မှော်ဘီတွင် အထည်ချုပ်စက်ရုံ ဖယ်ရီယာဉ် တိမ်းမှောက်ရာ တစ်ဦးသေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရရှိ

မှော်ဘီတွင် အထည်ချုပ်စက်ရုံ ဖယ်ရီယာဉ် တိမ်းမှောက်ရာ တစ်ဦးသေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရရှိ
Published 8 October 2024

မှော်ဘီတွင် အထည်ချုပ်စက်ရုံ ဖယ်ရီယာဉ် တိမ်းမှောက်ရာ တစ်ဦးသေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူအချို့၏ ပြောကြားချက်အရ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၇ ရက် ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ပြည်လမ်း၊ သန္ဓေပင်ကျေးရွာ၊ အသုံးလုံးမှတ်တိုင်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မျက်စိရှေ့မှာတင်ဖြစ်တာပါဗျာ။ ဓာတ်တိုင်ကို ဝင်တိုက်ပြီး အဲဒီနားက ခြံရှှေ့ကို ထပ်တိုက်တာ။ မီးကြိုးတွေပါပျက်ကျတာ ကိုယ်ပေါ်တောင် ကျတော့မလိုဖြစ်ပြီး ပြေးလိုက်ရတာ” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောကြားသည်။

အထည်ချုပ်ဖယ်ရီယာဉ် တိမ်းမှောက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း၊ စိုးရိမ်ရသည့် အမျိုးသမီးတစ်ဦးနှင့်အခြားဒဏ်ရာရရှိသူ ၃၀ ကျော်ရှိကြောင်း သိရသည်။

“ညကတော့ တစ်ယောက်ဆုံးသွားတယ်။ စိုးရိမ်ရတဲ့သူက တစ်ယောက်ရှိတယ်။ ကျန်ဒဏ်ရာရတာကတော့ ၃၀ ကျော်လောက်ရှိတယ်။ လူမှုကူညီရေးကကားတွေ အများကြီးပဲ လာကြတယ်” ဟု မျက်မြင်တွေ့ ရှိသူတစ်ဦးက ဆက်လက်ပြောကြားသည်။

တိမ်းမှောက်ခဲ့သည့် မော်တော်ယာဉ်မှာ ဟွန်ဒိုင်းအမျိုးအစားမော်တော်ယာဉ်ဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မေတ္တာမြိုင် လူမှုကူညီရေးအသင်း၊ စေတနာမွန်လူမှုရေးအသင်း၊ မြို့မလူမှုရေးအသင်း၊ မြင့်မြတ်လူမှုရေးအသင်းနှင့်မဇ္ဇိုမလှိုင်းလူမှုရေးအသင်းတို့မှ မော်တော်ယာဉ်များဖြင့် မှော်ဘီမြိုနယ် ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent