အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းအား ယခုထက် ပိုမိုကြိုးစားပေးရန် အင်္ဂလန်ဂန္ထဝင် ဂယ်ရီလိုင်နီကာ တိုက်တွန်း

အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းအား ယခုထက် ပိုမိုကြိုးစားပေးရန် အင်္ဂလန်ဂန္ထဝင် ဂယ်ရီလိုင်နီကာ တိုက်တွန်း
Photo: AFP
Photo: AFP
Published 22 June 2024

 

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် အင်္ဂလန်ဂန္ထဝင် ဂယ်ရီလိုင်နီကာ လက်ရှိ အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းအား ယခုထက်ပိုမိုကြိုးစားပေးရန် တိုက်တွန်းပြောကြားခဲ့သည်။ 

ဟာရီကိန်းသည် ကြာသပတေးနေ့က ကစားခဲ့သည့် ယူရို ၂၀၂၄ အုပ်စုပွဲစဉ် ဒိန်းမတ် (၁-၁) အင်္ဂလန်ပွဲတွင် အင်္ဂလန်အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့သော်လည်း စွမ်းဆောင်မှုမှာ အားရစရာ မရှိခဲ့ပေ။ ထို့ကြောင့် အင်္ဂလန်နည်းပြ ဆောက်ဂိတ်သည် အဆိုပွဲ၏ ပဲဲွချိန် မိနစ် ၇၀ တွင် ဟာရီကိန်းကို ထုတ်ပြီး ဝက်ကင်စ်ကို လူစားဝင်ကစားစေခဲ့သည်။ 

ဟာရီကိန်းသည် ဆားဘီးယားအသင်းအား (၁-၀) ဂိုးဖြင့် အနိုင်ရသည့်ပွဲစဉ်တွင်လည်း ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိဘဲ ယခုယူရိုပြိုင်ပွဲတွင် ရုန်းကန်နေရသူဖြစ်သည်။ ထို့ကြောင့် ဂယ်ရီလိုင်နီကာက ဟာရီကိန်း အနေဖြင့် ယခုထက် ပိုမိုကြိုးစားရန်လိုအပ်ကြောင်းနှင့် နည်းပြ ဆောက်ဂိတ်အနေဖြင့်လည်း ဟာရီကိန်းထံမှ ယခုထက်ပိုမိုတောင်းဆိုရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဂယ်ရီလိုင်နီကာက "တိုက်စစ်မှူးတစ်ဦး အနေနဲ့ အလုပ်နှစ်ခု လုပ်ရပါတယ်။ တစ်ခုက ဂိုးသွင်းတာဖြစ်ပြီး နောက်တစ်ခုကတော့ နေရာလွတ်တွေ ရှာတာပါ။ ဂိုးသွင်းတာက ဟာရီကိန်း ကျွမ်းကျင်တဲ့ အလုပ်ဖြစ်ပါတယ်။ အခု ဟာရီကိန်း လိုအပ်နေတာက နည်းပြအနေနဲ့ သူ့ဆီက ပိုပြီးတောင်းဆိုဖို့ လိုအပ်နေတာပါ။ ခံစစ်သုံးယောက် ကစားတဲ့အသင်းတွေနဲ့ တွေ့တဲ့အခါ တိုက်စစ်မှူးတွေအနေနဲ့ အသင်းဖော်တွေဆီကနေ ဘောလုံးလက်ခံရရှိဖို့ တစ်ချိန်လုံးလိုလို ပြေးလွှားကစားနေဖို့ လိုပါတယ်။ ဟာရီကိန်းအနေနဲ့ သူ့ကို ဖန်တီးပေးမယ့် ကွင်းလယ်ကစားသမားတွေအတွက် နေရာလွတ်တွေ ရှာပေးနိုင်ဖို့ လိုပါတယ်။ လက်ရှိ ဟာရီကိန်းရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီး ပြောရရင်တော့ သူ့အနေနဲ့ အခုထက်ပိုပြီး အများကြီး ပိုကောင်းဖို့၊ ပိုပြီးကြိုးစားဖို့ လိုအပ်ပါတယ်" ဟု ပြောကြားခဲ့သည်။ 

ဟာရီကိန်းသည် ပြီးခဲ့သည့်ရာသီက ဘိုင်ယန်မြူးနစ်အသင်းတွင် ကွင်းလယ်အထိဆင်းပြီး ဘောလုံးယူကစားခဲ့သော်လည်း ယခု အင်္ဂလန်အသင်းတွင်မူ အထောင်တိုက်စစ်မှူးအဖြစ်သာ ကစားနေခြင်းဖြစ်သည်။ ထို့ကြောင့် ဂယ်ရီလိုင်နီကာက "ပွဲအတွင်း ဟာရီကိန်းရဲ့ ပြေးလွှားလှုပ်ရှားမှုက အရမ်းကိုနည်းပါတယ်။ ဟာရီကိန်းအနေနဲ့ ဒီယူရိုပြိုင်ပွဲမှာ အထောင်တိုက်စစ်မှူးအဖြစ် ကစားပြီး ကွင်းလယ်ထိ ဆင်းပြီး နေရာယူတာမျိုး၊ ဘောလုံးယူတာမျိုးလည်း သိပ်မတွေ့ရပါဘူး။ ကွင်းလယ်နဲ့ တိုက်စစ်ကစားသမားတွေ ဘောလုံး လက်ခံထားချိန်မှာလည်း ဟာရီကိန်းအနေနဲ့ ပြေးလွှားကစားတာမျိုး မြင်ရခဲပါတယ်။ ဒီတော့ သူ့အသင်းဖော်တွေအနေနဲ့ သူ့ကို ဘောလုံးပေးဖို့ ခက်ခဲသွားပါတယ်။ ဒါက သူ့အတွက် အကူအညီမဖြစ်သလို အင်္ဂလန် အသင်းအတွက်လည်း အကူအညီမဖြစ်ပါ ဘူး။ ဟာရီကိန်း ပိုကြိုးစားဖို့ လိုပါတယ်"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent