ဟယ်လင်းဟာရီကိန်း မုန်တိုင်းကြောင့် အမေရိကန်၌ အနည်းဆုံး ၉၃ ဦး သေဆုံးခဲ့ပြီး နေအိမ်များနှင့်ကားလမ်းများ ပျက်စီး

ဟယ်လင်းဟာရီကိန်း မုန်တိုင်းကြောင့် အမေရိကန်၌ အနည်းဆုံး ၉၃ ဦး သေဆုံးခဲ့ပြီး နေအိမ်များနှင့်ကားလမ်းများ ပျက်စီး
မုန်တိုင်းဟယ်လင်းကြောင့် ဖလော်ရီဒါ၌ အပျက်အစီးများကို ရှင်းလင်းနေပုံအား စက်တင်ဘာ  ၂၉ ရက်တွင်တွေ့ရစဉ်(Photo:Reuters)
မုန်တိုင်းဟယ်လင်းကြောင့် ဖလော်ရီဒါ၌ အပျက်အစီးများကို ရှင်းလင်းနေပုံအား စက်တင်ဘာ  ၂၉ ရက်တွင်တွေ့ရစဉ်(Photo:Reuters)
Published 30 September 2024

အားကောင်းသော ဟယ်လင်းဟာရီ ကိန်းမုန်တိုင်းကြောင့် သေဆုံးသူစုစုပေါင်း သည် စက်တင်ဘာ ၂၉ ရက်တွင် အနည်းဆုံး  ၉၃ ဦးအထိ ရောက်ရှိလာခဲ့ပြီး မြောက်ကာရိုလိုင်းနား ပြည်နယ်တစ်ခုတည်းတွင်ပင်  ၃၀ သေဆုံးသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။       

ကယ်ဆယ်ရေးသမားများက အမေရိကန်အရှေ့တောင်ပိုင်း၌ အကူအညီ လိုအပ်နေသူများ ထံရောက်ရှိရေးအတွက် အခက်အခဲများ ကြုံနေရစဉ် ဟယ်လင်းမုန်တိုင်းကြောင့် သေဆုံးသူ တိုးလာခြင်းဖြစ်သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ၎င်း၏နေရာကို အစားထိုးဝင်ရောက်ရန် ကြိုးပမ်းနေသော သမ္မတလောင်းများဖြစ်သည့် ကာမလာဟဲရစ်နှင့် ဒေါ်နယ်ထရန့်တို့က နိုဝင်ဘာရွေးကောက်ပွဲတွင် အဓိကပြိုင်ရမည့် ပြည်နယ်အချို့ ပါဝင်နေသာ မုန်တိုင်းသင့်နေရာများကို မကြာမီသွားမည်ဟု ပြောကြားခဲ့ကြပြီး နောက် မုန်တိုင်းတုံ့ပြန်ရေးသည် နိုင်ငံရေးကိစ္စ ရောနှောလာခဲ့သည်။

လေပြင်းများ၊ သည်းထန်သောမိုးများက ဖလော်ရီဒါ၊ ဂျော်ဂျီယာ၊ မြောက်ကာရိုလိုင်းနား၊ တောင်ကာရိုလိုင်းနား၊ တန်နက်ဆီပြည်နယ်တို့က မြို့ငယ်များနှင့် မြို့ကြီးများကို ပြိုကျ ပျက်စီးမှုများ ဖြစ်ပေါ်စေခဲ့သည်။ အိမ်များ ပျက်စီးသွားခဲ့ပြီး ကားလမ်းများ ရေမြုပ်နေကာ ပြည်သူသန်းပေါင်းများစွာသည် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့သည်။

“ဒီမုန်တိုင်းကြောင့် အိမ်အများအပြား ပျက်စီးသွားတဲ့အပြင် အရေးပါတဲ့ အခြေခံအဆောက်အအုံ ပျက်စီးမှုတွေဖြစ်တဲ့ ရေပေးဝေရေးစနစ်တွေ၊ ဆက်သွယ်ရေး၊ ကားလမ်းတွေ၊ အရေးကြီးတဲ့ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေ ပျက်စီးသွားတယ်ဆိုတာ ကျွန်တော်တို့ ကြားရပါတယ်”ဟု ပြည်ထောင် စု အရေးပေါ်စီမံခန့်ခွဲမှု အေဂျင်စီ၏ အုပ်ချုပ်ရေးမှူး ဒင်းခရစ္စဝဲလ်က စက်တင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

ပြင်းထန် မိုးလေဝသအခြေအတွင်း အနည်းဆုံး ၉၃ ဦးသေဆုံးသွားခဲ့ရာ မြောက်ကာရိုလိုင်းနားတွင် ၃၇ ဦး၊ တောင်ကာရိုလိုင်းနားတွင် ၂၅ ဦး၊ ဂျော်ဂျီယာတွင် ၁၇ ဦး၊ ဖလော်ရီဒါတွင် ၁၁ ဦး၊ တန်နက်ဆီတွင် နှစ်ဦး၊ ဗာဂျီးနီးယားတွင် တစ်ဦး အသီးသီးသေဆုံးသွားခဲ့သည်ဟု ဒေသတွင်းအာဏာပိုင်များ၏ ပြောကြားချက်များကို အေအက်ဖ်ပီသတင်းဌာနက ဖော်ပြခဲ့သည်။ သေဆုံးသူ စုစုပေါင်းသည် မြင့်တက်လာမည်ဟု မျှော်လင့်ရသည်။

“ကျွန်တော်တို့ကတော့ နောက်ထပ် စိတ်ထိခိုက်စရာကောင်းတဲ့ နောက်ဆုံးအခြေအနေကို ထုတ်ပြန်လိုက်ပါတယ်။ မုန်တိုင်းကြောင့် အခုလောလောဆယ် လူ ၃၀ သေဆုံးထားတယ်လို့ ကျွန်တော်တို့ အတည်ပြုပါတယ်”ဟု မြောက်ကာရိုလိုင်းနား ပြည်နယ်၏ ဘွန်ကမ်ဘီကောင်တီရှိ ဥပဒေထိန်းသိမ်းရေး အရာရှိ ကွင်တင်မေလာက ပြောကြားခဲ့သည်။ အဆိုပါကောင်တီတွင် ကမ္ဘာလှည့်ခရီးသွားများ လာရောက် လည်ပတ်သော အက်ရှ်ဗီးလ်မြို့ ပါဝင်နေသည်ဟု ၎င်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဆည်များ ကျိုးပေါက်နိုင်သည်ဟူသော စိုးရိမ်မှုများရှိနေသည့်ကြားထဲ မြောက်ကာ ရိုလိုင်းနားပြည်နယ် အနောက်ပိုင်းဒေသများတွင် ရေကြီးမှု သတိပေးချက်များကို ဆက်လက် ထုတ်ပြန်ထားသည်။

မုန်တိုင်းသက်ရောက်ခဲ့သည့် ဒေသများ၌ အောက်တိုဘာ ၁ ရက်တွင် အခြေအနေများ တိုးတက်လာမည်ဟု ခန့်မှန်းထားကြောင်း အမျိုးသား မိုးလေဝသဌာန၏ ညွှန်ကြားရေးမှူး ကင်ဂရာဟမ်က ပြောကြားခဲ့သည်။

စက်တင်ဘာ ၂၉ ရက်တွင် အိမ်ထောင်စု ၂ ဒသမ ၂ သန်းနီးပါးသည် ဓာတ်အားမရဘဲဖြစ်နေသည်ဟု ဓာတ်အားပြတ်တောက်မှု ခြေရာခံသော အမေရိကန်ဝက်ဆိုက်၏ ထုတ်ပြန်ချက်အရ သိရသည်။

စွမ်းအင်ဝန်ကြီးဌာနကအဖွဲ့များသည် ဓာတ်အားပြန်လည်ပေးနိုင်ရေးအတွက် ပြင်းပြင်းထန်ထန် ကြိုးစားနေသည်ဆိုသော်လည်း ယင်းလုပ်ငန်းသည် ရှုပ်ထွေးပြီး ရက်များစွာ ဆောင်ရွက်ရမည့် လုပ်ငန်းဟု စွမ်းအင်ဝန်ကြီးဌာနက ပြောသည်။                  

Ref:AFP

Most Read

Most Recent