ပါကစ္စတန်တွင် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို ထောက်ခံသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား အဓိကရုန်းဖြစ်ပွား

ပါကစ္စတန်တွင် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို ထောက်ခံသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား အဓိကရုန်းဖြစ်ပွား
အောက်တိုဘာ ၅ ရက်က ပါကစ္စတန်နိုင်ငံ လာဟိုးမြို့တွင် ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို ဖမ်းဆီးထိန်းသိမ်းနေစဉ်(Photo:AFP)
အောက်တိုဘာ ၅ ရက်က ပါကစ္စတန်နိုင်ငံ လာဟိုးမြို့တွင် ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို ဖမ်းဆီးထိန်းသိမ်းနေစဉ်(Photo:AFP)
Published 6 October 2024

ပါကစ္စတန်တွင် အကျဉ်းချခံထားရသည့် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို ထောက်ခံသည့် ဆန္ဒပြသူများသည် လမ်းများ ပေါ်တွင် ချီတက်ဆန္ဒပြခဲ့ပြီး နိုင်ငံအတွင်း မိုဘိုင်းအင်တာနက်လိုင်းများ ဖြတ်တောက်ထားမှုနှင့်အတူ လုံခြုံရေးတပ်ဖွဲ့များနှင့် ဆန္ဒပြသူများအကြား အောက်တိုဘာ ၅ ရက်က အဓိကရုဏ်းများဖြစ်ပွားခဲ့သည်။

လိမ်ညာမှုများရှိခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည့် ဖေဖော်ဝါရီလက ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ခန်းသည် ဝင်ရောက်ယှဉ်ပြိုင် ခွင့်ပိတ်ပင်ခံခဲ့ရပြီး ဒါဇင်နှင့်ချီသည့် တရားရေးဆိုင်ရာ အမှုအခင်းများနှင့် ရင်ဆိုင်ခဲ့ရသည်။

သို့သော် ၎င်း၏ PTI ပါတီသည် အစိုးရ၏ ဖိနှိပ်မှုကို ဖီဆန်ပြီး ဆန္ဒပြမှုများကို ပုံမှန် ပြုလုပ်ခဲ့သည်။

PTI တက်ကြွလှုပ်ရှားသူများသည် အောက်တိုဘာ ၄ ရက်မှစပြီး ခန်း၏ သြဇာလွှမ်းမိုးမှုရှိသည့် အနောက်မြောက်ဘက် ခိုင် ဘာပက်ခ်ထန်ခါ၀ါပြည်နယ်မှ စတင်ဆန္ဒပြခဲ့ခြင်းဖြစ်သော်လည်း ရဲတပ်ဖွဲ့က ကွန်တိန်နာသေတ္တာများဖြင့် လမ်းများကို ပိတ်ဆို့ထားခြင်း၊ မျက်ရည်ယိုဓာတ်ငွေ့များဖြင့် ပစ်ခတ်ခြင်းတို့ဖြင့် ဆန္ဒပြလူအုပ်ကို လူစုခွဲခဲ့သည်။

အောက်တိုဘာ ၅ ရက်တွင် အစိုးရကို ဖီဆန်သည့်အနေဖြင့် အစ္စလာမ်မာဘက်မြို့တော်တွင် နေရာကွက်ကျား ဆန္ဒပြမှုများပြု လုပ်ခဲ့သည်။

ပါကစ္စတန်အစိုးရကမူ အောက်တိုဘာ ၁၅ ရက်၌  နိုင်ငံအတွင်းပြုလုပ်မည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ညီလာ ခံမတိုင်မီ လုံခြုံရေးအာမခ့ချက်ရှိရန် လိုအပ်ချက်တစ်ခုအဖြစ် စစ်သားများကို လမ်းများပေါ်တွင် ဖြန့်ကြက်ချထားခွင့်ပြုခဲ့သည်။

ယခုဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများအတွင်း လူပေါင်း ၅၅၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း ပြည်ထဲရေးဝန်ကြီး မိုဆင်နက်ဗီက ပြောကြားခဲ့သည်။

ဆန္ဒပြသူများသည် အောက်တိုဘာ ၅ ရက်က လာဟိုးမြို့တွင် ဆန္ဒပြရန် စီစဉ်ခဲ့သော်လည်း ထိုမြို့သို့ ဖောက်လုပ်ထားသည့် ပင်မ အဝေးပြေးလမ်းမကို လုံခြုံရေးတပ်ဖွဲ့များက ပိတ်ထားခဲ့သည်။

“ကျွန်တော့်လူတွေ အားလုံးအတွက် ကျွန်တော်အရမ်းဂုဏ်ယူပါတယ်”ဟု ခန်း၏ မှတ်ချက်စကားကို X လူမှုမီဒီယာတွင် အောက်တိုဘာ ၅ ရက်က မြင်တွေ့ရသည်။

“သင့်အနေနဲ့ လက်မလျှော့ဘဲ တောင့်ခံပြီး ရဲစွမ်းသတ္တိကို ပြသနိုင်မယ်ဆိုရင် သင်ရင်ဆိုင်နေရတဲ့ အတားအဆီးတွေကို ကျော်  လွှားနိုင်ပါလိမ့်မယ်”ဟု ခန်းက ပြောကြားခဲ့သည်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကမူ ဆက်သွယ်ရေးလိုင်းများကို ဖြတ်တောက်မှု၊ လမ်းများကို ပိတ်ဆို့မှုများသည် ပြည်သူများ၏ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ သတင်းအချက်အလက် သိရှိပိုင်ခွင့်၊ ငြိမ်းချမ်းစွာစုရုံးခွင့်နှင့် လှုပ်ရှားသွားလာခွင့်တို့ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုကဲ့သို့ တားမြစ်ကန့်သတ်ချက်များသည် ပါကစ္စတန်တွင် ဆန္ဒပြခွင့်အပေါ် စိုးရိမ်ဖွယ်ဖိနှိပ်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောကြားခဲ့သည်။

ပါကစ္စတန်တွင် ရွေးကောက်ပွဲပြီးချိန်ကတည်းက X လူမှုမီဒီယာကို ပိတ်ထားခဲ့ပြီး  မဲပေးသည့်နေ့တွင် မိုဘိုင်းအင်တာနက်လိုင်း များကို ဖြတ်တောက်ထားကာ PTI ကမူ မဲမသမာမှုများရှိကြောင်း စွပ်စွဲခဲ့သည်။

၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ပါကစ္စတန်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ခန်း (၇၂ နှစ်)သည် ပါကစ္စတန်တွင် သြဇာကြီးမားသည့် နိုင်ငံရေးအကွက်ရွှေ့သူများအဖြစ် ယူဆခံထားရသည့် စစ်တပ်နှင့် ထိပ်တိုက်တွေ့ခဲ့ပြီးနောက် လွှတ်တော်တွင် အယုံအကြည်မရှိ အဆိုမဲခွဲဆုံးဖြတ်မှုဖြင့် ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။       

Ref:AFP

Most Read

Most Recent