■ မိုင်းခွဲဖျက်ဆီးခံထားရသည့် မစောတံတားဘေးရှိ ယာယီမြေသားလမ်းတွင် ကုန်တင်ကားတစ်စီးနစ်နေသဖြင့် မော်တော်ယာဉ်များ ရာနှင့်ချီ လမ်းပိတ်ဆို့ခဲ့

■ မိုင်းခွဲဖျက်ဆီးခံထားရသည့် မစောတံတားဘေးရှိ ယာယီမြေသားလမ်းတွင် ကုန်တင်ကားတစ်စီးနစ်နေသဖြင့် မော်တော်ယာဉ်များ ရာနှင့်ချီ လမ်းပိတ်ဆို့ခဲ့
Published 28 May 2024

နစ်နေသည့်မော်တော်ယာဉ်ကို ပြန်လည်ဆွဲထုတ်နိုင်ပြီးနောက် မော်တော်ယာဉ်များ ပြန်လည်သွားလာနိုင်ပြီဖြစ်

မိုင်းခွဲဖျက်ဆီးခံထားရသည့် မစောတံတးဘေးရှိ ယာယီမြေသားလမ်းတွင် ယနေ့ (မေ ၂၈ ရက်) နံနက် ၈ နာရီခန့်က ကုန်တင်ယာဉ်တစ်စီးနစ်နေသည့်အတွက် ရန်ကုန် - မော်လမြိုင်ကားလမ်းတွင် မော်တော်ယာဉ်များ ရာနှင့်ချီ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း ကုန်တင်ယာဉ်မောင်းများ၏ ပြောကြားချက်များအရ သိရသည်။

အဆိုပါ မစောတံတားဘေးရှိ ယာယီမြေသားလမ်းပေါ်မှ ကုန်တင်ယာဉ်တစ်စီးဖြတ်သန်းမောင်းနှင်စဉ် မိုးရွာထားသည့်အတွက် မြေသားများကျွံဝင်နေသည့်အတွက်ကြောင့် ကုန်တင်ကားနစ်သွားခဲ့ခြင်းဖြစ်သည်။

“မစောတံတားပေါ်ကနေတော့ အိမ်စီးကားလေးတွေဖြတ်နေကြပေမယ့် နှစ်ဖက်စောင့်နေကြတဲ့ကားက ရာနဲ့ချီပြီးရှိနေတယ်။ ယာယီမြေသားလမ်းကနေတော့ ကားတွေသွားမတော့ဘူး။ ကုန်ကားကိုဆွဲထုတ်နိုင်ဖို့ လုပ်နေကြတယ်။ မိုးကလည်းရွာနေတော့ အဆင်သိပ်မပြေဘူးဖြစ်နေတယ်၊ နစ်နေတဲ့ကုန်တင်ကားကို ဆွဲထုတ်ပြီးတော့ လမ်းကို ပြန်ပြုပြင်ပြီးရင်တော့ ကားတွေပြန်သွားလို့ရနိုင်မယ်” ဟု ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

ထိုအခြေအနေကြောင့် ရန်ကုန် - မော်လမြိုင်ကားလမ်း သထုံမြို့နယ်  နောင်ဘိုကျေးရွာမှစတင်ကာ မော်တော်ယာဉ်များ ရပ်စောင့်နေကြရသည့်အပြင်၊ ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာအနီး မစောတံတားထိပ်မှ ဘီးလင်းမြို့အတွင်းထိ မော်တော်ယာဉ်များ ရပ်စောင့်နေကြရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

“လက်ရှိအခြေအနေက ရန်ကုန် - မော်လမြိုင်ကားလမ်းရော၊ ခရိုင်းချင်းဆက်လမ်းတွေမှာပါ ကားတွေက ပိတ်ဆို့နေတာလို့ သိရတယ်။ မိုးကလည်းရွာနေတော့ ကားသမားတွေရော၊ ခရီးသည်တွေပါ အတော်ဒုက္ခရောက်နေကြတယ်။ ခရီးသွားတွေအနေနဲ့ လမ်းခရီးအခြေအနေစုံစမ်းပြီးမှ သွားလာကြဖို့ အကြံပြုလိုပါတယ်” ဟု သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ခံပြည်သူတစ်ဦးက ပြောကြားသည်။

မစောတံတားမှာ မေ ၂၅ ရက်က မိုင်းခွဲခံရစဉ် မပျက်စီးဘဲကျန်ရစ်ခဲ့သည့် တံတားတစ်ခြမ်းပေါ်မှ အိမ်စီးကားငယ်များ သွားလာခွင့်ပြုခဲ့ပြီးနောက် မေ ၂၇ ရက်တွင် မစောတံတားဘေးတွင် ယာယီမြေသားလမ်း ပြုလုပ်ခဲ့ပြီးသည့်နောက် ကုန်တင်ကားများအပါအဝင် ကားများ ပြန်လည်ဖြတ်သန်းသွားလာခွင့်ရခဲ့သည်။

သို့သော် မိုးရွာသွန်းမှုကြောင့် အဆိုပါယာယီမြေသားလမ်းပျက်စီးခဲ့သဖြင့် ကားများဖြတ်သန်း၍မရဘဲ လမ်းပိတ်ဆို့မှုဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆက်တွဲသတင်းများအရ မစောတံတားဘေးရှိ ယာယီမြေသားလမ်းတွင် နစ်နေသည့် ကုန်တင်ယာဉ်အား ဆွဲထုတ်နိုင်ခဲ့ပြီး လမ်းအားပြန်လည်ပြင်ဆင်ခဲ့ပြီးနောက် မော်တော်ယာဉ်များ ပြန်လည်သွားလာလျက်ရှိပြီးဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေ ၂၃ ရက်နံနက်အစောပိုင်းအချိန်က မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအုပ်စု တောင်ကလေးကျေးရွာအထွက် ရန်ကုန် - မော်လမြိုင်ကားလမ်းမပေါ်ရှိ တံတားအရှည် (၁၀၆) ပေ၊ အကျယ် ၂၄ ပေရှိ တံတားအမှတ် (၁/၁၃၀) ဒေသအခေါ် မစောတံတားမှာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်းနှင့် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် မစောတံတားမှာ တံတား၏ (၃) ပုံ (၂) ပုံမှာ  ချောင်းအတွင်းကျိုးကျပျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့အပြင် မိုင်းခွဲဖျက်ဆီးခံထားရသည့် မစောတံတားချောင်းအတွင်း ဆိုင်ကယ် သုံးစီး ပြုတ်ကျခဲ့သည့်အတွက် ဆိုင်ကယ်စီးနင်းလာသူ အမျိုးသား တစ်သေဆုံးကာ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း လူမှုကူညီကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။

ထို့အတူ ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတားမှာလည်း ပြီးခဲ့သည့် မေ ၁၁ ရက် နံနက်အစောပိုင်းအချိန်က ဒုတိယအကြိမ် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ရသည့် အတွက်ကြောင့် လမ်းခရီးနှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်နေကြောင်း ကုန်တင်ယာဉ်မောင်းများနှင့် ခရီးသွားပြည်သူများ၏ ပြောကြားချက်များအရ သိရသည်။

Most Read

Most Recent