ရေးမြို့မရဲစခန်းတွင် အချုပ်သားများက ရဲတပ်ဖွဲ့ဝင်များထံမှ သေနတ်လုယူကာ ပစ် ခတ်ထွက်ပြေးသွားသည့်အတွက်ကြောင့် ဒုတိယရဲအုပ်အပါအဝင် ရဲတပ်ဖွဲ့ဝင်သုံးဦး သေ ဆုံးကာ ရဲစခန်းမှူး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ဖေဖော်ဝါရီ ၁ ရက် နံနက် ၉ နာရီခန့်က ဒုတိယရဲအုပ်နိုင်လွင်ဦး ဦးစီးသည့် ရဲတပ်ဖွဲ့ ဝင်များက ရေးမြို့မရဲစခန်းရှိ အချုပ်ခန်းတွင် ချုပ်နှောင်ခံထားရသည့် အချုပ်သားများထံသို့ ထမင်းပုံးပေးအပ်စဉ် အချုပ်ခန်းအတွင်းမှ အချုပ်သားများက ဒုတိယရဲအုပ် နိုင်လွင်ဦး၊ ရဲတပ်ကြပ်မြင့်ထွန်း၊ ရဲတပ်သား ကျော်စွာထက် တို့ ထံမှ လက်နက်များအား လုယူခဲ့ပြီးနောက် အချုပ်သားလေးဦးမှာ ရဲစခန်းအတွင်းမှ ထွက် ပြေးလွတ်မြောက်သွားခဲ့ခြင်းဖြစ်သည်။
အချုပ်သားများက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒုတိယရဲအုပ် နိုင်လွင်ဦး၊ ရဲတပ်ကြပ် မြင့်ထွန်း၊ ရဲတပ်သား ကျော်စွာထက်တို့ သုံး ဦးမှာ အချုပ်ခန်းအတွင်းမှာပင် သေဆုံးခဲ့ကြ သည်ဟုသိရကြောင်းနှင့် မြို့မရဲစခန်းမှူး ဒုတိယ ရဲမှူး မြင့်ဦးမှာလည်း ညာဘက်ရင်အုံတွင် ကျည် ဖောက်ဝင်ဒဏ်ရာရရှိခဲ့ပြီး ရေးခရိုင်ပြည်သူ့ ဆေးရုံ၌ ဆေးကုသမှုခံယူနေရဆဲဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြော ကြားသည်။
၎င်းက ဆက်လက်ပြီး “သေနတ်လုပြီး ပစ်ခတ်ထွက်ပြေးသွားတဲ့ အချုပ်သားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအကြား ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီးတော့ မနက် ၁၁ နာရီခွဲလောက် မှာ အချုပ်သားသုံးဦးကတော့ လက်နက်ချအ ညံ့ခံခဲ့ပေမဲ့ အချုပ်သားတစ်ဦးကတော့ ထွက် ပြေးလွတ်မြောက်သွားပါတယ်” ဟု ဆိုသည်။
ထွက်ပြေးလွတ်မြောက်သွားသည့် အ ချုပ်သားအား ပြန်လည်ဖမ်းဆီးရမိနိုင်ရေးအ တွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ ရှာဖွေ မှုများ လုပ်ဆောင်လျက်ရှိကြောင်းလည်း ၎င်း က ဆက်လက်ပြောကြားသည်။
ဖေဖော်ဝါရီ ၁ ရက် နံနက် ၉ နာရီခန့်မှ စတင်ကာ ရေးမြို့မရဲစခန်း အနီးဝန်းကျင်တွင် ပစ်ခတ်သံများကြားခဲ့ရကြောင်းနှင့် နံနက် ၁၁ နာရီဝန်းကျင်အထိ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ ကြောင်း ရေးမြို့ခံများ၏ ပြောကြားချက်အရ သိရသည်။
ရေးမြို့မရဲစခန်းတွင် ချုပ်နှောင်ထား သည့် အချုပ်သားများက ရဲတပ်ဖွဲ့ဝင်များထံမှ သေနတ်များလုယူကာ ပစ်ခတ်ထွက်ပြေးသွား ကသည့်အတွက်ကြောင့် ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရကြောင်း ရေးမြို့ခံ တစ်ဦးက ပြောကြားသည်။
၎င်းက ဆက်လက်ပြီး “ပစ်ခတ်မှုတွေစ ဖြစ်တဲ့အချိန်ကစလို့ ရဲစခန်းဝန်းကျင်မှာရှိတဲ့ လမ်းတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပိတ် ဆို့ထားတဲ့အပြင် ရေး-ထားဝယ် ပြည်ထောင် စုလမ်းမကြီးကိုလည်း ပိတ်ဆို့ထားပြီးတော့ လုံခြုံရေးတင်းကျပ်ထားပါတယ်။ ပစ်ခတ်မှု တွေငြိမ်သွားပြီး မနက် ၁၁ နာရီခွဲလောက်မှာမှ လမ်းတွေကို ပြန်ဖွင့်ပေးလိုက်တာပါ” ဟု ပြောကြားသည်။
နောက်ဆက်တွဲသတင်းများအရ ရေးမြို့ မရဲစခန်းမှ ထွက်ပြေးလွတ်မြောက်ခဲ့သည့် အချုပ်သားတစ်ဦးမှာ ရေးဘီလူးအဖွဲ့ထံသို့ ရောက်ရှိနေပြီဖြစ်ကြောင်းလည်း ၎င်းတို့အသုံးပြုသည့် လူမှုကွန်ရက်စာမျက်နှာတွင် ဖော် ပြထားချက်အရ သိရသည်။
မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ စစ်စ ခန်းများ၊ ရဲစခန်းများ၊ ဌာနဆိုင်ရာအဆောက် အအုံများ မကြာခဏ ပစ်ခတ်တိုက်ခိုက်ခံနေရ သည့်အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံများမှာလည်း မကြာခဏပစ်ခတ်သတ် ဖြတ်ခံနေရကြောင်း ဒေသခံများ၏ ပြောကြား ချက်အရ သိရသည်။
ထိုအခြေအနေများကြောင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် လုံခြုံရေး၊ တ ရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာ ယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင် ရန်အလို့ငှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးအား အရှေ့တောင်တိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်သည့် မွန်ပြည်နယ် ရေးမြို့နယ်အ တွင်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး ( Martial Law ) အာဏာကို ကျင့်သုံးရန် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းလိုက်ကြောင်း ၂၀၂၃ ခုနှစ် ဖေ ဖော်ဝါရီ ၂ ရက်က ထုတ်ပြန်ခဲ့ကြောင်း သိရ သည်။
ဘိုဘိုမြင့်















