လားရှိုးမြို့နှင့် အခြားနေရာများမှ တရုတ်နိုင်ငံသားများအနေဖြင့် ပဋိပက္ခဇုန်များနှင့် ဝေးကွာသောနေရာ သို့မဟုတ် နေရပ်သို့ ပြောင်းရွှေ့နေထိုင်ရန် တရုတ်သံရုံး သတိပေးချက်ထုတ်ပြန်

လားရှိုးမြို့နှင့် အခြားနေရာများမှ တရုတ်နိုင်ငံသားများအနေဖြင့် ပဋိပက္ခဇုန်များနှင့် ဝေးကွာသောနေရာ သို့မဟုတ် နေရပ်သို့ ပြောင်းရွှေ့နေထိုင်ရန် တရုတ်သံရုံး သတိပေးချက်ထုတ်ပြန်
Published 7 August 2024

လားရှိုးမြို့နှင့် အခြားနေရာများမှ တရုတ်နိုင်ငံသားများအနေဖြင့် ပဋိပက္ခဇုန်များနှင့် ဝေးကွာသောနေရာ သို့မဟုတ် နေရပ်သို့ ပြောင်းရွှေ့နေထိုင်ရန်  မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သြဂုတ် ၆ ရက်တွင် သံရုံး wechat လူမှုကွန်ရက်တွင် သတိပေးချက်ထုတ်ပြန်ထားသည်။

တရုတ်သံရုံး၏ထုတ်ပြန်ချက်၌ လက်ရှိတွင် မြန်မာနိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ် လားရှိုးကဲ့သို့သော နေရာများတွင် လုံခြုံရေးအန္တရာယ်မြင့်မားလျက်ရှိကြောင်း၊ လားရှိုးမြို့နှင့် အခြားနေရာများမှ တရုတ်နိုင်ငံသားများအနေဖြင့် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို မြန်မာနိုင်ငံရှိ သံရုံးနှင့် ကောင်စစ်ဝန်ထံ ဆောလျင်စွာ သတင်းပို့ရန်၊ လုံခြုံရေးသတိထားမှုများ အားကောင်းစေရန်၊ လုံခြုံရေးအန္တရာယ်များကို ရှောင်ရှားကာ အမြန်ဆုံးပြောင်းရွှေ့နေထိုင်ရန်၊ ပဋိပက္ခဇုန်များနှင့် ဝေးကွာသော သို့မဟုတ် နေရပ်သို့ ပြောင်းရွှေ့နေထိုင်ရန်နှင့် ပုဂ္ဂိုလ်ရေးနှင့် ပိုင်ဆိုင်မှုဘေးကင်းရေး သေချာစေရန်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် တရုတ်နိုင်ငံသားများသည် အရေးပေါ်အခြေအနေတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် မန္တလေးကောင်စစ်ဝန်ရုံးတို့ထံ အချိန်နှင့်တစ်ပြေးညီ အကူအညီတောင်းခံရန်လည်း သံရုံးက အသိပေးထားသည်။

မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး နယ်စပ်လုံခြုံရေး၊ တရုတ်စီမံကိန်းများနှင့်  နယ်စပ်ဒေသနေထိုင်သူများ မထိခိုက်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများ စေ့စပ်ဆွေးနွေးခြင်းနှင့် တိုက်ပွဲများ ရပ်ရန်၊ အငြင်းပွားမှုများကို ငြိမ်းချမ်းသည့် နည်းလမ်းဖြဖြေရှင်းပြီး အခြေအနေတင်းမာမှုကိုလျှော့ချရန်၊ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးခြင်းများကို တရုတ်နိုင်ငံက ဆက်လုပ်ရန်နှင့် အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေး ဆွေးနွေးများ အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းထားရန် တရုတ်နိုင်ငံက တောင်းဆိုထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ ပုဂ္ဂိုလ်မစ္စမော်နင်းက ဇူလိုင် ၂၅ ရက် ပြောကြားထားသည်။

Most Read

Most Recent