မြို့နယ် ၃၄ မြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် လူဦးရေ နှစ်သိန်းကျော် ပြောင်းရွှေ့ခဲ့ရပြီး ၃၃ ဦး သေဆုံးကာ ကယ်ဆယ်ရေးစခန်း ၁၈၇ ခု ဖွင့်လှစ်ထား

မြို့နယ် ၃၄ မြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် လူဦးရေ နှစ်သိန်းကျော် ပြောင်းရွှေ့ခဲ့ရပြီး ၃၃ ဦး သေဆုံးကာ ကယ်ဆယ်ရေးစခန်း ၁၈၇ ခု ဖွင့်လှစ်ထား
Published 13 September 2024

မြို့နယ် ၃၄ မြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် လူဦးရေ နှစ်သိန်းကျော် ပြောင်းရွှေ့ခဲ့ရပြီး ၃၃ ဦး သေဆုံးကာ ကယ်ဆယ်ရေးစခန်း ၁၈၇ ခု ဖွင့်လှစ်ပေးထားကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

" တောင်တရုတ်ပင်လယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုင်ဖုန်းမုန်တိုင်း ရာဂီရဲ့အရှိန်နဲ့ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနဲ့ အနောက်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်အရှိန်၊ ဒီနှစ်ခုကြားထဲမှာ ကျွန်တော်တို့နိုင်ငံက ရှိနေတယ်။ ဒါကြောင့်မလို့ စက်တင်ဘာ ၁၀ ရက်နေ့ကစပြီး နိုင်ငံ နေရာအနှံ့အပြားမှာ မိုး အဆက်မပြတ်ရွာသွန်းမှုတွေ ဖြစ်တယ်။ ချောင်းရေ၊ မြစ်ရေတွေ မြင့်တက်မှုတွေ၊ လျှပ်တစ်ပြတ် ရေကြီးမှုတွေ ဖြစ်ပေါ်နေတာ တွေ့ရပါတယ်။ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် (၇)ခုမှာ မြို့နယ် (၃၄)မြို့နယ်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်" နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

မုန်တိုင်းဒဏ်ကြောင့် နိုင်ငံတစ်ဝန်း ရေကြီးရေလျှံဖြစ်ပွားနေသော မြို့နယ်ပေါင်း ၃၄ မြို့နယ်တွင် ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စု ၅၉၄၁၃ စု၊ လူဦးရေ ၂၃၆၆၄၉ ဦး ရှိကြောင်း၊ ၎င်းတို့အတွက် ကူညီကယ်ဆယ်ရေးစခန်း ၁၈၇ ခု ဖွင့်လှစ်ပေးထားပြီးဖြစ်ကြောင်းနှင့် နေပြည်တော်အပါအဝင် နိုင်ငံတစ်ဝန်းလုံးရှိ ရေကြီးနစ်မြှုပ်မှုများကြောင့် အသက်ဆုံးရှုံးရသူ ၃၃ ဦး ရှိခဲ့ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။



ဗိုလ်ချုပ်ဇော်မင်းထွန်းက " သေဆုံးမှု၊ ဒဏ်ရာရမှုအနေနဲ့ တစ်နိုင်ငံလုံးမှာ သေဆုံးမှု ၃၃ ဦး ရှိတယ်။ ဒဏ်ရာရ တစ်ဦး ရှိပါတယ်။ တစ်ချို့နေရာတွေမှာလည်း မိုးစရွာကတည်းက၊ မိုးကြီးကတည်းက ဆက်သွယ်မှု ပြတ်တောက်နေတဲ့ နေရာတွေတော့ ရှိတယ်။ ရမည်းသင်းဘက်မှာဆိုရင် အတည်မပြုနိုင်သေးတဲ့ သတင်းအရ ရမည်းသင်းရဲ့ မိုးထိမိုးမိ ရွှေတွင်းလုပ်ကွက်တွေပေါ့၊ တစ်ချို့နေရာတွေမှာ ပြောင်းရွှေ့နေထိုင်နေတဲ့သူတွေ ရှိတယ်။ ဒီဟာတွေနဲ့ပတ်သက်ပြီးလည်း မြေပြိုကျပြီးတော့ ပျောက်ဆုံးမှုတွေရှိတယ်လို့ သိတယ်။ အဲ့တာတွေကိုတော့ ကျွန်တော်တို့ လိုက်လံစုံစမ်းနေဆဲပဲ ဖြစ်တယ်"ဟု ပြောကြားသည်။

နိုင်ငံတစ်ဝှမ်းဖြစ်ပေါ်သည့် ရေကြီးရေလျှံမှုများနှင့်ပတ်သက်၍ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် ရေဘေးဒဏ်သင့်ဒေသများအတွင်း ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင်နှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံးရရှိအောင် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

" ဒီနေရာမှာ တပ်ကုန်း၊ နေပြည်တော်တစ်ဝိုက်မှာတော့ ဒီနေ့မှာတော့ ရေအနည်း ကျဆင်းလာတယ်။ ဒီရေတွေက စစ်တောင်းမြစ်ကို မူတည်ပြီးတော့ ကျဆင်းမယ့်သဘောရှိတယ်။ စစ်တောင်းမြစ်ကို မူတည်ပြီး ကျဆင်းတာဖြစ်တဲ့အတွက် နောက်နေ့တွေ့မှာ တောင်ငူတို့၊ သူ့ရဲ့အောက်ဘက်မှာရှိနေတဲ့ မုံးတို့၊ ရွှေကျင်တို့၊ ဒီတစ်ဝိုက်က အထူးသတိထားရမယ့် အနေအထား ဖြစ်ပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီး သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့တွေ၊ ပြီးရင် မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနကလည်း အဆက်မပြတ် သတိပေးချက်တွေ ထုတ်လွှင့်လျက်ရှိပါတယ်။ မြေနိမ့်ပိုင်း၊ မြစ်ကမ်းဘေး၊ မြစ်နဲ့နီးစပ်ရာ နေရာတွေ၊ ချောင်းနဲ့နီးစပ်ရာ နေရာတွေ၊ မြေပြိုကျနိုင်တဲ့နေရာတွေမှာ ရှိနေတဲ့ ပြည်သူလူထုအနေနဲ့ လုံခြုံတဲ့နေရာကို အမြန်ပြောင်းရွှေ့ဖို့ လှုံ့ဆော်နေတာတွေ ရှိပါတယ်။ ဒီ လှုံ့ဆော်မှုတွေကို သတိထားပေးဖို့၊ လိုက်နာပူးပေါင်းဆောင်ရွက်ပေးဖို့ အထူးမေတ္တာရပ်ခံလိုပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

မုန်တိုင်းအရှိန်နှင့်ပတ်သက်၍ စက်တင်ဘာ ၁၅ ရက်အထိ ဂရုစိုက်ရမည်ဖြစ်ပြီး နိုင်ငံတော်အနေနှင့်လည်း သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်နှင့် အဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက " ဒီနေ့ဆိုရင်တော့ နိုင်ငံတော်ဝန်ကြီးချုပ် အနေနဲ့ နေပြည်တော်အတွင်းမှာရှိတဲ့ လမ်းတံတားတွေ၊ ပျက်စီးသွားတဲ့ လမ်းတံတားတွေနဲ့ပတ်သက်ပြီး အမြန် ပြန်လည်ပြုပြင်ဖို့တွေ၊ ပြီးရင် ရပ်ကွက်၊ ကျေးရွာတွေအထိ ဆင်းပြီးတော့ ရေဘေးသင့်ပြည်သူများနဲ့ တွေ့ဆုံတာတွေ၊ မေးမြန်းတာတွေ ဆောင်ရွက်ခဲ့ပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီး ရေစီးရေလာ ကောင်းမွန်ပြီး ရေအမြန်ကျဆင်းစေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ တပ်မတော်က အင်ဂျင်နီယာတပ်ဖွဲ့တွေနဲ့ စက်ယန္တရားတွေ အသုံးပြုပြီး ဆောင်ရွက်ဖို့လည်း ညွှန်ကြားခဲ့ပါတယ်" ဟု ပြောကြားသည်။

ထို့အပြင် ရေဘေးကူညီကယ်ဆယ်ရေးတွင် ပါဝင်နေကြသည့် လူမှုအဖွဲ့အစည်းများ အများအပြားကို တွေ့ရှိရပြီး တက်နိုင်သ၍ ကူညီကယ်ဆယ်ရေးများ၊ ကူညီစောင့်ရှောက်မှုများကို ပူးပေါင်းဆောင်ရွက်ပေးသည်အတွက် ၎င်းတို့ကိုလည်း အထူးကျေးဇူးတင်ရှိကြောင်းနှင့် ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် မေတ္တာရပ်ခံပါကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Most Read

Most Recent