"ဝ"အဖွဲ့က တန့်ယန်းဒေသ မြောက်ပိုင်းကို ဝင်ရောက် နေရာယူခြင်းသည် သံလွင်မြစ်တွင် တရုတ်၏ ဆည်တည်ဆောက်ရေးစီမံကိန်းများအတွက် လမ်းပွင့်လာ ဟု ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံရေး စောင့်ကြည့်ရေးအဖွဲ့ (SSFIM) ထုတ်ပြန်

"ဝ"အဖွဲ့က တန့်ယန်းဒေသ မြောက်ပိုင်းကို ဝင်ရောက် နေရာယူခြင်းသည် သံလွင်မြစ်တွင် တရုတ်၏ ဆည်တည်ဆောက်ရေးစီမံကိန်းများအတွက် လမ်းပွင့်လာ ဟု ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံရေး စောင့်ကြည့်ရေးအဖွဲ့ (SSFIM) ထုတ်ပြန်
Published 5 September 2024
Ref:Shan state frontline

"၀"အဖွဲ့(UWSA)က     မကြာသေးမီက တန့်ယန်းဒေသ မြောက်ပိုင်းကို ဝင်ရောက်နေရာယူလိုက်ခြင်းသည် သံလွင်မြစ်တွင် တရုတ်၏ဆည်တည်ဆောက်ရေးစီမံကိန်းများအတွက် လမ်းပွင့်လာဟု ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံရေး စောင့်ကြည့်ရေးအဖွဲ့ (Shan State Frontline Investment Mornitor-SSFIM)က စက်တင်ဘာ ၅ ရက်တွင် ထုတ်ပြန်သည်။

သံလွင်မြစ်ပေါ်တွင် နောင်ဖားဆည်တည် ဆောက်ရန် တရုတ်၏ကာလရှည်အစီအမံများ မကြာမီ အကောင်အထည်ပေါ်လာမည်ကို ဒေသတွင်းစိုးရိမ်ပူပန်မှုများပေါ်ပေါက်လာစေသည်ဟု SSFIM ကဆိုသည်။

"၀" တပ်ဖွဲ့ ၂,၀၀၀ ကျော်သည် သံလွင်မြစ်ကို ဖြတ်၍ ၂၀၂၄ ခုနှစ် ဇူလိုင် ၁၀ ရက်တွင် တန်ယန်းဒေသကို ဝင်ရောက်ခဲ့ကြောင်းကို

အများပြည်သူများအားကြေညာခဲ့ပြီး တန်ယန်းမြို့အနီးတစ်ဝိုက်တွင်လည်းကောင်း၊ တန်ယန်း-မုံယိုင်း အဝေးပြေးလမ်းတစ်လျှောက်တွင်လည်းကောင်း နေရာယူခဲ့သည်။

သို့ရာတွင် အများအာရုံစိုက်မခံရသော အနေအထားတွင် "၀"အဖွဲ့(UWSA)သည် တန်ယန်းမြောက်ပိုင်းဒေသတစ်ခုလုံးကို လွန်ခဲ့သော ငါးလကတည်းက ထိန်းချုပ်ထားခဲ့ပြီး မန်းပန်ပြည်သူ့စစ်အဖွဲ့ကို ယင်းဒေသမှ ဖယ်ရှားခဲ့သည်ဟု SSFIM ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

တန်ယန်းမြောက်ပိုင်းအထိ "၀"အဖွဲ့(UWSA)၏အင်အားချဲ့ထွင်မှုက "၀"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်‌မြေထဲရှိ သံလွင်မြစ်လက်တက်ဖြစ်သော နမ်မမြစ်ပေါ်ရှိ တည်ဆောက်ဆဲ ၂၂၅ မဂ္ဂါဝပ်ရှိ မန်တုံဆည်၏တစ်ဘက် သံလွင်မြစ်အနောက်ဘက်ကမ်းကို ထိန်းချုပ်ပြီးသား ဖြစ်စေခဲ့သည်။

မန်တုံဆည်သည် တရုတ်အစိုးရပိုင် ဟိုက်ဒရိုချိုင်းနားကော်ပိုရေးရှင်းနှင့် IGE တို့၏ဖက်စပ်စီမံကိန်းဖြစ်ပြီး စီမံကိန်းသဘောတူညီချက်အရ အနီးရှိ သံလွင်မြစ်ကြောင်းတွင် မဂ္ဂါဝပ် ၁,၂၀၀ ရှိ နောင်ဖားဆည် တည်ဆောက်ရေး စီမံကိန်းပါဝင်သည်။

အဆိုပါဆည်နှစ်ခုစလုံးသည် BOT စနစ်ဖြင့်တည်ဆောက်သော စီမံကိန်းများဖြစ်ပြီး အနည်းဆုံး လျှပ်စစ်ဓာတ်အား ၅၀ ရာခိုင်နှုန်းအား တရုတ်သို့ တင်ပို့ရန် စီစဉ်ထားသော စီမံကိန်းများဖြစ်သည်။

ဆည်နှစ်ခုအတွက် နားလည်မှု စာချွန်လွှာကို ထိုစဉ်က တရုတ်ဒုတိယသမ္မတရှီကျင်းပင် ‌၂၀၀၉ ခုနှစ် ဒီဇင်ဘာလထဲတွင် နေပြည်တော်သို့လာသော ခရီးစဉ်၌ လက်မှတ်ရေးထိုးခဲ့ပြီး သဘောတူညီမှု စာချွန်လွှာကို ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၄ ခုနှစ် မေလထဲတွင် လက်မှတ်ရေးထိုးခဲ့သည်။

ပြည်သူများ၏ ကန့်ကွက်မှုကြောင့် နောင်ဖားဆည် တည်‌ဆောက်ရေးစီမံကိန်းကို အဟန့်အတားဖြစ်စေခဲ့သည်ဆိုသော်လည်း "၀"အဖွဲ့ကမူ ၎င်း၏နယ်မြေထဲ၌ မန်တုံဆည် စတင်တည်ဆောက်ရေးကို တိတ်တဆိတ်ခွင့်ပြုခဲ့သည်။

နမ်မမြစ်၏နှစ်ဘက်စလုံးတွင် ဆည် အုတ်မြစ်ချမှုများအတွက် ပြင်ဆင်နေသည်ကို မကြာသေးမီက ရရှိထားသော ဂြိုဟ်တုပုံများတွင် မြင်ရသည်ဟု SSFIM ကဆိုသည်။

မန်တုံဆည်တည်ဆောက်ရေးကို ခွင့်ပြုပေးခြင်းအားဖြင့် တရုတ်၏အကျိုးစီးပွားများကို ဖြည့်ဆည်းပေးရန် "၀"အဖွဲ့၏လိုလားမှုကြောင့် သံလွင်စီမံကိန်းတည်နေရာ၏နှစ်ဘက်စလုံးကို ယခု ထိန်းချုပ်ထားပြီဖြစ်သော "၀"အဖွဲ့အနေဖြင့် နောင်ဖားဆည်ကို အလားတူ မြန်မြန်ဆန်ဆန်အကောင်အထည်‌ဖော်စေရန်ဖြစ်နိုင်ခြေများလာစေကြောင်း SSFIM က ထောက်ပြထားသည်။

နောင်ဖားဆည်သည် ရှမ်းပြည်နယ် သံလွင်မြစ်ပေါ်၌ တရုတ်ကုမ္ပဏီများတည်ဆောက်ရန်စီစဉ်ထားသော ဆည်ကြီးသုံးခုထဲကတစ်ခုဖြစ်သည်။ အခြားစီမံကိန်းနှစ်ခုမှာ ရှမ်းမြောက်ပိုင်းရှိ မဂ္ဂါဝပ် ၁,၄၀၀ ရှိ ကွန်းလုံဆည်၊ရှမ်းပြည်နယ် တောင်ပိုင်းရှိ မဂ္ဂါဝပ် ၇,၀၀၀ ရှိ မိုင်းတုံဆည်တို့ဖြစ်သည်။

နောင်ဖားဆည်တည်ဆောက်မည့်နေရာသည် ပြတ်ရွှေ့ကြောများရှိရာနေရာဖြစ်၍ မြေငလျင် အန္တရာယ်ကို ဒေသခံများက စိုးရိမ်လျက်ရှိဟု SSFIM က ဖော်ပြထားသည်။

Most Read

Most Recent