ဘရာဇီးလ်စီးရီးအေပြိုင်ပွဲတွင် အသက်(၁၇)နှစ်နှင့်အောက် ဂိုးပါဝင်ပတ်သက်မှုအများဆုံးဖြစ်လာသည့် လူငယ်ကြယ်ပွင့် အီစတယ်ဗိုကို ဘရာဇီးလ်နာမည်ကျော် ဘောလုံးသမား နေမာက ချီးကျူးစကားဆိုခဲ့သည်။
ယခင်စံချိန်မှာ နေမာကိုယ်တိုင် တင်ရှိခဲ့ပြီး ယခုအခါ အီစတယ်ဗိုက ကျော်ဖြတ်ခဲ့ခြင်းဖြစ်သည်။
ပါးလ်မီးရပ်စ်ကစားသမား အီစတယ်ဗိုသည် ဂျူဗင်တူဒီအား (၅-၃)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် အသင်းအတွက် တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပြီးနောက် ဘရာဇီးလ်စီးရီးအေတွင် (၁၀)ဂိုးသွင်း၊ (၈)ဂိုးဖန်တီးခဲ့ပြီး ဂိုးပါဝင်ပတ်သက်မှု (၁၈)ဂိုးအထိ ရှိလာခဲ့သည်။
နေမာမှာ ၂၀၁၉ ရာသီက ဂိုးပါဝင်ပတ်သက်မှု (၁၆)ဂိုးဖြင့် စံချိန်တင်ထားခဲ့ခြင်းဖြစ် ပြီး (၁၅)နှစ်ကြာပြီးနောက် ချိုးဖျက်ခံခဲ့ရခြင်းဖြစ်သည်။
''စံချိန်ချိုးဖျက်မှုအတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ် အီစတာဗို။ ဆက်လက်တောက်ပနိုင်ပြီး ဘောလုံးနဲ့အတူ လူတိုင်းကို ဖမ်းစားနိုင်ပါစေ''ဟု နေမာက Instagram မှတစ်ဆင့် ချီးကျူးစကားဆိုခဲ့သည်။
အီစတယ်ဗိုသည် ၂၀၂၅ နွေရာသီတွင် ပရီးမီးယားလိဂ်ထိပ်သီးကလပ် ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ရန် အကြိုသဘောတူညီမှု ရရှိထားပြီး သူ၏ပြောင်းရွှေ့ကြေးမှာ ပေါင်(၅၁)သန်း ဝန်းကျင်ရှိကြောင်း သိရသည်။
၎င်းသည် ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက်လည်း နိုင်ငံတကာပွဲ (၂)ပွဲ ကစားထားပြီးဖြစ်သည်။
ဒူးအရွတ်ဒဏ်ရာကြောင့် တစ်နှစ်ကျော်ကြာ အနားယူခဲ့ရသည့် ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာသည် အောက်တိုဘာ(၂၁)ရက်က မိခင်ကလပ် အယ်လ်ဟီလာအသင်းအတွက် ပြန်လည်ကစားပေးခဲ့ကြောင်း သိရသည်။
နေမာ(၃၂ နှစ်)သည် အယ်လ်အိန်းအသင်းအား (၅-၄) ဂိုးဖြင့် အနိုင်ရသည့် အာရှချန်ပီယံလိဂ်ပွဲစဉ်တွင် (၇၇)မိနစ်တွင် လူစားဝင်ကစားခဲ့ခြင်းဖြစ်သည်။
နေမာသည် ယမန်နှစ် အောက်တိုဘာလက နိုင်ငံတကာရက်သတ္တပတ်အတွင်း ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် ကစားစဉ် ဒူးအရွတ်ဒဏ်ရာ ရရှိခဲ့ပြီး ရက်ပေါင်း(၃၆၉)ရက်အထိ အနားယူခဲ့ရသည်။
''ကျွန်တော် အခြေအနေကောင်းတယ်လို့ ခံစားရပါတယ်။ ဒါက ခက်ခဲလွန်းပါတယ်။ ကျွန်တော်ဟာ အသင်းကောင်းတစ်သင်းမှာ အမြဲရှိခဲ့ပါတယ်။ ကျွန်တော် ပြန်ကစားနိုင်လို့ အရမ်းပျော်ပါတယ်''ဟု နေမာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
ယခုပွဲသို့ နေမာ၏ချစ်သူ မော်ဒယ် ဘီယန်ကာဒီ၊ သမီးဖြစ်သူ မာဗီနှင့် ဘီယန်ကာဒီ၏မိဘများ လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
နေမာသည် ၂၀၂၃ သြဂုတ်တွင် PSG အသင်းမှ အယ်လ်ဟီလာအသင်းသို့ ပြောင်းရွှေ့ကြေး ယူရိုသန်း(၉၀)ဖြင့် ရောက်ရှိလာသော်လည်း အသင်းအတွက် ပြိုင်ပွဲစုံ ငါးပွဲသာ ကစားခဲ့ရကာ တစ်ဂိုး သွင်းယူထားခဲ့သည်။
နေမာ၏ အယ်လ်ဟီလာအသင်းသည် ပြီးခဲ့သည့်ရာသီက အာရှချန်ပီယံလိဂ်ပွဲစဉ်တွင် ဗိုလ်စွဲခဲ့သည့် အယ်လ်အိန်းအသင်းအား ဆီမီးဖိုင်နယ်အဆင့်တွင် အရေးနိမ့်ခဲ့ပြီး ယခုအခါ အဝေးကွင်းတွင် ရှုံးကြွေးဆပ်နိုင်ခဲ့ခြင်းဖြစ်သည်။
ဘရာဇီးလ်စီးရီးအေတွင် အသက်(၁၇)နှစ်နှင့်အောက် ဂိုးပါဝင်ပတ်သက်မှု အများဆုံးဖြစ်လာသည့် အီစတယ်ဗိုကို နေမာ ချီးကျူးစကားဆို
Photo: Yahoo