■ ယူရို-၂၀၂၄ ပြိုင်ပွဲဝင်အသင်းများ မိတ်ဆက်

■ ယူရို-၂၀၂၄ ပြိုင်ပွဲဝင်အသင်းများ မိတ်ဆက်
Published 14 June 2024

■ အုပ်စု (F)

■ ပေါ်တူဂီ

- သမိုင်းကြောင်း

ပေါ်တူဂီအသင်းသည် မေဂျာပြိုင်ပွဲနှစ်ရပ်တွင် ကမ္ဘာ့ဖလား ပြိုင်ပွဲနှင့်ယှဉ်လျှင် ယူရိုပြိုင်ပွဲတွင် ပိုမိုအောင်မြင်သည်ဟု ယေဘုယျအားဖြင့် သုံးသပ်ရမည်။ ယူရိုပြိုင်ပွဲယှဉ်ပြိုင်သည့်အကြိမ်တိုင်း အနည်းဆုံး အုပ်စုအဆင့်ကို ကျော်လွန်နိုင်ခဲ့သာချည်းပင် ဖြစ်သည်။ ပေါ်တူဂီအသင်းအနေဖြင့် အသင်းသမိုင်းတစ်လျှောက် ယူရိုပြိုင်ပွဲ (၈)ကြိမ် ယှဉ်ပြိုင်ခဲ့ရာ၌ ပြီးခဲ့သည့် ယူရို-၂၀၂၀ ပြိုင်ပွဲ တွင် (၁၆)သင်းအဆင့်မှ ထွက်ခဲ့ရသည်မှအပ ကျန်ပြိုင်ပွဲအားလုံး ထိပ်ဆုံး(၈)သင်းစာရင်း ဝင်ခဲ့သည်။ အူဆီဘီယိုခေတ်တွင် ယူရိုပြိုင်ပွဲ ခြေစစ်ပွဲအောင်မြင်ခြင်းမရှိဘဲ ၁၉၈၄ ပြိုင်ပွဲတွင်မှ  ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။ ပြင်သစ်မြေတွင်ကျင်းပသည့် ယူရို-၂၀၁၆ ပြိုင်ပွဲတွင် ပေါ်တူဂီဘောလုံး သမိုင်းအတွက် အခန်းကဏ္ဍသစ် ဖွင့်လှစ်ခဲ့ပြီး ပထမဆုံးမေဂျာဖလား ဆွတ်ခူးနိုင်ခဲ့သည်။ ၂၀၂၄ ပြိုင်ပွဲတွင် ဒုတိယရရှိခဲ့ပြီး ၁၉၈၄၊ ၂ဝဝဝနှင့် ၂၀၁၂ ပြိုင်ပွဲများတွင် ဆီမီးဖိုင်နယ်၊ ၁၉၉၆ နှင့် ၂၀၀၈ ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်အထိ တက်လှမ်းနိုင်ခဲ့သည်။

- လက်ရှိအခြေအနေ

ချန်ပီယံရေပန်းစားမှုတွင် ပေါ်တူဂီအသင်းသည် အင်္ဂလန်၊ ပြင်သစ်၊ အိမ်ရှင် ဂျာမနီအသင်းများနောက် စတုတ္ထနေရာသာ ရပ်တည်နေသော်လည်း ကစားသမားစုဖွဲ့မှုအရ အထက်က သုံးသင်းကို ကောင်းကောင်းယှဉ်နိုင်သည့် အနေအထားရှိသည်။ တိုက်စစ်ပိုင်းတွင် စီရော်နယ်လ်ဒို အားထားကစားရသည့်ခေတ်က အတိတ်မှာကျန်ခဲ့ပြီး ရွေးချယ်စရာများပြားခြင်းက နည်းပြ မာတီနက်ဇ်အတွက် ခေါင်းကိုက်ရမည့်အခြေအနေ ဖြစ်နေသည်။ မာတီနက်ဇ်က ယူရိုခြေစစ်ပွဲနှင့် ခြေစမ်းပွဲများတွင် ကစားကွက် အမျိုးမျိုးသုံးခဲ့သော်လည်း ယူရိုပြိုင်ပွဲတွင်မူ ၄-၃-၃ နှင့် ၄-၂-၃-၁ ကို အဓိကတည်ကစားသွားဖွယ်ရှိသည်။ နောက်ခံအတွင်းလူ နေရာတွင်လည်း ပေပေ၏နေရာတွင် အရန်သင့်အစားထိုးနိုင်သူ သုံးဦးခန့် ရှိနေသည်။ လက်ရှိအသင်းအခြေအနေအရ ပေါ်တူဂီအသင်းအတွက် နေရာအလိုက်အားနည်းချက်ကိုမူရှာရန်ပင် အတော်ခက်နေသည်။

- အုပ်စုအလားအလာ

အုပ်စုတွင်းတွင် တူရကီ၊ ချက်၊ ဂျော်ဂျီယာကဲ့သို့ အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်နေခြင်းက ပေါ်တူဂီအတွက်  အုပ်စုပထမနေရာ ရယူနိုင်ရေး စိုးရိမ်စရာမလိုသည့် အနေအထား ဖြစ်သည်။ ပေါ်တူဂီအနေဖြင့် ချန်ပီယံဖြစ်ခဲ့သည့် ယူရို-၂၀၁၆ ပြိုင်ပွဲအပါအဝင် နောက်ဆုံး ယူရိုပြိုင်ပွဲ နှစ်ကြိမ်ဆက် တတိယနေရာသာ ရခဲ့သည်ကိုမူ သတိပြုရမည်။ သို့သော်လည်း လက်ရှိကစားသမားအင်အားနှင့် အမှားအယွင်းဖြစ်နိုင်ခြေက မရှိသလောက်ပင် နည်းပါးလွန်းလှသည်။ ပေါ်တူဂီအတွက် ဆီမီးဖိုင်နယ်အဆင့်အထိ လမ်းကြောင်းကောင်းနေသည်။

■ ချက်

ချက်ပြည်ထောင်စုအနေဖြင့် သီးခြားရပ်တည်ပြီးနောက် ယူရိုပြိုင်ပွဲတိုင်းကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။ ပထမဆုံးယှဉ်ပြိုင်သည့် ယူရို-၉၆ ပြိုင်ပွဲတွင် ဗိုလ်လုပွဲအထိ တက်ရောက်ခဲ့ပြီး ယူရို-၂၀၀၄ ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်နှင့် ယူရို-၂၀၁၂ နှင့် ၂၀၂၀ ပြိုင်ပွဲများတွင် ကွာတားဖိုင်နယ် တက်ရောက်ခဲ့သည်။  ချက်အသင်းအနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လေးကြိမ်ဆက် ခြေစစ်ပွဲမအောင်မြင်ခဲ့သော်လည်း ယူရိုပြိုင်ပွဲတွင်မူ လျှော့တွက်၍မရသော အစဉ်အလာရှိသည့်အသင်းဖြစ်သည်။ ဆူချက်ခ်၊ ပက်သရစ်ရှစ်ခ်၊ ဟလိုရှက်ခ်၊ ခိုဗာ၊ ကူဖယ်လ်စသည့် ကစားသမားစုဖွဲ့မှုကလည်း ချက်အသင်းကို အနေအထားတစ်ခုအထိ မျှော်လင့်နိုင်နေသည်။ သို့သော် အုပ်စုအဖွင့်ပွဲတွင် နာမည်ကြီး ပေါ်တူဂီအသင်းနှင့် ထိပ်တိုက်တွေ့ဆုံနေမှုက ချက်အတွက် တာထွက်ကောင်းရန် ခက်နေပြီး တူရကီအသင်းနှင့် အုပ်စုဒုတိယနေရာအပြိုင်လုရဖွယ်ရှိသည်။

■ ဂျော်ဂျီယာ

ဆိုဗီယက်ပြည်ထောင်စုမှ ခွဲထွက်လာသည့် နိုင်ငံငယ်လေး ဂျော်ဂျီယာအနေဖြင့် မေဂျာပြိုင်ပွဲနှစ်ရပ်တွင် ပထမဆုံးအကြိမ်ခြေစစ်ပွဲ အောင်မြင်လာခြင်းဖြစ်သည်။  ယူရိုခြေစစ်ပွဲအုပ်စုအဆင့် တွင် စပိန်၊ စကော့တလန်၊ နော်ဝေအသင်းများနောက် စတုတ္ထနေရာသာ ရရှိခဲ့ပြီး စကော့တလန်နှင့် နော်ဝေအသင်းများကို အတိုင်းအတာတစ်ခုအထိ ဖိအားပေးနိုင်ခဲ့သည်။ Nations League ပြိုင်ပွဲ မှတစ်ဆင့် Path C လမ်းကြောင်းတွင် Play-offs ကစားခဲ့ရပြီး ဗိုလ်လုပွဲတွင် ဂရိအသင်းကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူကာ ယူရိုပြိုင်ပွဲယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။ ဂျော်ဂျီယာအသင်းလူစာရင်းတွင် ပြည်တွင်းအခြေစိုက် နှစ်ဦးသာပါဝင်ကာ  နိုင်ငံတကာရောက်ကစားသမားအများစုဖြင့် ဖွဲ့စည်းထားပြီး နာပိုလီကစားသမား ခွာရတ်စကယ်လီယာက အသင်းကို အဓိကဦးဆောင်ပေလိမ့်မည်။ ဂျော်ဂျီယာအနေဖြင့် အကောင်းဆုံး တတိယနေရာရရန်ပင် အလွန်ခက်ခဲနိုင်သည်။

■ တူရကီ

တူရကီအသင်းသည် ယူရိုပြိုင်ပွဲတွင် နောက်ဆုံး(၃)ကြိမ် ဆက်အပါအဝင် (၆)ကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခြင်းဖြစ်သည်။ ပြီးခဲ့သည့် ပြိုင်ပွဲ(၂)ကြိမ်ဆက် အုပ်စုအဆင့်မှထွက်ခဲ့ရသော်လည်း ယခုပြိုင်ပွဲတွင်မူ ယင်းထက်ပိုမြင့်သည့်အဆင့်တစ်ခုကို မျှော်လင့်လာနိုင်သည်။ တူရကီအသင်းအနေဖြင့် မေဂျာပြိုင်ပွဲများတွင် မထင်မှတ်ထားသည့်အရာများ လုပ်ဆောင်နိုင်ခဲ့သော အစဉ်အလာတော့ရှိသည်။ ဆိုယွန်ဂျူ၊ ခါဘက်ခ်တို့ ဒဏ်ရာကြောင့် မပါဝင်နိုင်သည့် ခံစစ်ပိုင်းတွင်မူ သမ္ဘာပိုင်းအရ အားနည်းနေသော်လည်း ကျန်ကစားသမားအင်အားအရ ပေါ်တူဂီပြီးလျှင် ကျန်ပြိုင်ဘက်နှစ်သင်းထက် နှာတစ်ဖျား အသာရနေသည်။ ယူရိုပြိုင်ပွဲအတွက် ဂူလာ၊ ယီလ်ဒစ်ဇ်စသည့် ကြယ် ပွင့်ကစားသမားအချို့ ပေါ်ထွက်လာခြင်းက တူရကီအသင်းအနေဖြင့် စောင့်ကြည့်ခံအသင်းတစ်သင်းအဆင့်ကို ရောက်ရှိလာ ခဲ့သည်။ အုပ်စုတွင်းအားအနည်းဆုံး ဂျော်ဂျီယာနှင့် ပွဲဦးထွက် တွေ့ဆုံရမည်က တူရကီအတွက် အခွင့်အရေးဖြစ်ပြီး နောက်တစ်ဆင့်တက်ရောက်ရန် သေချာနေသည်။

Most Read

Most Recent