ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှ အနားယူရန် သီယာဂို ဆုံးဖြတ်ခဲ့ပြီး ဘဝစာမျက်နှာသစ်အတွက် သင်ယူမှုများ ထပ်မံပြုလုပ်သွားမည်

ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှ အနားယူရန် သီယာဂို ဆုံးဖြတ်ခဲ့ပြီး ဘဝစာမျက်နှာသစ်အတွက် သင်ယူမှုများ ထပ်မံပြုလုပ်သွားမည်
Photo: X
Photo: X
Published 8 July 2024

ယခုနွေရာသီတွင် လီဗာပူးလ်အသင်းနှင့် လမ်းခွဲခဲ့သည့် စပိန်ဝါရင့်ကွင်းလယ်လူ သီယာဂိုအယ်လ်ကန်တာရာ (၃၃ နှစ်) သည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှ အနားယူရန် ဆုံးဖြတ်ခဲ့ပြီး ဘဝစာမျက်မှာသစ်အတွက် လအနည်းငယ်အနားယူကာ သင်ယူမှုများထပ်မံပြုလုပ်သွားရန် စီစဉ်ထားကြောင်း နာမည်ကျော်အားကစားသတင်းထောက် ဖာဘရီဇီယိုရိုမာနိုကဖော်ပြခဲ့သည်။

ဘာစီလိုနာအသင်း၏ လာမာစီယာအကယ်ဒမီထွက်ကစားသမားဖြစ်သူ သီယာဂိုသည် ကစားသမားဘဝတစ်လျှောက် ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နှင့် လီဗာပူးလ် အစရှိသည့် ဥရောပထိပ်တန်းကလပ်အသင်းများတွင်သာ ကစားခဲ့ပြီး စပိန် လက်ရွေးစင်အသင်းအတွက် နိုင်ငံတကာပွဲ (၄၆)ပွဲပါဝင်ကစားထားသူဖြစ်သည်။

လီဗာပူးလ်အသင်းနှင့် လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည့် သီယာဂိုသည် ကစားသမားဘဝတစ်လျှောက် ချန်ပီယံလိဂ် (၂)ကြိမ်အပါအဝင် မေဂျာဆုဖလား (၃၁)လုံးနှင့် တစ်ဦးချင်းအောင်မြင်မှုများစွာရယူပြီး ခြေစွမ်းပြနိုင်ခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ကြံ့ခိုင်မှုအားနည်းခြင်းနှင့်အတူ ပုံမှန်ပွဲကစားခွင့်ရရန်အတွက် ရုန်းကန်နေရသူဖြစ်သည်။

သီယာဂိုသည် အနားယူရန်ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲချမှတ်ခဲ့ခြင်းဖြစ်ပြီး လအနည်းငယ်အနားယူကာ ဘောလုံးသမားဘဝအလွန် ဘဝစာမျက်နှာသစ်ဖွင့်လှစ်မှုအတွက် အစီအစဉ်များ၊ သင်ယူမှုများနှင့် စီမံကိန်းအသစ်များ လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း သိရသည်။

သီယာဂိုသည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝတွင် လက်ရွေးစင်နှင့် ကလပ်အသင်းများအတွက် ပြိုင်ပွဲစုံ (၄၈၀)ပွဲကစားခဲ့ရာတွင် (၄၅)ဂိုးသွင်းယူကာ၊ ဂိုးဖန်တီးမှု (၄၆) ကြိမ်ပြုလုပ်ပေးနိုင်ခဲ့သူဖြစ်သည်။

Most Read

Most Recent