ကရင်ပြည်နယ်ရှိ ရွှေကုက္ကိုလ် ရထိုက်ရုံးနှင့် လုပ်ငန်းများအား ဖျက်သိမ်းပြီး မြို့တွင်းရှိ လုပ်ငန်းရှင်နှင့် ဝန်ထမ်းများအားလုံး အပြီးရွှေ့ပြောင်းပေးရမည်ဟုဆို

ကရင်ပြည်နယ်ရှိ ရွှေကုက္ကိုလ် ရထိုက်ရုံးနှင့် လုပ်ငန်းများအား ဖျက်သိမ်းပြီး မြို့တွင်းရှိ လုပ်ငန်းရှင်နှင့် ဝန်ထမ်းများအားလုံး အပြီးရွှေ့ပြောင်းပေးရမည်ဟုဆို
ပုံစာ‐ ရွှေကုက္ကိုလ်ရှိ အဆောက်အအုံများကို ထိုင်းနိုင်ငံဘက်ခြမ်းမှတွေ့ရစဉ်။ (Photo‐The Reporter)
ပုံစာ‐ ရွှေကုက္ကိုလ်ရှိ အဆောက်အအုံများကို ထိုင်းနိုင်ငံဘက်ခြမ်းမှတွေ့ရစဉ်။ (Photo‐The Reporter)
Published 5 September 2024

ကရင်ပြည်နယ်ရှိ ရွှေကုက္ကိုလ် ရထိုက်ရုံးနှင့် လုပ်ငန်းများအား ဖျက်သိမ်းပြီး မြို့တွင်းရှိ လုပ်ငန်းရှင်နှင့် ဝန်ထမ်းများအားလုံး စက်တင်ဘာ ၂၀ ရက်တွင်  အပြီးရွှေ့ပြောင်းပေးရမည်ဟု ရွှေကုက္ကိုလ် ရထိုက်စု ပေါင်းရုံးက သြဂုတ် ၁၃ ရက်တွင် ထုတ်ပြန်ထားသည့် လူမှုကွန်ရက်တွင် ထွက်ပေါ်နေသည့်ကြေညာချက်အရ သိရသည်။

ရွှေကုက္ကိုလ် ရထိုက်စုပေါင်းရုံး၏ ယခုကြေညာချက်သည် စက်တင်ဘာ ၁၅ ရက်မှစ၍ အကျုံးဝင်သည်။

နိုင်ငံတကာဖိအားပေးမှုနှင့်နိုင်ငံတော်၏တောင်းဆိုမှုကြောင့် မိမိတို့လက်ရှိလုပ်ကိုင်နေသော ဒေသဖွံ့ဖြိုးမှုဆိုင်ရာလုပ်ငန်းများအားလုံး အကန့်အသတ်မရှိရပ်ဆိုင်းမည်ဖြစ်ပါ၍ ရွှေက္ကိုလ်နှင့်ရထိုက်အပါအဝင်မြို့တွင်းရှိ လုပ်ငန်းရှင်နှင့် ဝန်ထမ်းများအားလုံး စက်တင်ဘာ ၂၀ ရက်တွင်နောက်ဆုံးအပြီးတိုင်ရွှေပြောင်းပေးပါရန်နှင့် ထွက်ခွာမည့်သူများအားလုံးသည် သြဂုတ် ၈ ရက် နောက်ဆုံးထား၍ ရထိုက်စုပေါင်းရုံးတွင် ကျသင့်ငွေ ၃၉၉၉၉ ဘတ် ပေးဆောင်ပြီး လာရောက်စာရင်းသွင်းရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုသို့ ရွှေကုက္ကိုလ်မှ ထွက်ခွာမည့်သူများသည် ရထိုက်မှစီစဉ်ပေးသော ကားဖြင့် မြဝတီမြို့သို့ထွက်ခွာရမည်ဖြစ်ကြောင်း၊ လာရောက်စာရင်းမသွင်းဘဲ မိမိအစီအစဉ်ဖြင့် ထွက်ခွာသူများအား ရထိုက်မှ နိုင်ငံတကာရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များသို့ ကိုယ်ရေးအချက်အလက်များကို ပေးပို့သွားမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ လုပ်ငန်းရှင်များနှင့်ဝန်ထမ်းများအားလုံး ပူပေါင်းဆောင်ရွက်ပေးရန် အထူးပင် နှိုးဆော်တိုက်တွန်းအပ်ကြောင်း ရွှေကုက္ကိုလ် ရထိုက်စုပေါင်းရုံး၏ ထုတ်ပြန်စာတွင်ပါရှိသည်။

ကရင်ပြည်နယ် မြဝတီမြို့နယ် ဒေသတစ်ဝိုက်ရှိ အွန်လိုင်းလုပ်ငန်း ဆောင်ရွက်နေသော နိုင်ငံခြားသားများ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထွက်ခွာရန် ကရင်နယ်ခြားစောင့်တပ်(BGF)က ၂၀၂၄ ခုနှစ် မေလဆန်းတွင် ကြေညာထားသည်။

BGF ၏ မြဝတီစည်းကမ်းထိန်းသိမ်းရေးရုံး၏ ထုတ်ပြန်ချက်တွင် မြဝတီမြို့နယ် ဒေသတစ်ဝိုက်ရှိ အွန်လိုင်းလုပ်ငန်းဆောင်ရွက်နေကြသော နိုင်ငံခြားသားများအားလုံး ၂၀၂၄ ခုနှစ် မေ ၁ ရက်မှ အောက်တိုဘာ ၃၀ ရက်အတွင်း ထွက်ခွာပေးရမည်ဖြစ်ကြောင်း၊ တရားမဝင် နယ်စပ်ဖြတ်ကျော် ခိုးဝင်ရောက်ရှိလာသော နိုင်ငံခြားသားများသည် မိမိတို့လာရာလမ်းအတိုင်း သတ်မှတ်ရက်အတွင်း ထွက်ခွာပေးရမည်ဖြစ်ကြောင်း၊ အောက်တိုဘာ ၃၀ ရက် နောက်ပိုင်းတွေ့ရှိခဲ့ပါက ထိရောက်စွာ အရေးယူခြင်းခံရမည်ဟု ဖော်ပြထားသည်။

ကရင်နယ်ခြားစောင့်တပ်ဖွဲ့(BGF) ခေါင်းဆောင်များသည် မြဝတီမြို့နယ်ရှိ တရုတ်ငွေလိမ်ဂိုဏ်းများနှင့် ဆက်နွှယ်နေသည်ဟု အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု (USIP) အဖွဲ့က ၂၀၂၄  ခုနှစ် ဧပြီ ၂၂ ရက်တွင် ထုတ်ပြန်သည့် သုံးသပ်ချက်ဆောင်းပါးတစ်ပုဒ်၌ စွပ်စွဲရေးသားထားသည်။

အဆိုပါကျားဖြန့်ဟုခေါ်သည့် တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းများသည် အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားလိမ်လည်ခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့သည် BGF က ထိန်းချုပ်ထားသည့် မြဝတီမြို့နယ် ရွှေကုက္ကိုမြို့တွင် နေထိုင်လုပ်ကိုင်ကြခြင်းဖြစ်သည်ဟုလည်း USIP ဆောင်းပါးတွင် ဖော်ပြခဲ့သည်။

လက်ရှိတွင် မြန်မာ-တရုတ် နယ်စပ်တွင် တရားမဝင် ဝင်ရောက်နေထိုင်ပြီး ကျားဖြန့်လုပ်ငန်းများ ဆောင်ရွက်နေသည့် တရုတ်နိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများကို ဖမ်းဆီး၍ မြန်မာနိုင်ငံမှ သက်ဆိုင်ရာ နိင်ငံများသို့ လွှဲပြောင်းပေးမှုများရှိသည်။

Most Read

Most Recent