■ ပုံစံသစ်ဖြင့်ကျင်းပမည့် ၂၀၂၄-၂၅ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ League Phase ပွဲစဉ်ရေးဆွဲပွဲအခမ်းအနားကို ယနေ့ပြုလုပ်မည်

■ ပုံစံသစ်ဖြင့်ကျင်းပမည့် ၂၀၂၄-၂၅ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ League Phase ပွဲစဉ်ရေးဆွဲပွဲအခမ်းအနားကို ယနေ့ပြုလုပ်မည်
Photo: UCL
Photo: UCL
Published 29 August 2024

ပုံစံသစ်ဖြင့် ကျင်းပမည့် ၂၀၂၄-၂၅ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ League Phase ပွဲစဉ်ရေးဆွဲပွဲအခမ်းအနားကို သြဂုတ် ၂၉ ရက် (ယနေ့)တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို ယခင် ၃၂ သင်းဖြင့် လေးသင်း ရှစ်အုပ်စုရေးဆွဲသည့်ပုံစံအစား ပြိုင်ပွဲဝင်အသင်း ၃၆ သင်းကို လိဂ်ပြိုင်ပွဲတစ်ခုအသွင်ထားရှိပြီး အသင်းတစ်သင်းလျှင် အိမ်ကွင်း လေးပွဲနှင့် အဝေးကွင်း လေးပွဲ ကစားရမည်ဖြစ်သည်။

ပွဲစဉ်ရေးဆွဲရာတွင် ချန်ပီယံလိဂ် လက်ရှိချန်ပီယံမှအပ UEFA Club Coefficient အလိုက် Pot တစ်ခုလျှင် ၉ သင်းစီဖြင့် Pot လေးခုထားရှိပြီး အသင်းတစ်သင်းစီလျှင် Pot တစ်ခုစီမှ အသင်းနှစ်သင်းနှင့် အိမ်ကွင်းတစ်ပွဲ၊ အဝေးကွင်းတစ်ပွဲစီ

ကစားရမည်ဖြစ်သည်။

League Phaseအဆင့်သို့ တိုက်ရိုက်ဝင်ခွင့်ရထားသည့်အသင်းပေါင်း ၂၉ သင်းအထိရှိပြီး ကျန်ခုနစ်သင်းမှာ ခြေစစ်ပွဲအဆင့်မှ တက်ရောက်လာခြင်းဖြစ်သည်။

League Phase၌ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရထားသည့် အသင်းများမှာ အာဆင်နယ်၊ အက်စတွန်ဗီလာ၊ လီဗာပူးလ်၊ မန်စီးတီး၊ အက်သလက်တီကို၊ ဘာစီလိုနာ၊ ဂျီရိုနာ၊ ရီးယဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်၊ လိုက်ပ်ဇစ်၊ လေဗာကူဆင်၊ စတုဂတ်၊ အတ္တလန်တာ၊ ဘိုလော့ဂ်နာ၊ အင်တာမီလန်၊ ဂျူဗင်တပ်စ်၊ အေစီမီလန်၊ ဘရက်စ်၊ မိုနာကို၊ PSG၊ စတမ်းဂရက်ဇ်၊ ဖီယင်နု၊ PSV၊ ဘင်ဖီကာ၊ စပို့တင်းလစ္စဘွန်း၊ ကလပ်ဘရုဂေး၊ ဆဲလ်တစ်၊ ရှက်တာဒိုးနက်စသည့်အသင်းများမှာ တိုက်ရိုက်ယှဉ်ပြိုင်ခွင့် ရထားခြင်းဖြစ်သည်။

ယန်းဘွိုင်းစ်၊ စပါတာပရပ်ဂ်၊ ဆာလ်ဇ်ဘာ့ဂ်၊ ဒိုင်နမိုဇာဂရက်၊ ဆလိုဗန်၊ ဇဗက်ဒါနှင့် လိုင်လီအသင်းများမှာ ခြေစစ်ပွဲအဆင့်မှ တက်ရောက်လာခဲ့သည်။

 

ရှုံးထွက်အဆင့်တွင် လိဂ်ပြိုင်ပွဲ အမှတ်ပေးဇယားအလိုက် ထိပ်ဆုံးရပ်တည်မှုရ ရှစ်သင်းသည် ၁၆ သင်းအဆင့်သို့ တိုက်ရိုက်တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။

အဆင့် (၉) မှ ၂၄ အတွင်းရပ်တည်သည့် အသင်းများမှာမူ Knockout Play-offs အဆင့်အဖြစ် ယှဉ်ပြိုင်ကစားရပြီး အနိုင်ရရှိမှ ၁၆ သင်းအဆင့် သို့ တက်ရောက်ခွင့်ရှိသည်။

အဆင့် ၂၅ မှ ၃၆ ရအသင်းများမှာ ပြိုင်ပွဲမှထွက်ရမည်ဖြစ်ပြီး ယခင်ကကဲ့သို့ ယူရိုပါလိဂ်ပြိုင်ပွဲသို့ ကူးပြောင်းကစားခွင့်ရှိမည်မဟုတ်ကြောင်း သိရသည်။

အသင်းတစ်သင်းလျှင် အနည်းဆုံး ရှစ်ပွဲစီ ကစားရမည်ဖြစ်ပြီး ဗိုလ်လုပွဲရောက်နှစ်သင်းမှာမူ အများဆုံး ၁၇ ပွဲအထိ ကစားရမည်ဖြစ်သည်။

ချန်ပီယံလိဂ်ပြိုင်ပွဲ League Phase ပွဲစဉ်ရေးဆွဲပွဲကို သြဂုတ် ၂၉ ရက် မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent