ဒေသရှိ နယ်မြေအချို့ကို သိမ်းပိုက်ထားရာ ၎င်းသည် ဒုတိယကမ္ဘာစစ်နောက် ပိုင်းရုရှား၏ နယ်နိမိတ်အတွင်းသို့ ပြည်ပစစ်တပ်တစ်ခု ပထမဆုံးအကြိမ် ဝင်ရောက် တိုက်ခိုက်မှုဖြစ်ပြီး ယင်းသည် ရုရှားအတွက် အကျပ်ရိုက်စရာကောင်းသော အနှောင့်အယှက်ဖြစ်သည်။
ယူကရိန်းတပ်ဖွဲ့များက ကာ့စ်ဒေသကိုဝင်ရောက်မှု ခြောက်လနီးပါးကြာမြင့်လာချိန်အထိ ရုရှားနယ်မြေများကို ထိန်းချုပ်ထားရာ ထိုနယ်မြေထိန်းချုပ်မှုသည်နောင်တွင် ရုရှားနှင့်ဆွေးနွေးသည့်အခါ ယူကရိန်းကို အသာ ရစေနိုင်သည်။
Ref: AFP















