ရေပန်းအစားဆုံးဖြစ်သော်လည်း ခြေစွမ်းမပြနိုင်သည့် အင်္ဂလန်အသင်းကို ဥရောပမီဒီယာများ ဝေဖန်ခဲ့ပြီး ဂိုးသွင်းယူခဲ့သူ ဘယ်လင်ဟမ်ကို ဆောက်ဂိတ် ချီးကျူး 

ရေပန်းအစားဆုံးဖြစ်သော်လည်း ခြေစွမ်းမပြနိုင်သည့် အင်္ဂလန်အသင်းကို ဥရောပမီဒီယာများ ဝေဖန်ခဲ့ပြီး ဂိုးသွင်းယူခဲ့သူ ဘယ်လင်ဟမ်ကို ဆောက်ဂိတ် ချီးကျူး 
Photo: X
Photo: X
Published 17 June 2024

အင်္ဂလန်အသင်းအနေဖြင့် ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ဗိုလ်စွဲရန် ရေပန်းအစားဆုံးသတ်မှတ်ခံထားရသော်လည်း ဆားဘီးယားအသင်း နှင့် အုပ်စုအဖွင့်ပွဲ၌ ခြေစွမ်းပြနိုင်ခြင်းမရှိသဖြင့် ဥရောပသတင်းမီဒီယာများက ဝေဖန်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

အင်္ဂလန်အသင်းသည် ဇွန် ၁၆ ရက်က ယှဉ်ပြိုင်ကစားသည့် အုပ်စု(C) အဖွင့်ပွဲစဉ်တွင် ဆားဘီးယားအသင်းအား ပွဲအစ ၁၃ မိနစ်မှာပင် ဘယ်လင်ဟမ်ခေါင်းတိုက်သွင်းယူသည့် တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရခဲ့သည်။

ဒုတိယပိုင်းတွင် ဆားဘီးယားအသင်းက အခွင့်အရေးများ ပိုဖန်တီးနိုင်ပြီး ချေပဂိုးရနိုင်သည့်အခြေအနေအထိ နီးစပ်ခဲ့သော်လည်း အင်္ဂလန်အသင်းက အနိုင်ရလဒ်ကို ထိန်းကစားနိုင်ခဲ့သည်။

သို့ဖြစ်ရာ နာမည်ကြီး ပြင်သစ်သတင်းစာ L'Equipe က စွမ်းဆောင်ရည်အလိုက် အမှတ်ပေးရာတွင် အနိုင်ဂိုးသွင်းယူခဲ့သူ ဘယ်လင်ဟမ်ကို ၇/၁၀၊ ပုံစံကောင်းပြနိုင်ခဲ့သည့် အာနိုးလ်နှင့် ဆာကာအပါအဝင် ဖိုဒန်၊ ဂယ်ဟီ၊ ထရစ်ပီယာ၊ ပစ်ဖို့ဒ်၊ ဝေါ်လ်ကာတို့ကို ၆/၁၀၊ အသင်းခေါင်းဆောင် ဟာရီကိန်းကို ၅/၁၀ နှင့် ဆားဘီးယားတိုက်စစ်မှူး ဗလာဟိုဗစ်၏ ခြိမ်းခြောက်မှုများကြောင့် ရုန်းကန်ခဲ့ရသည့် ဂျွန်စတုန်းစ်ကို ၃/၁၀ သာ သတ်မှတ်ခဲ့ကြောင်း သိရသည်။

ဂျာမနီနိုင်ငံထုတ် Bild သတင်းစာကလည်း အင်္ဂလန်အသင်းတွင် ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်ချန်ပီယံအသင်းမှ ကစားသမားများပါဝင်သော်လည်း ဘယ်လင်ဟမ်တစ်ဦးတည်းသာ တောက်ပနိုင်ခဲ့ကြောင်း ဖော်ပြသည်။

စပိန်အခြေစိုက် Marca နှင့် Mundo Deportivo သတင်းစာကလည်း ဆောက်ဂိတ်၏အသင်းတွင် ဘယ်လင်ဟမ်နှင့် အခြားသူအနည်းငယ်၏ ကျယ်လောင်သံကိုသာ ခံစားရကြောင်း ဖော်ပြသည်။

အာဆင်နယ်အသင်း အကယ်ဒမီနည်းပြအဖြစ် ဆောင်ရွက်နေသည့် ဂျာမနီလက်ရွေးစင်ဟောင်း မာတီဆက်ကာကလည်း အင်္ဂလန်အသင်း၏ စွမ်းဆောင်ရည်မှာ အလွန်အားနည်းကြောင်း ဝေဖန်ထောက်ပြခဲ့သည်။

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ကမူ အနိုင်ဂိုးသွင်းယူခဲ့သူ ဘယ်လင်ဟမ်ကို ချီးကျူးခဲ့ပြီး သွင်းဂိုးများရလာမည်ဟု ယုံကြည်ကြောင်း သုံးသပ်ပြောကြားသည်။

''သူ (ဘယ်လင်ဟမ်) က သူ့ရဲ့ဇာတ်ညွှန်းကို ကိုယ်တိုင်ရေးခဲ့တာပါ။ ချိန်သားကိုက် သူ ပြေးလာတာက သွင်းဂိုးအတွက် တည်ဆောက်တဲ့နေရာမှာ အရမ်းကောင်းပါတယ်။ ကျွန်တော့်အသင်းရဲ့ တိုက်စစ်ကစားသမားတွေ ပုံစံကြည့်ရတာ တကယ်ကောင်းပါတယ်။ သွင်းဂိုးတွေရလာလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ခံစစ်ငါးယောက်ကစားတဲ့အသင်းနဲ့ ရင်ဆိုင်ရတာ အခွင့်အရေးတွေ ဖန်တီးနိုင်ဖို့ မလွယ်ပါဘူး။ အဲဒါကို ကျွန်တော်တို့ လုပ်နိုင်ခဲ့တယ်။ အဆုံးသတ်ချိန်မှာ သွင်းဂိုးတစ်ဂိုးကလည်း လုံလောက်မှုရှိခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ကောင်းကောင်းမကစားနိုင်ခဲ့ပေမဲ့ အနိုင်ရလဒ်ယူနိုင်ခဲ့ပါတယ်'' ဟု ဆောက်ဂိတ်က ဆိုသည်။

Most Read

Most Recent