နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရေဘေးသင့်သူများအတွက် ယာယီရေဘေးရှောင်စခန်း ၃၅ ခုဖွင့်လှစ်ပြီး ကူညီကယ်ဆယ်မှုများ လုပ်ဆောင်နေကာ စာသင်ကျောင်းအချို့လည်း ခေတ္တပိတ်ထားရ

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရေဘေးသင့်သူများအတွက် ယာယီရေဘေးရှောင်စခန်း ၃၅ ခုဖွင့်လှစ်ပြီး ကူညီကယ်ဆယ်မှုများ လုပ်ဆောင်နေကာ စာသင်ကျောင်းအချို့လည်း ခေတ္တပိတ်ထားရ
Published 13 September 2024

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရေဘေးသင့်သူများအတွက် ယာယီရေဘေးရှောင်စခန်း ၃၅ ခုဖွင့်လှစ်ပြီး ကူညီကယ်ဆယ်မှုများ လုပ်ဆောင်နေကာ စာသင်ကျောင်းအချို့လည်း ခေတ္တပိတ်ထားရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း လတ်တလောတွင် ရေဘေးသင့်သည့် ရပ်ကွက်၊ ကျေးရွာအုပ်စု ၄၃ စုမှ ရေဘေးသင့်ပြည်သူများကို သက်ဆိုင်ရာမြို့နယ်အလိုက် ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်း ၃၅ ခု၌ ကူညီကယ်ဆယ်နေရာချထားပြီး ကျန်းမာရေးစောင့်ရှောက်မှုများပေးလျက်ရှိကြောင်း သိရသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်‌ရေ၊ ချောင်းရေများမြင့်တက်လာပြီး ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့မှ ရပ်ကွက်၊ ကျေးရွာများတွင် ရေနစ်မြုပ်မှုများဖြစ်ပွားလျက်ရှိသည့်အတွက် လတ်တလောတွင် ယာယီရေဘေးရှောင်စခန်းများဖွင့်လှစ်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများက ရေဘေးလွတ်ရာ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ စက်လှေများ၊ မော်တော်ယာဉ်များဖြင့် အဆင့်ဆင့်ပြောင်းရွှေ့နေရာချထားပေးလျက်ရှိကြောင်း သိရသည်။

သက်ဆိုင်ရာ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိလာကြသည့် ရေဘေးသင့်ပြည်သူများကို ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများက သာမန်ထိရှဒဏ်ရာများ၊ နှာစေး၊ ချောင်းဆိုး၊ ဖျား၊ နာ ရောဂါများကိုကုသပေးလျက်ရှိပြီး သာမန်ထိရှဒဏ်ရာများထက် ပိုမိုထိခိုက်သည့်လူနာများကို ဆေးရုံကြီးများသို့ပို့ဆောင်၍ ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် စေတနာရှင်ပြည်သူများ၊ တပ်မတော်မိသားစုဝင်များ၊ ဝန်ထမ်းများ၊ အသင်းအဖွဲ့များကလည်း ထမင်းဘူး၊ ရေသန့်၊ ခေါက်ဆွဲကြော်ဘူး၊ စားသောက်ဖွယ်ရာများ၊ အဝတ်အထည်များ၊ ‌စောင်၊ ခြင်ထောင်နှင့် အသုံးအဆောင်ပစ္စည်းများကို ဖြန့်ခွဲလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

ရာဂီမုန်တိုင်းအရှိန်ကြောင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း ငလိုက်ချောင်း၊ ဆင်သေချောင်းနှင့် ပေါင်းလောင်းမြစ်များတွင် ရေမြင့်တက်လျက်ရှိသည့်အတွက် ရေလွှမ်းမိုးခြင်း၊ မြစ်ကမ်းပါးနေရာအချို့၌ ကမ်းပါးပြိုကျခြင်း၊ လျှပ်စစ်မီးတိုင်များနှင့် အဆောက်အအုံများ ထိခိုက်ပျက်စီးခြင်း၊ လမ်းများ၊ တံတားများပြိုကျပျက်စီးခြင်း၊ မြေကျွံခြင်း၊ လူနေအိမ်များပျက်စီးခြင်း စသည်တို့ဖြစ်ပွားခဲ့သည့်အပြင် ရေကြီးရေလျှံမှုဖြစ်ပွားသော မြို့ရွာများတွင် လျှပ်စစ်မီးများပြတ်တောက်ပြီး အခြေခံပညာစာသင်ကျောင်းများကိုလည်း ခေတ္တပိတ်ထားရကြောင်း သိရသည်။

နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ လယ်ဝေးမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရအောင်းချောင်း၊ ပလွေးချောင်းနှင့် ငလိုက်ချောင်းများမှ ရေများမြင့်တက်လျက်ရှိသော်လည်း ရပ်ကွက်ကျေးရွာများတွင် ရေဝင်ရောက်မှုမရှိဘဲ ဥတ္တသီရိမြို့နယ်ရှိ တံခွန်တိုင်ချောင်း၊ တောင်ညိုချောင်း၊ ငလိုက်ချောင်းများတွင် ချောင်းဘေးရှိအချို့သော အိမ်ထောင်စုများတွင် ရေအနည်းငယ်ဝင်ရောက်လျက်ရှိသော်လည်း စိုးရိမ်ရသည့်အခြေအနေမရှိကြောင်း၊ အဆိုပါ ချောင်းဘေးတစ်လျှောက်တွင်နေထိုင်လျက်ရှိသည့် လူနေအိမ်များမှအိမ်ထောင်စုများကို အရေးပေါ်ရွှေ့ပြောင်းထားရှိနိုင်ရေး ယာယီရေဘေးရှောင်စခန်း ၁၆ ခုကို စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent