■ တိုင်းရင်းသား လက်နက်ကိုင်အချို့ တိုက်ခိုက်သိမ်းယူသည့် နယ်မြေများတွင် ဗုဒ္ဓဘာသာအပေါ် နှိမ့်ချ စော်ကားသည့် အပြုအမူ အမြောက်အမြား ပေါ်ပေါက်လာ

■ တိုင်းရင်းသား လက်နက်ကိုင်အချို့ တိုက်ခိုက်သိမ်းယူသည့် နယ်မြေများတွင် ဗုဒ္ဓဘာသာအပေါ် နှိမ့်ချ စော်ကားသည့် အပြုအမူ အမြောက်အမြား ပေါ်ပေါက်လာ
Published 1 September 2024

■ ■ တိုင်းရင်းသား လက်နက်ကိုင်အချို့ တိုက်ခိုက်သိမ်းယူသည့် နယ်မြေများတွင် ဗုဒ္ဓဘာသာအပေါ် နှိမ့်ချ စော်ကားသည့် အပြုအမူ အမြောက်အမြား ပေါ်ပေါက်လာ

■ ကိုးကန့် ပြီးတော့ ကချင်... 

 

တိုင်းရင်းသားလက်နက်ကိုင်များ တိုက်ခိုက်သိမ်းယူသည့် နယ်မြေများတွင် ဗုဒ္ဓဘာသာအပေါ် နှိမ့်ချ စော်ကားသည့် အပြုအမူများ အမြောက်အမြား ပေါ်ပေါက်လာသည်။

၂၀၂၁ နိုင်ငံရေး အပြောင်းအလဲနှင့် ၁၀၂၇  စစ်ဆင်ရေး နောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်များက သိမ်းယူထားသည့် နယ်မြေများတွင် ဗုဒ္ဓဘာသာအပေါ် နှိမ့်ချ စော်ကားသည့် အပြုအမူများ အမြောက်အမြား ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၈ ရက်က လောက်ကိုင် ပွိုင့် ၂၂၀၂ တောင်ကုန်း (ဆင်ဦးကင်းကုန်း) ပေါ်ရှိ ဗုဒ္ဓဘာသာဝင်တို့၏ စေတီတစ်ဆူအား MNDAA အဖွဲ့ဝင်တစ်ဦးက တူဖြင့်ထုရိုက် ဖြိုဖျက်နေသည့် ရုပ်သံဖိုင်လူမှုကွန်ရက်တွင် ထွက်ပေါ်လာခဲ့သည်။ အဆိုပါရုပ်သံဖိုင်မှာ စက္ကန့်အနည်းငယ်သာကြာမြင့်ပြီး ခါးကြားတွင် ပစ္စတိုချိတ်ထားကာ အရာရှိအဆင့်ဖြစ်ဖွယ်ရှိသည့် MNDAA အဖွဲ့ဝင်တစ်ဦးက စေတီပေါ်သို့ တက်ရောက်ကာ တူဖြင့် ထုရိုက်ဖြိုဖျက် နေသည်ကို တွေ့ရသည်။ ထိုသို့ ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ် စေတီတစ်ဆူအား ဖြိုဖျက်မှုအပေါ် ဗုဒ္ဓဘာသာဝင်များက ပြင်းထန်စွာ ဝေဖန်မှုများ  ရှိခဲ့သည်။ 

ထို့ပြင် မတ် ၃၀ ရက်ကလည်း  MNDAA တပ်ဖွဲ့ဝင်များ ဗုဒ္ဓဘာသာကို ‌စော်ကားသည့် ဓာတ်ပုံများ လူမှုကွန်ရက်စာမျက်နှာနှင့် တယ်လီဂရမ်စာမျက်နှာ အချို့တွင် ထပ်မံပျံ့နှံ့လာခဲ့သည်။ လောက်ကိုင်မြို့ လေးမျက်နှာဘုရားရှိ ဆင်းတုတော်အချို့ပေါ်တွင် MNDAA တပ်ဖွဲ့ဝတ်စုံ ဝတ်ဆင်ထားသူနှစ်ဦးက မတ်တပ် ရပ်နေသည့်ပုံများကို တယ်လီဂရမ်စာမျက်နှာ အချို့တွင် ပျံ့နှံ့လာသည့်အပေါ် လူမှုကွန်ရက် သုံးစွဲသူများက ပြင်းပြင်းထန်ထန် ဝေဖန်မှုများလည်း ရှိခဲ့သည်။

ယင်းသို့ ဝေဖန်မှုများ ရှိနေချိန်တွင် စက်တင်ဘာ ၁ ရက်က ကချင် ပြည်နယ် အတွင်းရှိ သမိုင်းဝင် စိန်လုံတောင်ပေါ်ရှိ စေတီတော်ပေါ်တွင် ကချင်လူမျိုး အဆိုတော် မိုင်းမိုင်ဆိုင်း ဖိနပ်စီး၍ ဓါတ်ပုံရိုက်ပြီး လူမှုကွန်ရက်တွင် တင်ခဲ့မှုအပေါ် ဗုဒ္ဓဘာသာဝင်များအကြား ဝေဖန်မှုများ မြင့်တက်လျက် ရှိသည်။ 

မိုင်းမိုင်ဆိုင်း အနေဖြင့် စက်တင်ဘာ ၁ ရက်တွင်   ကချင် ပြည်နယ် အတွင်းရှိ သမိုင်းဝင် စိန်လုံတောင်ပေါ်ရှိ စေတီတော်ပေါ်၌ ဖိနပ်စီး၍ ဓါတ်ပုံရိုက်ပြီး ၎င်း၏ လူမှု ကွန်ရက်စာမျက်နှာပေါ်တွင် တင်ခဲ့မှုအပေါ် လူမှုကွန်ရက် သုံးစွဲသူများက လည်း အပြင်းအထန် ဝေဖန်လျက်ရှိသည်။

 မိုင်းမိုင်ဆိုင်း ၏ ပို့စ် အောက်တွင်  လူမှုကွန်ရက် သုံးစွဲသူ Vamsa Ashin က 

“ခင်ဗျားတို့ကလည်း အသက်ပေးပြီး တူတူတွဲတိုက်လာတဲ့ ဗုဒ္ဓဘာသာ တပ်သားတွေကို အားနာသင့်တယ်စစ်တပ်ကို စော်ကားလို့ ရပေမယ့် ဘုရားပုံတွေကို ဆော်ကားတာမျိုး မတင်သင့်ဘူး

ကိုယ့်ဘာသာကို စော်ကားတာ မကြိုက်ရင် အခွင့်သာတုန်း ပြန်စော်ကားလိုက်မယ်ဆိုတဲ့ စိတ် မထားသင့်ဘူးခင်ဗျားတို့ သိမ်းပြီးပြီပဲအများမမြင်အောင် ကြိုက်ရာ လုပ်လို့ရတယ်ဒါပေမယ့် ခုလို ချပြပြီး စော်ကားတာမျိုး ဘယ်ဘာသာဝင်မှ မကြိုက်ဘူးဆိုတာလောက်တော့ နားလည်သင့်တယ်ခင်ဗျားတို့ကို စစ်တပ်က စိတ်နာအောင် လုပ်ခဲ့လို့ စိတ်နာတယ်ဆိုခင်ဗျား ခုလို လုပ်လို့ ဗုဒ္ဓဘာသာအဝန်းအဝိုင်းက စိတ်နာလို့ ပြန်လုပ်တာမျိုး ကြုံလာရနိုင်တာလည်း သတိထားသင့်တယ်” ဟု ဝင်ရောက် ကွန်မန့် ပေးခဲ့သည်။ 

ထို့ပြင် လူမှုကွန်ရက် သုံးစွဲသူ Nilar Oo ကလည်း မိုင်းမိုင်ဆိုင်း ၏ ပို့စ် အောက်တွင်

“Mai Mai Seng အသေဆိုးနဲ့မသေပါစေနဲ့လို့သာ မေတ္တာပို့ဆုတောင်းနေမယ် နင်တို့ဖာသာ ကြိုက်သလိုတိုက် ဘာသာနဲ့ပက်သက်ပီးယုတ်မာရင် ဖိနပ်စီးတက်ပီးစော်ကားတဲ့နင့်ခြေထောက် မဖြတ်ရပါစေနဲ့လို့ မေတ္တာပို့ပေးမယ်” ဟုဝင်ရောက် ကွန်မန့် ပေးခဲ့သည်။

ထိုသို့ ၎င်း၏ ပို့စ် အောက်တွင် လာရောက် ကွန်မန့် ပေးသူများကို မိုင်းမိုင်ဆိုင်းက “မဆီမဆိုင် ဘာသာရေးနဲ့ ကိုင်ပီးလိုက်စိတ်ကောက်မနေကြနဲ့

ဒီလောက် ယုတ်ညံ့တဲ့ ခွေး တွေ နေတဲ့ နေရာ ဘာ ဘုရားမှ လည်းမရှိဘူး ဆိုတာယုံ။ စစ်တပ် စခန်းတိုင်း ဘုရားစေတီ နဲ့ တွဲတွဲပီး ကာဗာ လုပ် ဘုရားဟောအတိုင်းနေကြသလားဆိုတော့ $ တလွဲ ။ သူများလူမျိုး ဘာသာတွေရဲ့ သမိုင်းဝင်တောင်ပေါ် အနိုင်ကျင့် ဘုရားတည် သူများလူမျိူးတွေကိုအထိ ရက်ရက်စက်စက် ဂူသွင်း Tat ထည့်ခဲ့တဲ့ စေတီ တွေ။

ဒီလိုအရာကို ဘုရား လို့တောင် ခင်များတို့ဗုဒ္ဓဘာသာတွေ ယောင်လို့တောင်မသုံးနှုန်းမိစေနဲ့။ဒါတွေဟာဘုရားတွေလည်းမဟုတ်သလို ဘာသာရေးအတွက်လည်းလုပ်ထားတာမဟုတ်ပါ။ကျောက်ပြားပေါ်က နာမည်တွေသာအရင်ဖတ်ကြည့်ကြ။ တမင်လုပ်တာမဟုတ်ပေမယ့် ဒီလိုတင်မိလို့ ကျမကို ထင်ချင်သလိုထင် နေမယ့်အစား တကယ် ကြည်ညိုစရာတန်ခိုးကြီးဘုရားပေါ်မှာ ဖင်ယားကြတဲ့ သူတွေ ကိုအရင်သွားဆုံးမကြပါ သူတော်စင်တို့  ” ဟု ပြန်လည် တုံ့ပြန် ရေးသားခဲ့သည်ကိုလည်း တွေ့ရသည်။

မိုင်းမိုင်ဆိုင်း သည် ၂၀၁၇ ခုနှစ်က ကျင်းပခဲ့သည့် Myanmar Idol Season 2 တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူလည်း ဖြစ်သည်။ 

တိုင်းရင်းသားလက်နက်ကိုင်များ တိုက်ခိုက်သိမ်းယူသည့် နယ်မြေများတွင် ဗုဒ္ဓဘာသာအပေါ် နှိမ့်ချ စော်ကားသည့် အပြုအမူများ အမြောက်အမြား ပေါ်ပေါက်နေချိန်တွင်  ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၈ ရက်က လောက်ကိုင် ပွိုင့် ၂၂၀၂ တောင်ကုန်း (ဆင်ဦးကင်းကုန်း) ပေါ်ရှိ ဗုဒ္ဓဘာသာဝင်တို့၏ စေတီတစ်ဆူအား MNDAA အဖွဲ့ဝင်တစ်ဦးက တူဖြင့်ထုရိုက် ဖြိုဖျက်နေသည့် ရုပ်သံဖိုင်လူမှုကွန်ရက်တွင် ထွက်ပေါ်မှုနှင့် ပတ်သက်၍ MNDAA က တောင်းပန်သည့် စာတစ်စောင်ကို ဇန်နဝါရီ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ 

ဇန်နဝါရီ ၈ ရက်က MNDAA စစ်ယူနီဖောင်းဝတ်ဆင်ထားသော လူငယ်တစ်ဦးက ဗုဒ္ဓဘာသာစေတီတစ်ဆူကို သံတူဖြင့် ထုရိုက်နေသော ဗီဒီယိုဖိုင်သည် အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့ကြောင်း ယင်းဗီဒီယိုဖိုင်ကြောင့် ပြည်သူများအနေဖြင့် MNDAA အပေါ်ကို နားလည်မှုလွဲမှားခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့အပြင် ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခများကို ရည်ရွယ်ချက်ရှိရှိဖြင့် လှုံ့ဆော်မှုများကို တားမြစ်ရန်နှင့် ဗုဒ္ဓဘာသာဝင်များက ယင်းဗီဒီယိုကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုင်နစ်နာမှုများ မဖြစ်ပေါ်စေရန် အချက်လေးချက်ကို ထုတ်ပြန်လိုက်ကြောင်း MNDAA က ကြေညာခဲ့သည်။

ပထမအချက်တွင် သံတူဖြင့် ဘုရားစေတီတော်ကို ရိုက်ထုခြင်းသည် MNDAA က အမိန့်ပေးခြင်းမဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရ လုပ်ရပ်သာဖြစ်ကြောင်း၊ ဒုတိယအချက်တွင် မိမိတို့အဖွဲ့အစည်းအနေဖြင့် လက်အောက်ငယ်သား၏ တပ်စည်းမျဉ်းစည်းကမ်း ညံ့ဖျင်းမှုနှင့် အရည်အချင်းမရှိသော လုပ်ဆောင်မှုအတွက် လွန်စွာတောင်းပန်အပ်ကြောင်းနှင့် တတိယအချက်တွင် MNDAA အဖွဲ့အနေဖြင့် လွတ်လပ်သော ဘာသာရေးကိုးကွယ်မှုကို လေးစားလိုက်နာပြီး အခြားဘာသာများအား ဆန့်ကျင်ခြင်းနှင့် ဘာသာရေးအဆောက်အဦများ ဖျက်ဆီးရန် အမိန့်ပေးခြင်းများ လုံးဝမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် စတုတ္ထအချက်တွင် ယင်းကိစ္စနှင့်ပတ်သက်၍ MNDAA စစ်ရေးကော်မတီမှ သက်ဆိုင်ရာဌာနကို တာဝန်ပေးထားပြီး တရားခံအား အရေးယူအပြစ်ပေးရန် ညွှန်ကြားထားကြောင်းနှင့် MNDAA အရာရှိစစ်သည်များအနေဖြင့် ဘာသာရေးလွတ်လပ်မှုကို လေးစားရန်နှင့် ဘာသာရေးအဆောက်အဦများကို အလေးထားအကာအကွယ်ပေးရန်လည်း ညွှန်ကြားထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထိုသို့ MNDAA က  ဗုဒ္ဓဘာသာစေတီတစ်ဆူကို သံတူဖြင့် ထုရိုက်နေသော ဗီဒီယိုဖိုင် ဖြစ်စဉ်နှင့် ပတ်သက်၍ တောင်းပန်စာ ထုတ်ပြန်ခဲ့သော်လည်း ကချင်ပြည်နယ်အတွင်း ဗုဒ္ဓဘာသာကို စော်ကားသည့် အပြုအမူများနှင့် ပတ်သက်၍ မူ ကချင် လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်သည့် KIA အနေဖြင့် မည်သည့် ထုတ်ပြန်ချက် တစ်စုံတစ်ရာကိုမျှ ထုတ်ပြန်ထားခြင်း မရှိပေ။ 

 ၂၀၁၄ ခုနှစ် သန်ခေါင်စာရင်း အရ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ သည် အဓိက ဘာသာကြီး ဖြစ်ပြီး လူဦးရေ၏ ၈၈ ရာခိုင်နှုန်း ကိုးကွယ်ကြသည်။ ခရစ်ယန်ဘာသာကိုးကွယ်သူ ၆.၂ ရာခိုင်နှုန်း၊ အစ္စလမ် ဘာသာ ကိုးကွယ်သူ ၄ ဒသမ  ၃ ရာခိုင်နှုန်း  ၊  ဟိန္ဒူ ဘာသာ ကိုးကွယ်သူ ၀ ဒသမ ၅ ရာခိုင်နှုန်း ၊  မျိုးနွယ်စု ဘာသာ ကိုးကွယ်သူ ဝ.၈ ရာခိုင်နှုန်း၊ အခြား ဘာသာကိုးကွယ်သူ ဝ.၂ ရာခိုင်နှုန်း နှင့် ဘာသာမဲ့ ဝ.၁ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။ 

 ၂၀၁၄ ခုနှစ် သန်ခေါင်စာရင်း အရ ဗုဒ္ဓဘာသာ ကို  ဗမာ၊ ရခိုင်၊ ရှမ်း၊ မွန်၊ ကရင်နှင့် တရုတ်လူမျိုးများသည် အများဆုံး ကိုးကွယ်ကြသည်။ ဗမာလူမျိုးများသည် ဗုဒ္ဓဘာသာအောက်တွင် ရိုးရာယုံကြည်မှုကိုလည်း ကိုးကွယ်ကြသည်။  လူနည်းစု မျိုးနွယ်စုများသည် ခရစ်ယာန်ဘာသာ ကို ချင်းလူမျိုး ၊ ကချင်လူမျို နှင့် ကရင်လူမျိုး ၊  အစ္စလာမ်ဘာသာ ကို ရခိုင်ပြည်နယ်ရှိ ကမန် ၊ ဘင်္ဂလီ ၊ အိန္ဒိယနွယ်ဖွားများနှင့် လူနည်းစု နှင့်  ဟိန္ဒူဘာသာ ကို  မြန်မာအိန္ဒိယနွယ်ဖွားများက ကိုးကွယ်ကြကြောင်း သိရသည်။ 

မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ  မည်သည့်ဘာသာကို မဆို  လွတ်လပ်စွာကိုးကွယ်ခွင့်ပြုကြောင်း  ပြဋ္ဌာန်းထားသည်။ သို့သော်လည်း လက်ရှိအချိန်တွင်  မြန်မာနိုင်ငံ၌ လူအများစု ကိုးကွယ်သည့် ဗုဒ္ဓဘာသာအပေါ် နှိမ့်ချစော်ကားသည့် လုပ်ရပ်များ အမြောက်အမြား ဖြစ်ပွားလာပြီး အထူးသဖြင့် လက်နက်ကိုင် အဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ထားသော နယ်မြေများတွင် ဘုရားစေတီ ပုထိုးများ ဖြိုဖျက်ခြင်း ၊ သံဃာတော်များကို သတ်ဖြစ်ခြင်း၊ စော်ကားခြင်း ဖြစ်စဉ်များ ၊ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သူများအတွက် စိတ်နှလုံး မချမ်းမြေ့ဖွယ်ရာ ဖြစ်စေသည့်  ဗုဒ္ဓဘာသာကို စော်ကားသည့် ဖြစ်စဉ်များ ကိုလည်း အမြောက်အမြား ပြုလုပ်လာသည်ကို တွေ့ရသည်။  ထို့ပြင်  ၂၀၂၁ နိုင်ငံရေး အပြောင်းအလဲ နောက်ပိုင်းတွင် အတိအကျ မသိရသေးသော်လည်း ယခင်က လူဦးရေ၏ ဝ.၁ ရာခိုင်နှုန်းသာ ရှိသည့် ဘာသာမဲ့အချိုးအစားမှာ လက်ရှိတွင် ယင်းထက် ပိုမို များပြားလာနိုင်ပြီး ဗုဒ္ဓဘာသာအပေါ် နှိမ့်ချ စော်ကား တိုက်ခိုက်မှုများလည်း ပိုမို ဖြစ်ပွားလာသည်ကို တွေ့ရသည်။ 

“၂၀၂၁ နိုင်ငံရေးအခင်းအကျင်းအပြောင်းအလဲနောက်ပိုင်း ဗုဒ္ဓဘာသာကို တိုက်ခိုက်စော်ကားလာမှုတွေ ပိုများလာတယ်။ကိုးကန့်တွင် သူတို့သိမ်းယူလိုက်တဲ့ နေရာက ဘုရားစေတီတွေအပေါ် ဖိနပ်တွေနဲ့ တက်တယ်။ တူနဲ့ ထု၊ ဖြိုဖျက်တယ်။ အခုကချင်မှာလည်း ဗုဒ္ဓဘာသာဘုရားစေတီပုထိုးတွေပေါ် ဖိနပ်စီးပြီးတော့ တက်တယ်။ ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်တွေမှာ ဖြန့်တယ်။ ဒါတွေဟာ ဗုဒ္ဓဘာသာနဲ့ ဘာသာတရားပေါ်မှာ နှိမ့်ချစော်ကားမှု တွေ ဒီလိုပေါ်ပေါ်တင်တင် လုပ်လာတာ မဖြစ်သင့်ပါဘူး။ MNDAA ၊ KIA စတဲ့ လက်နက်ကိုင်အဖွဲတွေဟာ ဘာသာတရားခွဲခြားမှုအပြုအမူတွေ မလုပ်ဖို့၊ မရှိဖို့ သတိပြုဖို့ လိုပါလိမ့်မယ်။ ရန်ကုန်၊ မန္တလေးလို ဗုဒ္ဓဘာသာများတဲ့ မြို့ကြီးတွေမှာလည်း ဘယ်ဘာသာကိုမှ တစ်ခုနဲ့ တစ်ခု စော်ကားတာ၊ နှိမ့်ချတာ မရှိဘူး။ ဒီမြို့တွေမှာ ကချင်တွေလည်း အများကြီးပဲ။ တခြားတိုင်းရင်းသားတွေလည်း နေကြတာပဲ။ လွတ်လပ်စွာ ကိုးကွယ်ခွင့် ရကြတယ်။ အခုနောက်ပိုင်း တဖြေးဖြေးနဲ့ ဗုဒ္ဓဘာသာကို စော်ကားနှိမ့်ချတဲ့ အပြုအမူတွေ များလာသလို တိတိကျကျ မသိနိုင်ပေမဲ့ ဘာသာမဲ့ ဆိုတဲ့ ပုံစံတွေ၊ ၂၀၁၄ စာရင်းအရ လူဦးရေရဲ့ ဝ.၁ ရာခိုင်နှုန်းသာ ရှိတဲ့ ဘာသာမဲ့ ပမာဏ ဟာလည်း အတိုင်းအတာတစ်ခု အထိ များလာနိုင်ပြီး သူတို့တွေဟာလည်း ဗုဒ္ဓဘာသာအပေါ် Target ထားတိုက်ခိုက်မှုတွေ ၂၁ အခင်းအကျင်း နောက်ပိုင်းမှာ အမြောက်အမြား တွေ့လာရတယ်။ MNDAA တွေရဲ့ စေတီပုထိုးတွေကို တူနဲ့ ထုဖြိုချတဲ့လုပ်ရပ် ကို ဗုဒ္ဓဘာသာဝင်တွေ အပြင်းအထန် ဝေဖန်ကန့်ကွက်ခဲ့ပြီး ဒါနဲ့ ပတ်သက်လို့ ကိုးကန့်တွေက စာထုတ် တောင်းပန်တာတွေလုပ်တယ်။ အခုကချင်မှာ ဒီလို ဘာသာတရားကို စော်ကားတာတွေအတွက် KIA အနေနဲ့ တစ်စုံတစ်ရာ တားဆီးတာ၊ ထုတ်ပြန်တာ၊ တောင်းပန်တာမျိုး မတွေ့သေးဘူး။ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ နိုင်ငံမှာရှိနေတဲ့ လွတ်လပ်စွာ ကိုးကွယ်ခွင့်အပေါ် လေးစားပြီး လူအများယုံကြည်ကိုးကွယ်တဲ့ နိုင်ငံလူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းကျော် ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာအပေါ် နှိမ့်ချစော်ကားတဲ့ လုပ်ရပ်တွေအပေါ် သတိပြုဆင်ခြင်ဖို့ လိုပါလိမ့်မယ်” ဟု နိုင်ငံရေးသုံးသပ်သူတစ်ဦးက မှတ်ချက်ပြုပြောကြားသည်။

Most Read

Most Recent