ကျိုက်မရောမြို့နယ် ကျွန်းကုန်းကျေးရွာအတွင်း Drop Bomb  ကျရောက်ပေါက်ကွဲမှုကြောင့် သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ကလေးနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

ကျိုက်မရောမြို့နယ် ကျွန်းကုန်းကျေးရွာအတွင်း Drop Bomb  ကျရောက်ပေါက်ကွဲမှုကြောင့် သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ကလေးနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ
Published 6 October 2024

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကျွန်းကုန်းကျေးရွာအတွင်း အောက်တိုဘာ ၅ ရက် မွန်းတည့်ချိန် က Drop Bomb ကျရောက်ပေါက်ကွဲမှုကြောင့် သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ကလေး နှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ 

အဆိုပါ ကျွန်းကုန်းကျေးရွာအတွင်းရှိ ဒေါ်မွန်လေးဆိုသူ၏ နေအိမ်ဈေးဆိုင်အနီးသို့ အောက်တိုဘာ ၅ ရက် မွန်းတည့်ချိန်ခန့်က  Drop Bomb တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်းနှင့် ဗုံးပေါက်ကွဲမှုကြောင့် သုံးနှစ်အ ရွယ် မောင်ဟိန်းချစ်၊ ၁၁ နှစ်အရွယ် Grade 5 ကျောင်းသူ မမိုးမြင့်စံနှင့် အသက် ၄၀ အ ရွယ် ဒေါ်မွန်လေးတို့ သုံးဦးတွင် ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ဗုံးကျတဲ့အချိန် မှာ မမွန်လေးရဲ့ မုန့်ဆိုင်မှာ ဈေးဝယ်နေတဲ့ ကလေးနှစ်ယောက်နဲ့ မမွန်လေးကို ဗုံးစထိမှန် ဒဏ်ရာတွေ ရသွားတယ်။ ဒဏ်ရာတွေက တော့ မပြင်းထန်ဘူးလို့ သိရတယ်။ နေအိမ် ဈေးဆိုင်လည်း ပျက်စီးမှုတွေ ရှိခဲ့ပါတယ်” ဟု ပြောကြားသည်။

Drop bomb ကျရောက်ပေါက်ကွဲမှု ကြောင့် မောင်ဟိန်းချစ်၏ ဘယ်ဘက်နားထင် အောက်နားတွင် ဒဏ်ရာတစ်ချက်ရရှိခဲ့ပြီး မမိုးမြင့်စံ၏ ညာဘက်ပေါင်ရင်းတွင် ဗုံးစထိ မှန်ဒဏ်ရာရခဲ့ကာ ဒေါ်မွန်လေး၏ ညာဘက် ရင်အုံအပေါ်နားတွင် ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။ 

ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက် ဒဏ်ရာရရှိခဲ့သူ ကလေးနှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့အား ဒေသခံများက တရနာကျေးရွာ ရှိ တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုပေးခဲ့ကြကြောင်း သိရသည်။ 

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာနှင့် တဆက်စပ်တည်းတည် ရှိနေသည့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် မင်းရွာ၊ ဓမ္မသအစရှိသည့် ဂျိုင်းမြစ်ဝှမ်းဒေသ အနီးသို့ PDF အဖွဲ့များ ဝင်ရောက်နေသည် ဟုဆိုကာ ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက် ညပိုင်းမှစကာ လက်နက်ကြီးများဖြင့် ခြောက် လှန့်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

ထို့ပြင် ယင်းဂျိုင်းမြစ်ဝှမ်းဒေသအတွင်း ရှိ ကျေးရွာများအတွင်း တပ်မတော်၏ လုံခြုံ ရေးကင်းပုန်းများ၊ တပ်စခန်းများရှိရာနေရာ များကိုလည်း PDF အဖွဲ့ဘက်မှ  Drone ဖြင့် Drop Bomb ချ တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်းလည်း ဒေသခံများက ဆိုသည်။