ပြည်ပတွင်ကစားနေသည့် ကြယ်ပွင့်ကစားသမားများကို ဘရာဇီးလ်သမ္မတ လူလာဒါဆေးလ်ဗား ဝေဖန်ခဲ့ပြီး ပြည်တွင်းကစားသမားများအား အခွင့်အရေးပေးသင့်ကြောင်း မှတ်ချက်ပြု

ပြည်ပတွင်ကစားနေသည့် ကြယ်ပွင့်ကစားသမားများကို ဘရာဇီးလ်သမ္မတ လူလာဒါဆေးလ်ဗား ဝေဖန်ခဲ့ပြီး ပြည်တွင်းကစားသမားများအား အခွင့်အရေးပေးသင့်ကြောင်း မှတ်ချက်ပြု
Photos: AFP & X
Photos: AFP & X
Published 13 October 2024

 

ဘရာဇီးလ်သမ္မတ လူလာဒါဆေးလ်ဗားက ပြည်ပတွင်ကစားနေသည့် ကြယ်ပွင့်ကစားသမားများကို ဝေဖန်ခဲ့ပြီး ပြည်တွင်းအခြေစိုက်ကစားသမားများအား အခွင့်အရေးပေးသင့်ကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည်။

ဘရာဇီးလ်အသင်းတွင် ဗင်နီစီယပ်စ်၊ ရိုဒရီဂို၊ အန်ဒရစ်၊ ရာဖင်ညာ၊ ဆယ်ဗင်ညို၊ မာတင်နယ်လီ၊ ဂီမာရေ့စ်၊ မာကွင်ဟို့စ်၊ ဒန်နီလို၊ မီလီတို၊ ဂါဘရီယဲလ်၊ အယ်လစ်ဆန်၊ အီဒါဆန် စသည့် ပြည်ပအခြေစိုက် ကြယ်ပွင့်ကစားသမားများစွာရှိနေသော်လည်း ကမ္ဘာ့ဖလား၊ ကိုပါအမေရိကကဲ့သို့ မေဂျာပြိုင်ပွဲများ၌ အောင်မြင်မှုဝေးကွာနေသလို ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင်လည်း ရုန်းကန်နေရသည်။ 

ချီလီအသင်းအား အဝေးကွင်း၌ အနိုင်ရသည့် ခြေစစ်ပွဲတွင် ဘရာဇီးအသင်းအတွက် နှစ်ဂိုးစလုံးကို ပြည်တွင်းကလပ် ဘိုတာဖိုဂိုအသင်းမှ ကစားသမားနှစ်ဦးက သွင်းယူပေးခဲ့ပြီးနောက် ရေဒီယိုအင်တာဗျူးတွင် သမ္မတ လူလာက ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။

"နိုင်ငံခြားမှာကစားနေသူတွေက ဒီမှာ ရှိနေသူတွေထက် ပိုကောင်းတာ မဟုတ်ပါဘူး။ လက်ရှိကစားနေတဲ့ ပြည်ပအခြေစိုက် ကစားသမားတွေထဲမှာ ဂါရင်ချာ၊ ရိုမာရီယိုတို့လို ကစားသမားမျိုးမရှိပါဘူး။ ကြယ်ပွင့်မဖြစ်သေးတဲ့ လူငယ်ကစားသမားတွေ အများ ကြီးပါပဲ။ ဘရာဇီးလ်မှာ သူတို့လိုပဲ တူညီတဲ့ အရည်အသွေးရှိတဲ့ ကစားသမားတွေရှိပါတယ်။ အဲဒါကြောင့် သူတို့ကို အခွင့်အရေးပေးလိုက်ပါ" ဟု သမ္မတ လူလာက ဆိုသည်။

ဘရာဇီးလ်အသင်းနည်းပြ ဒေါ်ရီဗယ်ဂျူနီယာသည် အောက်တိုဘာနိုင်ငံတကာရက်သတ္တပတ်အတွက် ကစားသမား ၂၃ ဦး ရွေးချယ်ရာတွင် ပြည်ပအခြေစိုက် ကြယ်ပွင့်ကစားသမား ၁၆ ဦးနှင့် ပြည်တွင်းအခြေစိုက် ကစားသမား ခုနစ်ဦး ရွေးချယ်ထားသည်။ ဘရာဇီးလ်အသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလား တောင်အမေရိကဇုန်ခြေစစ်ပွဲတွင် ရုန်းကန်နေရပြီး ကိုးပွဲကစားပြီးနောက် လေးပွဲသာ အနိုင်ရကာ တစ်ပွဲသရေ၊ လေးပွဲရှုံး၊ ၁၃ မှတ် ဖြင့် အဆင့် ၄ နေရာ ရပ်တည်နေသည်။

ဘရာဇီးလ်အသင်းသည် အောက်တိုဘာ ၁၅ ရက် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၆ ရက် နံနက် ၇ နာရီ ၁၅ မိနစ်) တွင် ပီရူးအသင်းနှင့် အိမ်ကွင်းပွဲစဉ် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ တောင်အမေရိကဇုန်ခြေစစ်ပွဲတွင်  ၁၀ သင်းရှိသည့်အနက် ဇယားထိပ်ဆုံးခြောက်သင်း တိုက်ရိုက်အောင်မြင်မည်ဖြစ်ပြီး အဆင့် ၇ အသင်းမှာ Play-offs ထပ်မံကစားရမည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent