လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အနီးတစ်ဝိုက်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ

လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အနီးတစ်ဝိုက်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ
Published 29 July 2024

လားရှိုးမြို့တွင် နှစ်ဖက်တိုက်ပွဲအသံများ ဆက်လက်ရှိနေဆဲဖြစ်ပြီး အထူးသဖြင့် အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) အနီးတစ်ဝိုက်တွင် တိုက်ပွဲများပြင်းထန်နေကြောင်း ယနေ့(ဇူလိုင် ၂၉ ရက်) နံနက်ပိုင်းတွင် ရရှိသောသတင်းများအရ သိရသည်။

အထူးသဖြင့် ခလရ(၆၈)တပ်ဘက်အခြမ်းနှင့် လားရှိုးဗဟိုအကျဉ်းထောင်အနီးတွင် ယမန်နေ့က တိုက်ပွဲအသံများ ကျယ်လောင်စွာထွက်ပေါ်ခဲ့ကြောင်း ဒေသခံအချို့၏ ပြောကြားချက်များအရ သိရသည်။

ယနေ့နံနက်တွင်ကြားသိရသော သတင်းများအရ လေယာဉ်ကွင်းဘက်သွားသည့်လမ်း မျက်နှာခြင်းဆိုင်တွင်ရှိသော အထက(၅)သို့ လက်နက်ကြီးဖြင့်ပစ်ခတ်ခံရပြီး  ကိုယ်ဝန်ဆောင်သည်အချို့နှင့် မှီခိုသူအချို့  ထိခိုက်ဒဏ်ရာရမှုများရှိကြောင်း သိရသည်။

ထို့အပြင် ခလရ(၆၈)တပ်ကို MNDAA ဘက်မှ ရယူသွားသည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး ယင်းတပ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ရမခအတွင်းသို့ ပူးပေါင်းသွားဖွယ်ရှိကြောင်း မြေပြင်သတင်းများ၏အဆိုအရ သိရသည်။

ခလရ(၆၈)နှင့် မလှန်းမကမ်းတွင်ရှိသော လားရှိုးအကျဉ်းထောင်ကိုလည်း ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် အကျဉ်းသားများ လွတ်မြောက်သွားသည်ဟူသည့် သတင်းများလည်း ပျံ့နှံ့ခဲ့ပြီး MNDAA နှင့် ရှမ်းမြောက်တိုက်ပွဲများအတွင်းပါဝင်နေသော BPLA မှမောင်ဆောင်းခကလည်း ယင်းနှင့်ပတ်သက်၍ ၎င်း၏လူမှုကွန်ရက်တွင် တိုက်ပွဲအတွင်း ထောင်ပွင့်သွားကြောင်း၊ ယခင်ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌဖြစ်ခဲ့သူ ဦးထွန်းထွန်းဟိန်နှင့် နိုင်ငံရေးအကျဉ်းသားအချို့ကို ရှာဖွေနေကြောင်းနှင့် အကျဉ်းသားများ လွတ်ရာကျွတ်ရာပြေးကြရင်း အဆက်အသွယ်မရလိုက်ကြောင်း ရေးသားထားသည်ကိုတွေ့ရသည်။

အဆိုပါ ခလရ(၆၈)တပ် အခြေအနေနှင့် လားရှိုးဗဟိုအကျဉ်းထောင်တို့၏ ဖြစ်စဉ်အခြေအနေများကို နစကဘက်မှ တစ်စုံတစ်ရာထုတ်ပြန်ထားခြင်း မရှိသေးဘဲ လက်ရှိအချိန်အထိ သတင်းမှန်ပြန်ကြားရေးအဖွဲ့ဘက်မှ ယင်းသတင်းနှင့်ဆက်စပ်မေးမြန်းမှုအပေါ် တစ်စုံတစ်ရာ အတည်ပြုဖြေကြားထားခြင်းမရှိသေးပေ။ နစကဘက်မှ အတည်ပြုထုတ်ပြန်ဖြေကြားလာပါက ထပ်မံဖော်ပြပေးမည်ဖြစ်ပါသည်။

ယနေ့နံနက်ပိုင်းတွင် ကြားသိရသော သတင်းများအရ MNDAA နှင့်ပူးပေါင်းအဖွဲ့များအနေဖြင့် ရမခအနီးတစ်ဝိုက်သို့ ချဉ်းကပ်ပြီး ရမခသို့ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ရန် လုပ်ဆောင်မှုများရှိနေကာ လားရှိုးလေယာဉ်ကွင်းဘက်အခြမ်းတွင် တိုက်ပွဲဖြစ်ပွားနေသည့်အသံများ ကြားရကြောင်း ဒေသခံအချို့၏ ပြောကြားချက်အရ သိရသည်။

"မနေ့က ဗဟိုအကျဉ်းထောင် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခံရတယ်လို့သိရတယ်။ အဲဒီဘက်ခြမ်းက အခြေအနေကို သတင်းတွေက အမျိုးမျိုးဖြစ်နေတယ်။ ဒီနေ့မနက်ပိုင်းမှာဆိုရင် ရမခနားတစ်ဝိုက်မှာ ပစ်ခတ်သံတွေကြားရတယ်။ လေယာဉ်ကွင်းဘက်ကနေ MNDAA ဘက်က လက်နက်ကြီးနဲ့ ပစ်နေတယ်လို့ သိရပြီး ရမခဘက်ကလည်း ပြန်လည်ပစ်ခတ်မှုတွေရှိနေတယ်လို့ ကြားရတယ်။ လေယာဉ်ကွင်းဒီဘက်ခြမ်းမှာတော့ အမြောက်တပ်လည်းရှိနေတယ်။ ရမခနားကိုတော့ တဖြည်းဖြည်းနဲ့ တိုးလာပြီး တိုက်ပွဲတွေဖြစ်နေတဲ့ပုံစံမျိုးလိုပဲ သိရတယ် ဟု လားရှိုးစစ်သတင်းအခြေအနေများကို စောင့်ကြည့်သိရှိနေသည့် ဒေသခံတစ်ဦးက ယနေ့နံနက်ပိုင်းတွင် Eleven Media Group သို့ပြောကြားသည်။

ထို့ပြင် လားရှိုးမြို့အတွင်း ဇူလိုင် ၂၈ ရက်ကလည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အနီးနှင့်  ၆၂၆ တပ်အနီးတစ်ဝိုက်တွင်လည်း နှစ်ဖက် အပြန်အလှန်တိုက်ခိုက်မှုများရှိခဲ့ကြောင်းသိရသည်။

ဇူလိုင် ၂၇ ရက် ညပိုင်းကတည်းက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အနီးတဝိုက်နှင့်  ၆၂၆ တပ်အနီးတစ်ဝိုက်ဘက်တွင် ပစ်ခတ်မှုများရှိခဲ့ပြီး လားရှိုးမြို့အတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်မှုကြောင့် လူသေဆုံးမှုများနှင့် လူနေအိမ်များ မီးလောင်ကျွမ်းမှုများလည်း ရှိကြောင်း သိရသည်။

ဇူလိုင် ၂၈ ရက် နံနက် ၁၁ နာရီခွဲ နောက်ပိုင်းတွင် လားရှိုးမြို့တွင်း၌ ပစ်ခတ်သံများ ခပ်စိတ်စိတ်ကြားခဲ့ရပြီး သိန္နီလမ်းဘက်၊ အေတီဘက်နှင့် ထောင်ကြီးဘက်တို့တွင်လည်း ပစ်ခတ်သံများ ကြားရကြောင်း လားရှိုးမြို့တွင် တိုက်ပွဲများစတင်ဖြစ်ပွားချိန်မှစ၍ လူမှုကူညီမှုများလုပ်နေသည့် ဒေသခံတစ်ဦးကလည်း ပြောကြားသည်။

"ရမခဘက်နဲ့ ၆၂၆ ဘက်တွေမှာ ၂၇ ရက် ညနေက ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်။ ၂၈ ရက်နံနက်ပိုင်း နည်းနည်းငြိမ်တယ်။ လက်နက်ကြီးကျလို့ လူသေဆုံးတာတွေ အိမ်မီးလောင်တာတွေလဲ ဖြစ်နေဆဲပါ။ မြို့ထဲမှာတော့ အသံငြိမ်နေပြီး သိန္နီလမ်းဘက်မှာတော့ ပစ်ခတ်သံတွေကြားနေရပါတယ်။ အေတီဘက်၊ ထောင်ကြီးဘက်လဲ ပစ်ခတ်မှုတွေဖြစ်နေပါတယ်"ဟု ဒေသခံ တစ်ဦးကင်းကြားသိရသည့် မြို့တွင်း အခြေနေများနှင့်ပတ်သက်၍ ဇူလိုင်၂၈ နေ့လည်ပိုင်းတွင် ပြောကြားသည်။

ထို့ပြင် သတင်းပျံ့နှံ့လျက်ရှိ‌သော လားရှိုးမြို့မဈေးကြီး မီးလောင်သည် ဆိုသည်မှာ မဟုတ်မှန်ဘဲ လက်နက်ကြီးကျ၍ လားရှိုးဈေးကြီးအပြင်ဘက်၌ အနည်းငယ် မီးလောင်ခြင်းသာ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် လားရှိုးမြို့ထဲမှ နာရေးကူညီမှုအသင်းများ ထွက်ခွာသွားသဖြင့် ကြာကန်သချိုင်းသို့ သေဆုံးသူအရပ်သားများကို ပို့ဆောင်ရန်အဆင်မပြေသဖြင့် ဒေသခံများ ဒုက္ခရောက်နေကြောင်းလည်း သိရသည်။

လားရှိုးမြို့မှ စစ်ရှောင်မည့် ဒေသခံများအား မြို့မှထွက်ချိန်ကို အချိန်နှင့် ခွင့်ပြုထားသော်လည်း မြို့အဝင်ကို ခွင့်မပြုတော့ကြောင်းနှင့် စဉ့်အင်မှ တက်လာသည့်ကားများ လားရှိုးမြို့ထဲဝင်ရန် ခါးသျှို၌ တန်းစီစောင့်ဆိုင်းနေသည်မှာ တစ်ပတ်ကျော် ကြာပြီဖြစ်သော်လည်း ဝင်ခွင့်မရ‌သေးသည့် အခြေအနေဖြစ်နေကြောင်းလည်း သိရသည်။

"လားရှိုးမြို့မှ ထွက်မယ့်လူတွေအတွက် အထွက်ကို အချိန်နဲ့ ခွင့်ပြုထားပေးပါတယ်။ နံနက်စောစောထွက်ကြပါ။ အဝင် ခွင့်မပြုပါ။ ကွင်းလမ်း စိတ်မချရပါ။ သွားသူတချို့ ပစ်ခံရတာ ရှိပါတယ်။ စဉ့်အင်က တက်လာတဲ့ကားတွေ မြို့ထဲဝင်ရဖို့ ခါးသျှိုမှာ တန်းစီစောင့်နေကြပါတယ်။ တစ်ပတ်ကျော်ပြီ ဝင်ခွင့်မရပါ" ဟု စစ်ရှောင်များအတွက် မြို့ခံပရဟိတသမား တစ်ဦးက လတ်တလော ကြားသိရမှုများကို ပြောကြားသည်။

ထို့ပြင် နမ့်ပေါင်လမ်းတွင် တင်းတင်းကျပ်ကျပ် စစ်ဆေးမှုများရှိနေသောကြောင့် လားရှိုးမြို့မှ နမ့်ပေါင်လမ်းအတိုင်း ထွက်ခွာမည့်သူများအနေဖြင့် ဖုန်းထဲတွင် နိုင်ငံရေးနှင့်ပတ်သက်သည်များကို ဖျက်ထားကြရန်နှင့် စစ်ဆေးရာတွင် တွေ့ရှိပါက အဖမ်းခံရနိုင်ပြီး ဖုန်း အသိမ်းခံရနိုင်ကြောင်း သိရသည်။

ယင်းပြင် စစ်ရှောင်ဒေသခံများ အနေဖြင့် MNDAA နှင့်ပူးပေါင်း အဖွဲ့များ၏ မတရား ဖမ်းဆီးခံရမှုများလည်း ရှိနေကြောင်း လူမှုကွန်ယက်များတွင် ပြောကြားထားသည့် ဖြစ်စဉ်များ အရသိရသည်။

ဇူလိုင် ၂၆ ရက် နေ့လယ်ပိုင်းမှ စ၍ လားရှိုးတွင် ဖုန်းလိုင်း၊ ဖိုက်ဘာ အင်တာနက်လိုင်းများ ပြတ်တောက်သွားသဖြင့် မြေပြင်အခြေအနေသတင်းများ ရရှိရန် ခက်ခဲလျက်ရှိပြီး ဇူလိုင် ၂၇ ရက်က လားရှိုးမြို့ သာသနာ ၂၅ဝဝ တောင်ကုန်းအနီးတဝိုက် တိုက်ပွဲပြင်းထန်ခဲ့ပြီး သိန္နီ လမ်းပေါ်ရှိ နေရာအချို့တွင် ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲ မှုများရှိခဲ့သည်။

လားရှိုးမြို့၌ မြို့တွင်းတိုက်ပွဲများ ဖြစ်ပွားလာမှုနှင့်အတူ ကျန်ရှိနေသော မြို့နေလူထု အများစုမှာလည်း ယခုရက်ပိုင်းအတွင်း စစ်ဘေးရှောင်မှု အများအပြားရှိနေပြီး လက်ရှိအချိန်အထိ လားရှိုးမြို့ ၏ လူဦးရေ ၉၀ ရာခိုင်နှုန်းခန့်မှာ စစ်‌ဘေးရှောင်‌နေကြပြီး စစ်ရှောင်ရန်အခြေအနေ မရကြသည့် ဒေသခံ အနည်းငယ်သာ ကျန်ရှိဖွယ်ရှိကြောင်း လူမှုအဖွဲ့အစည်းများထံမှ သိရှိရသည်။

ဇူလိုင် ၂၇ ရက် ညပိုင်းကလည်း လားရှိုးမြို့ရှိ အဖွဲ့၏ ပြင်ပဆက်ဆံရေးရုံးနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန်အတွက်ဟုဆိုကာ "ဝ" တပ်ဖွဲ့များက လားရှိုးမြို့တွင်းသို့ ဝင်ရောက်လာခဲ့သည်။

လားရှိုးမြို့သို့ မဝင်ရောက်မီ မြို့တွင်း တိုက်ပွဲဖြစ်ပွားနေသည့် အဖွဲ့များထံ အကြောင်းကြားခဲ့ပြီး ယင်းအဖွဲ့များ၏ သဘောတူချက်ဖြင့် လားရှိုးမြို့တွင်းသို့ "ဝ" လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း လားရှိုးပြင်ပဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက ပြောကြားသည်။

လားရှိူးမြို့တွင် ယဇူလိုင် ၂၈ ရက်မှစ၍ ရမခ အနီးတစ်ဝိုက်၌ နှစ်ဖက်တိုက်ပွဲဖြစ်မှုများ အဓိကရှိနေခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

 "တိုက်ပွဲတွေက ရမခနဲ့ လေယာဉ်ကွင်းတစ်ဝိုက်နားမှာ ပြင်းထန်နေပုံရတယ်။ တပ်မတော်ကလည်း ရမခနဲ့ တစ်ကြော တည်းရှိတဲ့ တပ်တွေမှာ ခံစစ်ပြင်ပုံရတယ်။ ၆၂၆ တပ်နားမှာ ပစ်ခတ်မှုတွေ ၂၈ ရက်နေ့မှာ ဆက်တိုက်ရှိနေခဲ့တယ်။  ၆၂၆ က ရမခနဲ့ လမ်းခြားတယ်။ သူ့ဘေးမှာ အမြောက်တပ်လည်း ရှိတယ်။ လေယာဉ်ကွင်းဘက်သွားတဲ့ လမ်းပေါ်မှာပေါ့။ မျက်နှာချင်းဆိုင်မှာ ဆိုရင် အထက ၅ ရ‌ှိတယ်။ တပ်အနေနဲ့ ရမခမှာ ခံစစ်ပြင်ပြီး MNDAA ကို တိုက်မယ့် အခြေအနေမျိုးလို့ ခန့်မှန်းရတယ်" ဟု စစ်သတင်းများကို စောင့်ကြည့် အကဲခတ်နေသည့် ဒေသခံတစ်ဦးကလည်း ပြောကြားသည်။

၆၂၆ တပ်အနီးတွင် ပစ်ခတ်မှုများ အတွင်း လက်နက်ကြီး ကျည်စ ထိမှန်၍ ရပ်ကွက် ၉ ဘက် ဘူတာနားက အိမ်မှာ လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

၂၀၂၄ ခုနှစ် ဇွန် ၂၇ ရက်က စတင်၍  ၁၀၂၇ စစ်ဆင်ရး ဒုတိယပိုင်းပြန်စသည်ဆိုကာ TNLA အဖွဲ့က မိုးကုတ်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါတို့တွင်လည်းကောင်း၊ TNLA နှင့်ပူးပေါင်းထားသည့် MDY PDF က မတ္တရာ - စဉ့်ကူးတွင် လည်းကောင်း၊ ဇူလိုင် ၃ ရက်က စတင်၍  MNDAA အဖွဲ့နှင့်ပူးပေါင်းအဖွဲ့က လားရှိုးမြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဇူလိုင် ၂၈ ရက်အထိ ယင်းဒေသများတွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အစည်းအဝေးအား ဂုဏ်ပြုခြင်းနှင့် တရုတ်နိုင်ငံ၏ တောင်းဆိုချက်အရဟုဆိုကာ MNDAA အဖွဲ့က ဇူလိုင်လကုန်အထိ အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ထားသော်လည်း လားရှိုးမြို့တွင်းသို့ ဝင်ရောက်တိုက်ခိုက်မှုများနှင့် ရှော့တိုက်ဒုံးများဖြင့် နေ့စဉ်ပစ်ခတ်မှုများပြုလုပ်ခဲ့သည်။

လားရှိုးမြို့နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အား သိမ်းပိုက်ရရှိခဲ့ကြောင်း MNDAA က ဇူလိုင် ၂၅ ရက်တွင် သတင်းအမှားများ ထုတ်လှွင့်ခဲ့သော်လည်း ဇူလိုင် ၂၉ ရက်အထိ လားရှိုးမြို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။

Most Read

Most Recent