ဘီးလင်းမြို့နယ် ရင်းအုံကျေးရွာ နှင့် ကျားကွင်းကျေးရွာကြား၊ ဘီးလင်း - နတ်ကြီး - ဖာပွန် ကားလမ်းပေါ်ရှိ ချောင်းကူးတံတားတစ်စင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရ

ဘီးလင်းမြို့နယ် ရင်းအုံကျေးရွာ နှင့် ကျားကွင်းကျေးရွာကြား၊ ဘီးလင်း - နတ်ကြီး - ဖာပွန် ကားလမ်းပေါ်ရှိ ချောင်းကူးတံတားတစ်စင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရ
Published 2 February 2025

ဘီးလင်းမြို့နယ် ရင်းအုံကျေးရွာ နှင့် ကျားကွင်းကျေးရွာကြား၊ ဘီးလင်း - နတ်ကြီး - ဖာပွန် ကားလမ်းပေါ်ရှိ ချောင်းကူးတံတားတစ်စင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရ

 

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရင်းအုံကျေးရွာ နှင့် ကျားကွင်းကျေးရွာကြား ဘီးလင်း - နတ်ကြီး - ဖာပွန် ကားလမ်းပေါ်ရှိ ချောင်းကူးတံတားတစ်စင်းမှာ ဇန်နဝါရီ ၃၁  ရက် နံနက်အစောပိုင်း က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

အဆိုပါ ဘီးလင်း - နတ်ကြီး - ဖာပွန်ကားလမ်း မိုင်တိုင်အမှတ် (၁/၁၀) နှင့် (၂/၁၀) ကြား ရင်းအုံကျေးရွာ နှင့် ကျားကွင်းကျေးရွာကြားတွင်တည်ရှိသည့် ပေ (၃၀) ကျော် အရှည်ရှိသော  ချောင်းကူးတံတားအမှတ် (၁/၁၁) အား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရလို့ တံတားရဲ့ ကြမ်းခင်းရော လက်ရန်းတွေပါ ပြိုကျပျက်ဆီးကုန်တယ်။ လက်ရှိမှာ ကားရော၊ ဆိုင်ကယ်ပါ တံတားပေါ်ကနေ သွားလာလို့မရတော့ဘူး ဟု ပြောကြားသည်။

ဘီးလင်းမြို့နယ် မဲပလီကျေးရွာဘက်တွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည့်အတွက်ကြောင့် တပ်မတော်ဘက်မှ စစ်ကူများမလာနိုင်အောင် ယင်းတံတားအမှတ် (၁/၁၁) အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ဖြစ်သည်ဟု ယူဆရကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။

အဆိုပါ တံတားအမှတ် (၁/၁၁) မှာ ဘီးလင်း - နတ်ကြီး - ဖာပွန် ကားလမ်းပေါ်တွင် အရေးပါသည့် တံတားတစ်စင်းဖြစ်ကြောင်း နှင့် တံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံသည့်အတွက်ကြောင့် နတ်ကြီး၊ လောင်စောလော့၊ ပြင်သာ၊ မဲလံ နှင့် ရွှေလောင်းအင်း အပါအဝင် ကျေးရွာပေါင်း (၂၀) ကျော်မှ ဒေသခံပြည်သူများအနဖြင့် ဘီးလင်းမြို့ဘက်သို့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးကိစ္စများဖြင့် သွားရေးလာရေးအတွက် အခက်အခဲများဖြစ်ပေါ်နေကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ပြီးခဲ့သည့် (၂၀၂၄) ခုနှစ် မတ်လ (၆) ရက်နေ့က ဘီးလင်းမြို့နယ် ပျဉ်သာကျေးရွာအနီး ဘီးလင်း - နတ်ကြီး - ဖာပွန်ကားလမ်းပေါ်ရှိ ပျဉ်သားတံတားသည်လည်းကောင်း၊ မေလ (၆) ရက်နေ့ကလည်း ကညင်ပင်တံတားသည်လည်းကောင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသေးကြောင်း ဒေသခံများထံမှ သိရသည်။

ဘိုဘိုမြင့်

Photo Credit - CJ

Most Read

Most Recent