ကိုးပွဲတွင် ရှစ်ပွဲအထိ အနိုင်ရသော်လည်း ယခုထက်ပို၍လုပ်ပြနိုင်ရန် အာနယ်ဆလော့ မျှော်မှန်းထား

ကိုးပွဲတွင် ရှစ်ပွဲအထိ အနိုင်ရသော်လည်း ယခုထက်ပို၍လုပ်ပြနိုင်ရန် အာနယ်ဆလော့ မျှော်မှန်းထား
Photo: Getty Images
Photo: Getty Images
Published 3 October 2024

လီဗာပူးလ်အသင်းအနေဖြင့် ယခုရာသီ ပြိုင်ပွဲစုံတွင် ကိုးပွဲကစား၊ ရှစ်ပွဲအထိ အနိုင်ရထားသော်လည်း ယခုထက်ပို၍လုပ်ပြနိုင်ရန် မျှော်မှန်းထားကြောင်း နည်းပြဖြစ်သူ အာနယ်ဆလော့က ပြောကြားသည်။

လီဗာပူးလ်အသင်းသည် အောက်တိုဘာ ၂ ရက်က ယှဉ်ပြိုင်ကစားသည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ဘိုလော့ဂ်နာအသင်းအား အိမ်ကွင်း၌ (၂-၀) ဂိုးဖြင့် အနိုင်ရပြီး အနိုင်ဂိုးများကို ၁၁ မိနစ်တွင် မက္ကာလစ္စတာနှင့် ၇၅ မိနစ်တွင် မိုဟာမက်ဆာလာတို့က သွင်းယူပေးခဲ့သည်။

လီဗာပူးလ်အသင်းသည် နည်းပြသစ် အာနယ်ဆလော့လက်ထက်တွင် ရာသီအစ ရလဒ်ကောင်းများရရှိထားပြီး ပြိုင်ပွဲစုံ ကိုးပွဲကစားပြီးနောက် ရှစ်ပွဲနိုင်၊ တစ်ပွဲသာ ရှုံးနိမ့်ထားရာ ၎င်းအနေဖြင့် ယင်းကဲ့သို့ စွမ်းဆောင်နိုင်သည့် ပထမဆုံး လီဗာပူးလ်နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။

သို့သော် ဆလော့က ''အဲဒီအချက်ကို ကောက်ချက်အများကြီးမချချင်ပေမဲ့ ဒါက ကောင်းပါတယ်။ မယုံနိုင်လောက်စရာ မန်နေဂျာတွေအများကြီး ဒီအသင်းမှာ အလုပ်လုပ်ခဲ့ကြတယ်။ သူတို့က ထူးခြားတာတွေလုပ်နိုင်ခဲ့တယ်။ တစ်နှစ်၊ နှစ်နှစ် ဒါမှမဟုတ် သုံးနှစ်အတွင်းမှာ လူတွေက ကျွန်တော့်ကို အမှတ်ရနေမယ့်အရာမျိုး ကျွန်တော်မမျှော်လင့်ပါဘူး။ ကျွန်တော် ဒီအသင်းမှာ အချိန်ဘယ်လောက်ကြာကြာရှိမလဲဆိုတာ ခင်ဗျားမသိပါဘူး။ သူတို့က ' ဒီမန်နေဂျာက သူ့ရဲ့ကိုးပွဲမှာ ရှစ်ပွဲအနိုင်ရခဲ့တယ်' လို့ ပြောကြလိမ့်မယ်။ ကျွန်တော်က ကိုးပွဲမှာ ရှစ်ပွဲအနိုင်ရတာထက် ပိုပြီးထူးခြားတဲ့အရာတွေလုပ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ ပြီးပြည့်စုံတဲ့အထိ ဘယ်တော့မှ မရောက်နိုင်ပါဘူး။ ခင်ဗျားအနေနဲ့ ပြီးပြည့်စုံမှုကို အမြဲတမ်းရည်မှန်းထားပေမဲ့ အဲဒီနေရာကို ဘယ်တော့မှမရောက်နိုင်ပါဘူး'' ဟု သုံးသပ်ပြောကြားသည်။

ယင်းပွဲတွင် တစ်ဂိုးသွင်းယူခဲ့သူ ဆာလာမှာလည်း ချန်ပီယံလိဂ် အိမ်ကွင်းငါးပွဲဆက် ဂိုးသွင်းနိုင်သည့် ပထမဆုံး လီဗာပူးလ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ဆာလာသည် ၂၀၂၂ ခုနှစ် စက်တင်ဘာတွင် အေဂျက်စ်၊ အောက်တိုဘာတွင် ရိန်းဂျားစ်၊ နိုဝင်ဘာတွင် နာပိုလီ၊ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီတွင် ရီးယဲလ်၊ ယခု ဘိုလော့ဂ်နာအသင်းတို့နှင့်ပွဲတွင် ငါးပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

၎င်းအနေဖြင့် အွန်နရီ (အာဆင်နယ်၊ ခုနစ်ပွဲ) နှင့် နစ္စတယ်ရွိုင်း (မန်ယူ၊ ခြောက်ပွဲ) တို့ပြီးလျှင် ပရီးမီးယားလိဂ်ကလပ်အသင်းအတွက် ချန်ပီယံလိဂ်အိမ်ကွင်းငါးပွဲဆက် ဂိုးသွင်းယူနိုင်သည့် တတိယမြောက်ကစားသမားဖြစ်လာသည်။

ထို့ပြင် ဆာလာသည် ချန်ပီယံလိဂ်ပွဲစဉ် ကိုးပွဲတွင် ကိုယ်တိုင်ဂိုးသွင်းယူခြင်းနှင့် ဂိုးဖန်တီးမှုပြုလုပ်ထားနိုင်ပြီး ပရီးမီးယားလိဂ်ကစားသမားများနှင့် အာဖရိက ကစားသမားများအနက် ယင်းကဲ့သို့ အကြိမ်အများဆုံး စွမ်းဆောင်နိုင်သူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

Most Read

Most Recent