တောင်ကိုရီးယားနှင့် အမေရိကန်တို့က တိုက်ခိုက်လာခဲ့မည်ဆိုပါက နျူကလီးယား လက်နက်များကို အသုံးပြုရန် တွန့်ဆုတ်နေမည်မဟုတ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ပြောကြားခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက အောက်တိုဘာ ၄ ရက်တွင် ဖော်ပြခဲ့သည်။
တောင်ကိုရီးယားသည် ယခုနှစ်အတွင်း ဘန်ကာဖျက်သည့် ဒုံးကျည်တစ်စင်းကို စစ် ရေးပြအခမ်းအနားအတွင်း ပြသခဲ့ပြီး တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုက ကင်သည် နျူကလီးယားလက်နက်များ အသုံးပြုမည်ဆို ပါက မြောက်ကိုရီးယားအစိုးရ၏ အဆုံးသတ် ဖြစ်လာလိမ့်မည်ဟု သတိပေးခဲ့မှုနှင့်အတူ ကိုရီးယားနှစ်နိုင် အကြား ဆက်ဆံရေးများသည် ဆယ်စုနှစ်များအတွင်း အနိမ့်ဆုံးအဆင့်အထိ ကျဆင်းခဲ့သည်။
မြောက်ကိုရီးယားသည် အမှိုက်အိတ်များ တွဲချည်ထားသည့် မိုးပျံပူဖောင်းများကို တောင်ကိုရီးယားနိုင်ငံ အတွင်းသို့ လွှတ်တင်ခဲ့ပြီး ထိုမိုးပျံပူဖောင်းများကို အောက်တိုဘာ ၄ ရက်က ဆိုးလ်မြို့တော် ကောင်းကင်ယံတွင် အေအက်ဖ်ပီသတင်းထောက်များက မြင်တွေ့ခဲ့သည်။
တောင်ကိုရီးယားစစ်တပ်ကလည်း ညအချိန် မိုးပျံပူဖောင်းများလွှတ်တင်မှုကို ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။
“ရန်သူတွေက မြောက်ကိုရီးယားရဲ့ အချုပ်အခြာအာဏာကို ထိပါးလာခဲ့မယ်ဆိုရင် မြောက်ကိုရီးယားကလည်း နျူကလီးယား လက်နက်တွေအပါအဝင် ပိုင်ဆိုင်ထားတဲ့ ထိုးစစ်ဆင်တပ်ဖွဲ့တွေအားလုံးကို အသုံးပြုဖို့ ဝန်လေးနေမှာမဟုတ်ပါဘူး”ဟု ကင်က ပြောကြားခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
KCNA ကထုတ်ပြန်သည့် ဓာတ်ပုံများတွင် ကင်သည် သားရေဂျာကင် အကျႌဝတ်ဆင်ထားပြီး အထူးစစ်ဆင်ရေး တပ်ဖွဲ့များအတွက် သင်တန်းပေးသည့် အခမ်းအနားတွင် အမှာစကားပြောကြားနေပုံများကို ဖော်ပြခဲ့သည်။
၎င်းတို့အစိုးရအဖွဲ့၏ အဆုံးသတ်ဖြစ်လာလိမ့်မည်ဆိုသည့် ယွန်း၏ မှတ်ချက်စကားနှင့် အမေရိကန်နှင့် မဟာမိတ်ဖွဲ့မှုအတွက် ကင်က ယွန်းကို ဝေဖန်ပြစ်တင်ခဲ့သည်။
နျူကလီးယား လက်နက်ပိုင်ဆိုင်ခြင်းမရှိသည့် တောင်ကိုရီးယားသည် အမေရိကန်၏ နျူကလီးယား ထီးရိပ်အောက်တွင် အကာအကွယ်ရရှိထားပြီး အမေရိကန်သည် ကိုရီးယားစစ်ပွဲ ပြီးဆုံးသည့် ၁၉၅၃ ခုနှစ်ကတည်းက တောင်ကိုရီးယားတွင် သောင်းနှင့်ချီသည့် စစ်သားများကို ဖြန့်ကြက်ချထားခဲ့သည်။
ကင်ကမူ တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် ဒေသတွင်း လုံခြုံရေးနှင့်ငြိမ်းချမ်းရေးကို ဖျက်ဆီးနေကြောင်း ပြောကြားခဲ့ပြီး တောင်ကိုရီးယားခေါင်းဆောင်သည် ဖောက်ပြန်သည့် အမျိုးသားတစ်ဦးဖြစ် ကြောင်း တံဆိပ်ကပ်ခဲ့သည်။
အောက်တိုဘာ ၁ ရက်က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် ပြုလုပ်သည့် စစ်ရေးပြအခမ်း အနားအတွင်း တောင်ကိုရီးယားသည် မြေအောက်ဘန်ကာများကို ဖျက်ဆီးနိုင်စွမ်းရှိသည့် Hyunmoo-5 ပဲ့ထိန်းဒုံး ကျည်ကို ပထမဆုံးအကြိမ် ပြသခဲ့သည်။
ထို့ပြင် ထိုစစ်ရေးပြအခမ်းအနားတွင် F -15 Kတိုက်လေယာဉ်များခြံရံပြီး အမေရိကန်၏ B-1 B ဗုံးကြဲလေယာဉ်လည်း ပျံသန်းခဲ့သည်။
Ref:AFP