■ ပြိုင်ဘက်တိုင်းကို လေးစားသော်လည်း မည်သည့်အသင်းကိုမျှ  ကြောက်ရွံ့ခြင်းမရှိဟု စကော့တလန်နည်းပြ စတိဗ်ကလာ့ခ် ကြုံးဝါး     

■ ပြိုင်ဘက်တိုင်းကို လေးစားသော်လည်း မည်သည့်အသင်းကိုမျှ  ကြောက်ရွံ့ခြင်းမရှိဟု စကော့တလန်နည်းပြ စတိဗ်ကလာ့ခ် ကြုံးဝါး     
Photo: UEFA
Photo: UEFA
Published 14 June 2024

စကော့တလန်လက်ရွေးစင်အသင်း၏ နည်းပြ စတိဗ်ကလာ့ခ်က ပြိုင်ဘက်တိုင်းကို လေးစားသော်လည်း မည်သည့်အသင်းကိုမျှ ကြောက်ရွံ့ခြင်းမရှိကြောင်း ယူရို-၂၀၂၄ အဖွင့်ပွဲမတိုင်မီ ကြုံးဝါးပြောကြားခဲ့သည်။

    

စကော့တလန်အသင်းသည် ယူရို-၂၀၂၄ ပြိုင်ပွဲ၏ အဖွင့်ပွဲစဉ်အဖြစ် အိမ်ရှင်ဂျာမနီအသင်းနှင့် ဇွန်(၁၄)ရက်နေ့ (ယနေ့)တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

ယင်းပွဲတွင် ဂျာမနီအသင်း အနိုင်ရရှိရန် အပြတ်အသတ်ရေပန်းစားနေသော်လည်း စကော့တလန်နည်းပြ စတိဗ်ကလာ့ခ်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"ကျွန်တော် လက်ကိုင်ထားတဲ့ မူဝါဒတစ်ခုက ပြိုင်ဘက်တိုင်းကို လေးစားပေမဲ့ ဘယ်အသင်းကိုမှ မကြောက်ရွံ့ဘူးဆိုတာပါပဲ။ သူတို့ အသင်းကောင်းတစ်သင်းဆိုတာ ကျွန်တော်တို့ သိထားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာလည်း အသင်းကောင်းတစ်သင်းဖြစ်တယ်ဆိုတာ အားလုံးကို ပြသနိုင်ဖို့ မျှော်လင့်ပါတယ်"ဟု စတိဗ်ကလာ့ခ်က ပြောကြားခဲ့သည်။ 

ထို့ပြင် "ဒီနေရာကို ရောက်လာတာကပဲ ကျွန်တော်တို့အတွက် ဂုဏ်ယူသင့်နေပြီလို့ ထင်ပါတယ်။ ၁၉၉၈ ကမ္ဘာ့ဖလားနောက်ပိုင်း ပြည်ပမှာ ကျင်းပတဲ့ ပြိုင်ပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် ယှဉ်ပြိုင်ရတာပါ။ ဒါပေမဲ့ ပိုပြီး ဂုဏ်ယူစရာကောင်းအောင် လုပ်ဆောင်သွားနိုင်ဖို့ မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။

စကော့တလန်အသင်းသည် ပြီးခဲ့သည့် ယူရို-၂၀၂၀ ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရခဲ့သော်လည်း ယင်းပြိုင်ပွဲကို နိုင်ငံများစွာက အိမ်ရှင်အဖြစ် ပူးတွဲကျင်းပခဲ့ပြီး စကော့တလန်အသင်းအနေဖြင့်လည်း အုပ်စုပွဲစဉ်(၃)ပွဲကို စကော့တလန်နှင့် အင်္ဂလန်တွင်သာ ယှဉ်ပြိုင်ခဲ့ရသဖြင့် စတိဗ်ကလာ့ခ်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ 

စတိဗ်ကလာ့ခ်သည် ဝက်စ်ဘရွန်းအသင်း၏ နည်းပြဟောင်းဖြစ်ပြီး စကော့တလန်အသင်းကို ၂၀၁၉ ခုနှစ်တွင် စတင်ကိုင်တွယ်ခဲ့ခြင်းဖြစ်သည်။ 

လက်ရှိအချိန်၌ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ စကော့တလန်အသင်းနှင့် စာချုပ်ချုပ်ဆိုထားပြီး စကော့တလန်ပရိသတ်များ၏ အားပေးထောက်ခံမှု ရရှိထားကြောင်းလည်း သိရသည်။ 

စတိဗ်ကလာ့ခ်သည် ယူရို-၂၀၂၄ ပြိုင်ပွဲ၏ အုပ်စုအဆင့်တွင် နောက်တစ်ဆင့်တက်ရောက်နိုင်ရန်အတွက် (၄)မှတ်ရရှိရန် ပစ်မှတ်ထားနေကြောင်း သိရသည်။ အုပ်စုတွင်း အခြားပြိုင်ဘက်များမှာ ဟန်ဂေရီနှင့် ဆွစ်ဇာလန်တို့ဖြစ်သည်။

Most Read

Most Recent