တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည့် လွိုင်ကော်မြို့နှင့် ဆီဆိုင်မြို့များတွင် ပြန်လည်ထူထောင်ရေးနှင့် လုံခြုံရေးဆိုင်ရာလုပ်ငန်းများအတွက် နစက ဥက္ကဋ္ဌ သွားရောက်ခဲ့

တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည့် လွိုင်ကော်မြို့နှင့် ဆီဆိုင်မြို့များတွင် ပြန်လည်ထူထောင်ရေးနှင့် လုံခြုံရေးဆိုင်ရာလုပ်ငန်းများအတွက် နစက ဥက္ကဋ္ဌ သွားရောက်ခဲ့
Published 5 September 2024

တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည့် လွိုင်ကော်မြို့နှင့် ဆီဆိုင်မြို့များတွင် ပြန်လည်ထူထောင်ရေးနှင့် လုံခြုံရေးဆိုင်ရာလုပ်ငန်းများအတွက် နစက ဥက္ကဋ္ဌ သွားရောက်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၄ ရက် နံနက်ပိုင်းတွင် PNLO အဖွဲ့၊ KNDF အဖွဲ့နှင့် PDF များ၏ တိုက်ပွဲများ ဖော်ဆောင်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဆီဆိုင်ဒေသတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နေသည့် အခြေအနေများအား  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူတို့ လိုက်ပါ၍ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

PNLO အဖွဲ့၊ KNDF အဖွဲ့နှင့် PDF များ၏ လုပ် ရပ်များကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဆီဆိုင်မြို့အပါအဝင် ပတ်ဝန်းကျင်ရှိ ကျေးရွာများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား အစိုးရနှင့် တပ်မတော်မှ တတ်စွမ်းသ၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဒေသခံပြည်သူလူထုတို့မှလည်း ဝိုင်းဝန်းပါဝင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ရှေ့သို့ မတိုးနိုင်ဘဲ ရပ်တန့်နေခြင်းသည် ဒေသနှင့် နိုင်ငံတော်အတွက် ဆုံးရှုံးမှုပင်ဖြစ်သဖြင့် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြား လိုကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ထို့နောက် နစက ဥက္ကဋ္ဌက နယ်မြေခံတပ်မတော်သားများနှင့် မိသားစုဝင်များ၊ ဒေသခံပြည်သူများ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ရေးပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

အလားတူ နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ စက်တင်ဘာ ၄ ရက်တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) နယ်မြေအတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများကို စစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်ကျော်ခိုင်က နယ်မြေဒေသလုံခြုံရေးအတွက် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ လွိုင်ကော်မြို့နှင့် လွိုင်ကော်လေဆိပ်လုံခြုံရေး၊ လမ်း၊ တံတားများလုံခြုံရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိမှုနှင့် တပ်နယ်များအလိုက် နယ်မြေတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ KNPP အဖွဲ့ ၊ KNDF အဖွဲ့နှင့် PDF များက နယ်မြေတည်ငြိမ်မှု ပျက်ပြားစေရန် လုပ်ဆောင်လျက်ရှိမှု၊ နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်စဉ် PDF များ ဖမ်းဆီးရမိမှုနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၂၀၂၁ ခုနှစ်မှစတင်၍ လွိုင်ကော်ဒေသအတွင်း တိုက်ပွဲများဖြစ်ပေါ်ခဲ့ပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် လွိုင်ကော်ဒေသတို့တွင် တိုက်ပွဲများတစ်ချိန်တည်းဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ တပ်မတော်မှအရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များအနေဖြင့် ကြံ့ကြံ့ခံ၍ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနှင့် တို့တာဝန်အရေးသုံးပါးကို ကာကွယ်နေခြင်းဖြစ်ပြီး တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

လွိုင်ကော်မြို့နှင့် ဆက်စပ်နေရာများတွင် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပြီး ကယားပြည်နယ်အား ပုံမှန်အခြေအနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုများ အောင်မြင်အောင်ဆောင်ရွက်နိုင်ရေးအတွက် လုံခြုံရေးပိုင်းဆိုင်ရာများတွင် ဝိုင်းဝန်းဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားနယ်မြေဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာများနှင့်ပတ်သက်၍ လိုအပ်သည်များကို နစက ဥက္ကဋ္ဌက လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် နစ​က ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စက်တင်ဘာ ၄ ရက် မွန်းလွဲပိုင်းတွင် ကယားပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများအား ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၌တွေ့ဆုံ၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲ၌ အမှာစကားပြောကြားရာတွင် မကြာမီကာလက လွိုင်ကော်ဒေသအတွင်း KNDF အဖွဲ့နှင့် PDF များ၏ တိုက်ခိုက်မှုများကြောင့် လွိုင်ကော်မြို့အပါအဝင် မြို့ရွာများထိခိုက်ပျက်စီးခဲ့ရကြောင်း၊ ထို့သို့ ဆောင်ရွက်ခြင်းသည် ကယားပြည်နယ်အတွင်းနေထိုင်သည့် လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများက တိုက်ခိုက်သည့်လုပ်ရပ်ဖြစ်သဖြင့် ဆိုးရွားသည့်လုပ်ရပ်များပင်ဖြစ်ကြောင်း၊ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ၎င်းဒေသတွင် နေထိုင်သူများကပင် လုပ်ဆောင်ကြခြင်းဖြစ်ပြီး ဒေသ၏ဖွံ့ဖြိုးတိုးတက်မှုနောက်ကျစေရန်နှင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်လုပ်ဆောင်သည်မှာလည်း ဒေသခံများပင်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ဒေသအတွင်း တည်ငြိမ်အေးချမ်းရေးနှင့်ဒေသခံများ၏လုံခြုံရေးကို ဖျက်ဆီးနေသည့် ဒေသတွင်းနေထိုင်သောလက်နက်ကိုင်အဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ဆောင်မှုများ လျော့ပါးစေရေးအတွက် ပြည်သူများအနေဖြင့် ၎င်းတို့သက်ဆိုးရှည်စေမည့်ကိစ္စရပ်များကို ဝိုင်းဝန်းတားဆီးဆောင်ရွက်ပေးကြစေလိုကြောင်း၊ သောင်းကျန်းသူများအနေဖြင့် မြို့ရွာများရှိ ပြည်သူလူထုများ၏နေအိမ်များ၌ ဝင်ရောက်နေထိုင်၍ အကာအကွယ်ယူတိုက်ခိုက်ကြခြင်းဖြစ်ကြောင်း၊ ၎င်းတို့ယာယီအားဖြင့် ထိန်းသိမ်းထားသည့် မြို့ရွာများ၊ နေရာဒေသများတွင်လည်း ပြည်သူလူထုကို အကာအကွယ်ယူ၍ တိုက်ခိုက်မှုများလုပ်ဆောင်ခြင်းဖြစ်သဖြင့် ပြည်သူများအနေဖြင့် သတိတရား၊ အသိတရားများဖြင့်ရှောင်ရှားမည်ဆိုပါက သောင်းကျန်းသူအမြစ်ပြတ် ချေမှုန်းရေးလုပ်ငန်းများကို ပိုမိုမြန်ဆန်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ပိုးရယ်အောင်သိန်း၊ ခွန်စံလွင်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးမျိုးသန့်၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ဒုတိယဝန်ကြီးများ၊ ကယားပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများအား တက်ရောက်ကြကြောင်း သိရသည်။

Most Read

Most Recent