မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေး စီမံကိန်း အပါအဝင် ဖွံံ့ဖြိုးရေးစီမံကိန်း သုံးခုအတွက် မြန်မာနှင့် အိန္ဒိယ နိုင်ငံအကြား ပံ့ပိုးကူညီမှုဆိုင်ရာ နားလည်မှု စာချွန်လွှာ ရေးထိုး

မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေး စီမံကိန်း အပါအဝင် ဖွံံ့ဖြိုးရေးစီမံကိန်း သုံးခုအတွက် မြန်မာနှင့် အိန္ဒိယ နိုင်ငံအကြား ပံ့ပိုးကူညီမှုဆိုင်ရာ နားလည်မှု စာချွန်လွှာ ရေးထိုး
Published 21 January 2025

မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးတွင် အထောက်အကူပေးရေးအပါအဝင် ဖွံံ့ဖြိုးရေးစီမံကိန်းသုံးခုအတွက် မြန်မာနှင့် အိန္ဒိယ နိုင်ငံအကြား ပံ့ပိုးကူညီမှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ယနေ့(ဇန်နဝါရီ ၂၁ ရက်)၌ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါလက်မှတ်ရေးထိုးပွဲကို နေပြည်တော်တွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနညွှန်ကြားရေးမှူးချုပ်ဒေါက်တာစန်းစန်းအေးနှင့်အိန္ဒိယနိုင်ငံဘက်မှ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံရုံးဒုတိယအကြီးအကဲ Shri Ashish Sharma တို့က ပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

မြန်မာနှင့် အိန္ဒိယ နိုင်ငံအကြား အိန္ဒိယအစိုးရ၏ အသေးစား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအသစ်သုံးခုအတွက် ပံ့ပိုးကူညီမှုဆိုင်ရာနားလည်မှု စာချွန်လွှာကို ရေးထိုးခြင်းသည် လူမှုအခြေပြု အခြေခံအဆောက်အအုံများကိုအထူးအာရုံစိုက်မှုဖြင့် ကျွမ်းကျင်မှုဆိုင်ရာ ဆောင်ရွက်ချက်များဖြင့် ချိတ်ဆက်၍ ကျား၊မဆိုင်ရာ အသက်မွေးဝမ်းကျောင်းမှု မြှင့်တင်ရေး နှင့် လူ့အဖွဲ့အစည်းအတွင်း ခွဲခြားဆက်ဆံခြင်းခံရသောသူများ၏ကဏ္ဍများကိုပံ့ပိုးကူညီရန်ရည်ရွယ်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ဆိုသည်။

ယင်းစီမံကိန်းများထဲမှနှစ်ခုတွင် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းဒေသကြီး (၁၀) ခုရှိ Home Science School တွင် သက်မွေးဝမ်းကျောင်းသင်တန်းနှင့် စာသင်ခန်းဆိုင်ရာ အခြေခံအဆောက်အအုံများ ပံ့ပိုးပေးခြင်းတို့ ပါဝင်ပြီး စီမံကိန်းများသည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ ပုသိမ်၊ ရွာငံ၊ စစ်တွေ၊ ဟားခါး နှင့် ထားဝယ် စသည့်မြို့ကြီး (၁၁) မြို့ကို ဖြန့်ကျက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ တတိယစီမံကိန်းသည် ရန်ကုန်၊ မန္တလေး၊ ကချင်၊ ရှမ်းနှင့် ကရင်ပြည်နယ် အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး ငါးခုတွင် မူးယစ်ဆေးစွဲခဲ့ကြသူများ ပြန်လည် ထူထောင်ရေးအတွက် အသက်မွေးဝမ်းကြောင်းဆိုင်ရာသင်တန်းများ ဖွင့်လှစ်ခြင်းနှင့် သင်ကြားရေးအထောက်အကူများ ပေးအပ်ခြင်းတို့ကို အဓိကထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

  အသေးစား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ အကောင်အထည်ဖော်ရေး အတွက် အိန္ဒိယ ထောက်ပံ့ကူညီရေး နားလည်မှုစာချွန်လွှာမူဘောင်ကို ၂၀၁၀ ခုနှစ် ဇူလိုင်လ ၂၇ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၅ ခုနှစ် ဇူလိုင် ၂၈ ရက်နှင့် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၈ ရက်တွင် နှစ်ကြိမ် သက်တမ်းတိုးခဲ့ပြီး အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံတွင် အကျိုးသက်ရောက်မှုမြင့်မားသော ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများကို ပံ့ပိုးကူညီရန်  ကတိကဝတ်အပေါ်တွင် မမှိတ်မသုန်ရပ်တည်လျက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ထုတ်ပြန်သည်။

အသေးစားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း မူဘောင်အရ အိန္ဒိယနိုင်ငံအစိုးရသည် စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး အဆင့်မြှင့်တင်ရေး၊ ရခိုင်ပြည်နယ် စစ်တွေ ကွန်ပျူတာတက္ကသိုလ်သို့ ကွန်ပျူတာများ ထောက်ပံ့မှု နှင့် ရခိုင်ပြည်နယ်သို့ ထွန်စက်များနှင့် စပါးရိတ်သိမ်းစက်များ ထောက်ပံ့မှုအပါအဝင် အကျိုးသက်ရောက်မှုရှိသည့် စီမံကိန်းများအတွက်ပံ့ပိုးကူညီမှုများကို တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်းနှင့် ထိုသို့ကမကထပြုဆောင်ရွက်မှုများသည် မြန်မာနိုင်ငံရှိ အမျိုးသမီးများ၊ကလေးသူငယ်များနှင့် ခွဲခြားဆက်ဆံခြင်းခံရသောလူမှုအသိုက်အဝန်းများ၏ဖွံ့ဖြိုးတိုးတက် မှုကို ပံ့ပိုးကူညီရန်အတွက် ကျွန်ု စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုများဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးကဆိုသည်။

 

Most Read

Most Recent