ကျားဖြန့်လုပ်ငန်းများကို တိုက်ဖျက်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက အာဆီယံနိုင်ငံများကို ဇန်နဝါရီ ၁၆ ရက်က တိုက်တွန်းခဲ့သည်။
သက်ဆိုင်ရာနိုင်ငံများအနေဖြင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများနှင့် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို တိုက်ဖျက်ရာတွင် ကျရာတာဝန်များကို ပါဝင်ထမ်းဆောင်ကြရန်နှင့် ခိုင်မာသည့်စီမံချက်များ ချမှတ်လုပ်ဆောင်ရန် ဝမ်က တိုက်တွန်းခဲ့သည်။
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် အွန်လိုင်းလောင်းကစားလုပ်ငန်းများ၊ အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့်ပတ်သက်သည့် ဖြစ်ရပ်များသည် တရုတ်နှင့် အခြားနိုင်ငံများ၏ ပြည်သူများကို ထိခိုက်နစ်နာစေပြီး၊ ခြိမ်းခြောက်မှုများဖြစ်နေကြောင်း ဝမ်က ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
တရုတ်အနေဖြင့် တရားဥပဒေစိုးမိုးရေး၊ အာဆီယံနိုင်ငံများအားလုံး၏ ပြည်သူများ ဘေးကင်းလုံခြုံစွာခရီးသွားလာနိုင်ရေးတို့အတွက် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် ဆန္ဒရှိကြောင်း ဝမ်က ဒေသတွင်းသံတမန်များနှင့် ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ဝမ်၏ မှတ်ချက်စကားများအရ အရှေ့တောင်အာရှတွင် လူမှောင်ခိုကူးမှု၊ အွန်လိုင်းငွေလိမ်လုပ်ငန်းများ၏ မြင့်တက်လာသည့် ခြိမ်းခြောက်မှုတို့နှင့်ပတ်သက်ပြီး တရုတ်က အလွန်စိုးရိမ်နေကြောင်းကို ဖော်ပြရာ ရောက်နေကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။
ထို့ပြင် မြန်မာနှင့် ထိုင်းနိုင်ငံတို့ပါဝင်သည့် အာဆီယံအဖွဲ့သည် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို တိုက်ဖျက်ရန်အတွက် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် အရေးတကြီးလိုအပ်နေသည်ဟုလည်း ဝမ်၏ မှတ်ချက်စကားများက ဖော်ပြနေသည်။
COVID-19 ကပ်ရောဂါမတိုင်မီ အာဆီယံဒေသတွင်း နှစ်စဉ် ဒေါ်လာဘီလျံချီ သုံးစွဲခဲ့သည့် တရုတ်ခရီးသွားများသည် အာဆီယံနိုင်ငံများ၏ ကြီးမားသည့် ဝင်ငွေအရင်း အမြစ်တစ်ခုဖြစ်သည်။
သို့သော် တရုတ်၏ လူမှုမီဒီယာများတွင် တရုတ်ခရီးသွားများကို လူဆိုးဂိုဏ်းများက ဖမ်းဆီးနေသည့် သတင်းများပျံ့နှံ့နေသဖြင့် တရုတ်ခရီးသွားများသည် အာဆီယံနိုင်ငံများသို့ သွားရောက်ရန် စိုးရိမ်နေသည်။
မကြာသေးမီက နာမည်ကြီးသွားခဲ့သည့် ဖြစ်ရပ်တစ်ခုတွင် တရုတ်သရုပ်ဆောင်အမျိုးသားတစ်ဦးသည် ယခုလအစောပိုင်းက ထိုင်း-မြန်မာနယ်စပ်အနီးတွင် ပျောက်ဆုံးသွားခဲ့ပြီး ရက်ပိုင်းအကြာတွင် မြန်မာနိုင်ငံ၌ ပြန်လည်တွေ့ရှိခဲ့သည်။
ထိုင်းရဲတပ်ဖွဲ့ကမူ ထိုတရုတ်သရုပ်ဆောင်သည် လူမှောင်ခိုကူးခံရခြင်းဖြစ်နိုင်ကြောင်း ပြီးခဲ့သည့်သီတင်းပတ်က ပြောကြားခဲ့သည်။
အွန်လိုင်းငွေလိမ်ဂိုဏ်းများသည် တရုတ်နိုင်ငံသားများကို လစာငွေအများအပြားနှင့် ကောင်းမွန်သည့်နေရာထိုင်ခင်းပေးမည်ဟုဆိုကာ အလုပ်ကြော်ငြာစာများဖြင့် လိမ်ခေါ်ခဲ့ကြခြင်းဖြစ်သည်။ ထို့နောက် အလိမ်ခံခဲ့ရသူများကို မြဝတီကဲ့သို့ မြန်မာနိုင်ငံအတွင်းရှိ ကျားဖြန့်စင်တာများတွင် အတင်းအဓမ္မ အလုပ်စေခိုင်းခဲ့ခြင်းဖြစ်ကြောင်း တရုတ်၏ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ထိုင်းအာဏာပိုင်များကလည်း ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို ထိခိုက်စေသည့် ကျားဖြန့်လုပ်ငန်းများကို တိုက်ဖျက်ရန် တွန်းအားပေးလုပ်ဆောင်ရန် သဘောတူခဲ့ကြောင်း တရုတ်၏ စင်ဟွာသတင်းအေဂျင်စီကဖော်ပြ ခဲ့သည်။
ပြီးခဲ့သည့်နှစ်က ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ မြဝတီမြို့ရှိ ကျားဖြန့်စင်တာများတွင် ပိတ်မိခဲ့သည့် တရုတ်နိုင်ငံသား ၉၀၀ ခန့်ကို တရုတ်ထံ လွှဲပြောင်းအပ်နှံရန် ကူညီပေးခဲ့ပြီး ၂၀၁၃ ခုနှစ်တွင်မူ မြန်မာနိုင်ငံက ကျားဖြန့်လုပ်ငန်းသံသယရှိသူ ၃၁၀၀၀ ကို တရုတ်ထံ လွှဲပြောင်းအပ်နှံခဲ့သည်။















