သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန်အတွက် ရိုဒရီနှင့် ဟာလန်းကို ထိန်းသိမ်းပေးရန်နှင့် ဇူဘီမန်ဒီနှင့် မူဆီယာလာတို့ကို ခေါ်ယူပေးရန် ဂွါဒီယိုလာ တောင်းဆိုထား

သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန်အတွက် ရိုဒရီနှင့် ဟာလန်းကို ထိန်းသိမ်းပေးရန်နှင့် ဇူဘီမန်ဒီနှင့် မူဆီယာလာတို့ကို ခေါ်ယူပေးရန် ဂွါဒီယိုလာ တောင်းဆိုထား
Photo: AFP
Photo: AFP
Published 18 November 2024

မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် အသင်းနှင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန်အတွက် အဓိကကစားသမားနှစ်ဦးဖြစ်သော ရိုဒရီနှင့် ဟာလန်းတို့ကို ထိန်းသိမ်းပေးရန်နှင့် ဇူဘီမန်ဒီနှင့် မူဆီယာလာတို့ကို ခေါ်ယူပေးရန် တောင်းဆိုထားကြောင်း သိရသည်။

ဂွါဒီယိုလာ၏ လက်ရှိစာချုပ်မှာ လာမည့်နွေရာသီတွင် ကုန်ဆုံးမည်ဖြစ်ပြီး ၎င်းက အနာဂတ်အစီအစဉ်နှင့်ပတ်သက်၍ အတိအကျပြောကြားခြင်းမရှိသေးပေ။

၎င်းသည် ကလပ်အသင်းဘောလုံးလောကတွင် အောင်မြင်မှုများစွာ ရယူနိုင်ခဲ့ပြီးဖြစ်သောကြောင့် မန်စီးတီးအသင်းနှင့် လမ်းခွဲခဲ့ပါက လက်ရွေးစင်အသင်းတစ်သင်းကို ကိုင်တွယ်ဖွယ်ရှိကြောင်း ထင်ကြေးပေးမှုများလည်း ရှိခဲ့သည်။

အင်္ဂလန်လက်ရွေးစင်အသင်း သို့မဟုတ် ဘရာဇီးလ်လက်ရွေးစင်အသင်းကို ကိုင်တွယ်ဖွယ်ရှိကြောင်း သတင်းထွက်ခဲ့ဖူးပြီး လက်ရှိအချိန်အထိ ဘရာဇီးလ်နည်းပြ ဖြစ်လာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေဆဲဖြစ်သည်။

သို့သော် ယခုရက်ပိုင်းအတွင်းတွင်မူ မန်စီးတီးအသင်းနှင့် သက်တမ်းတိုးရန် မူအားဖြင့် သဘောတူညီမှုရရှိထားပြီဖြစ်ပြီး (၉၉%)အထိ သေချာနေပြီဖြစ်ကြောင်း စပိန်မီဒီယာအချို့က ဖော်ပြခဲ့သည်။

ထို့ပြင် ယင်းသို့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန်အတွက် ဂွါဒီယိုလာက မန်စီးတီးအသင်းထံ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်းလည်း ဖော်ပြခဲ့သည်။

ဂွါဒီယိုလာသည် အသင်း၏ အဓိကကစားသမားနှစ်ဦးဖြစ်သည့် စပိန်ကွင်းလယ်ကစားသမား ရိုဒရီနှင့် နော်ဝေတိုက်စစ်မှူး ဟာလန်းတို့ကို ရောင်းမထုတ်ဘဲ ဆက်လက်ထိန်းသိမ်းထားပေးရန်၊ အသင်း၏အင်အား ပိုမိုတောင့်တင်းလာစေရန်အတွက်  ဆိုစီဒက်အသင်းမှ စပိန်ကွင်းလယ်ကစားသမား ဇူဘီမန်ဒီနှင့် ဘိုင်ယန်မြူးနစ်အသင်းမှ ဂျာမန်ကွင်းလယ်တိုက်စစ်ကစားသမား မူဆီယာလာကို ခေါ်ယူပေးရန် တောင်းဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

ဂွါဒီယိုလာသည် ၂၀၁၆ ခုနှစ်ကတည်းက မန်စီးတီးအသင်းကို စတင်ကိုင်တွယ်ခဲ့ခြင်းဖြစ်သည့်အတွက် ၎င်း၏နည်းပြဘဝတွင် အချိန်အကြာဆုံးလက်တွဲဖူးသည့်အသင်း ဖြစ်နေသည်။

၎င်းသည် ၂၀၂၂ ခုနှစ်အတွင်းက မန်စီးတီးအသင်းနှင့် နောက်ဆုံးအကြိမ်သက်တမ်းတိုးခဲ့ပြီး အဆိုပါစာချုပ်သက်တမ်းမှာ ၂၀၂၅ နွေရာသီတွင် ကုန်ဆုံးမည်ဖြစ်သည်။

မန်စီးတီးအသင်းက ဆုဖလားအောင်ပွဲများစွာ ရယူပေးခဲ့သည့် ဂွါဒီယိုလာကို လက်လွှတ်လိုခြင်းမရှိသော်လည်း ရာသီကုန်တွင် ဘောလုံးဒါရိုက်တာ ဘီဂီရီစတိန်း လမ်းခွဲတော့မည်ဖြစ်၍ ဂွါဒီယိုလာလည်း လိုက်ပါသွားနိုင်ကြောင်း ထင်ကြေးပေးမှုများလည်း ရှိခဲ့သည်။

သို့ရာတွင် ယခုအခါ ဂွါဒီယိုလာက ဆယ်စုနှစ်တစ်ခုပြည့်သည်အထိ မန်စီးတီးအသင်းနှင့် လက်တွဲသွားရန် ဆန္ဒရှိနေသည့်အတွက် သက်တမ်းတိုးရန် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထို့ကြောင့် ၎င်းက အသင်းထံ တောင်းဆိုမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်၌ ရိုဒရီကို ဒဏ်ရာပြဿနာကြောင့် ကာလရှည်ဆုံးရှုံးထားရသည့်အတွက် ဇူဘီမန်ဒီအား လာမည့်ဇန်နဝါရီ အပြောင်းအရွှေ့ကာလ၌ပင် ခေါ်ယူရန် ဆန္ဒရှိနေကြောင်း သိရသည်။

ဂွါဒီယိုလာသည် မန်စီးတီးအသင်းတွင် တစ်နှစ်လစာ ပေါင်သန်း (၂၀)နီးပါးရရှိနေသူဖြစ်ပြီး ပရီးမီးယားလိဂ်၏ လစာအများဆုံးနည်းပြအဖြစ် ရပ်တည်နေသူဖြစ်ကြောင်းလည်း သိရသည်။

Most Read

Most Recent