တိုင်ဖွန်းရာဂိတိုက်ခတ်မှုကြောင့် အရှေ့တောင်အာရှတွင် ကလေးသူငယ် ခြောက်သန်းနီးပါး ဘေးဒုက္ခခံစားခဲ့ရကြောင်း UNICEF ပြောကြား

တိုင်ဖွန်းရာဂိတိုက်ခတ်မှုကြောင့် အရှေ့တောင်အာရှတွင် ကလေးသူငယ် ခြောက်သန်းနီးပါး ဘေးဒုက္ခခံစားခဲ့ရကြောင်း UNICEF ပြောကြား
မြန်မာနိုင်ငံ နေပြည်တော် ပျဉ်းမနားမြို့တွင် ရေလွှမ်းမိုးမှုကြောင့် အကူအညီများစောင့်ဆိုင်းနေသည့် ဒေသခံများကို တွေ့ရစဉ်(Photo: AFP)
မြန်မာနိုင်ငံ နေပြည်တော် ပျဉ်းမနားမြို့တွင် ရေလွှမ်းမိုးမှုကြောင့် အကူအညီများစောင့်ဆိုင်းနေသည့် ဒေသခံများကို တွေ့ရစဉ်(Photo: AFP)
Published 19 September 2024

အရှေ့တောင်အာရှတွင် တိုင်ဖွန်းမုန် တိုင်းတိုက်ခတ်မှုကြောင့် ရေကြီးမှုများနှင့် မြေပြိုမှုအန္တရာယ်များကို ကလေးသူငယ် ၆ သန်းနီးပါး ခံစားခဲ့ရကြောင်း ကုလသမဂ္ဂ၏ ကလေးသူငယ်ဆိုင်ရာအေဂျင်စီ UNICEF က စက်တင်ဘာ ၁၈ ရက်တွင် ပြော ကြားခဲ့ပြီး ထိုသဘာဝဘေးများကြောင့် သေဆုံးသူအရေအတွက်မှာ ပိုမိုမြင့်တက်လာခဲ့သည်။

လွန်ခဲ့သည့်သီတင်းနှစ်ပတ်က အရှေ့တောင်အာရှဒေသကို ဝင်ရောက်တိုက်ခတ်ခဲ့သည့် တိုင်ဖွန်းရာဂိကြောင့် ဗီယက်နမ်၊ ထိုင်း၊လာအိုနှင့် မြန်မာနိုင်ငံများတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်ခဲ့သည်။

စက်တင်ဘာ ၁၈ ရက်တွင် ထိုင်း၌ တိုင်ဖွန်းရာဂိနှင့်ဆက်နွှယ်သည့် သေဆုံးသူ သုံးဦးရှိခဲ့သဖြင့် တိုင်ဖွန်းရာဂိကြောင့် သေဆုံးသူ စုစုပေါင်း ၁၈ ဦးအထိရှိလာခဲ့ကာ ဒေသတွင်းအသေ၊အပျောက်စာရင်း ၅၃၇ ဦးအထိ ရှိလာခဲ့သည်။

ထို့ပြင် ရာဂိမုန်တိုင်းကြောင့် ကလေးသူငယ်ခြောက်သန်းခန့် ဘေးဒုက္ခခံစားခဲ့ရပြီး  သန့်ရှင်းသည့် သောက်သုံးရေ၊ ပညာကြားသင်ကြားမှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အစားအစာနှင့် ခိုလုံနေထိုင်စရာနေရာများ ရှားပါးပြတ်လပ်နေကြောင်း UNICEF က ထုတ်ပြန်ခဲ့သည်။

“တိုင်ဖွန်းရာဂီကြောင့် ထိခိုက်ပျက်စီးမှုတွေရဲ့ အကျိုးဆက်တွေကို ခံနိုင်ရည်အား အနည်းဆုံးကလေးတွေနဲ့ မိသားစုတွေက အခံစားရဆုံးဖြစ်ပါတယ်”ဟု UNICEF ၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန် ကြားရေးမှူး ဂျွန်ကူနူဂီက ပြောကြားခဲ့သည်။

ဗီယက်နမ်တွင် သန့်ရှင်းသည့် သောက်သုံးရေပြတ်လပ်နေပြီးနှင့် မိလ္လာစနစ်များ ထိခိုက်မှုကြောင့် လူပေါင်း သုံးသန်းခန့် ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု UNICEF  က ပြောကြားခဲ့သည်။

တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ သုံးနှစ်ကျော်ကြာဖြစ်ပွားနေမှုကြောင့် အကျပ်အတည်းများနှင့် ရုန်းကန်နေရသည့် မြန်မာနိုင်ငံတွင်လည်း ရေလွှမ်းမိုးမှုများကြောင့် လူပေါင်း ၄၀၀၀၀၀ နီးပါးဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရသည်။

ရာဂိမုန်တိုင်းသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုဆိုးရွားစေခဲ့ပြီး ယခင်ကတည်းက လျစ်လျူရှုခံထားရသည့် လူအုပ်စုများကို ပိုမိုဆိုးရွားသည့် အကျပ်အတည်းအတွင်းသို့ ကျဆင်းစေခဲ့သည်ဟု UNICEF ကပြောကြားခဲ့သည်။

ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP)ကလည်း ယခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံတွင် အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုတစ်ခုကို စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၈ ရက်က ပြောကြားခဲ့ပြီး လူပေါင်း ငါးသိန်းကျော်အတွက် တစ်လစာ အရေးပေါ်စားနပ်ရိက္ခာများ ပေးပို့လျက်ရှိသည်။

လူသားများ၏ လုပ်ဆောင်မှုများကြောင့် ဖြစ်ပွားခဲ့သည့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနှင့် သမုဒ္ဒရာများ ပူနွေးလာမှုသည် ရာဂိတိုင်ဖွန်းမုန်တိုင်းကဲ့သို့ ပြင်းထန်မိုးလေဝသအခြေအနေများကို ပိုမိုဆိုးရွားစေခဲ့ကာ မကြာခဏဖြစ်ပွားစေကြောင်း သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။

အရှေ့အာရှနှင့် ပစိိတ်ဒေသတွင် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် ကလေးသူငယ်များ ပိုမိုထိခိုက်ခံစားနေရကြောင်း UNICEF က ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent