ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပြီး မုန်တိုင်းငယ်မှ ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ အားကောင်းလာနိုင်ကြောင်း မိုးဇလ ထုတ်ပြန်

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပြီး မုန်တိုင်းငယ်မှ ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ အားကောင်းလာနိုင်ကြောင်း မိုးဇလ ထုတ်ပြန်
Published 22 May 2024

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပြီး မုန်တိုင်းငယ်မှ ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ အားကောင်းလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ မေ ၂၂ ရက်က မြန်မာစံတော်ချိန် ၉ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်းကမ်းလွန်-အင်ဒရာပရာဒေ့ရှ်တောင် ပိုင်းကမ်းခြေတို့တွင် လေဖိအားနည်းရပ်ဝန်း(Low Pressure Area)တစ်ခု ဖြစ်ပေါ်နေကြောင်း၊ အဆိုပါလေဖိအားနည်းရပ်ဝန်း(Low Pressure Area) သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် မေ ၂၄ ရက်၌ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊ ထို့နောက် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့ အားကောင်းလာနိုင်သည်ဟု ခန့်မှန်းရကြောင်း သိရသည်။

အဆိုပါလေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် မေ ၂၃ ရက်မှ ၂၇ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့နေရာများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

အလားတူ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၉ ပေမှ ၁၂ ပေခန့်ရှိနိုင်ကြောင်း၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် ၄၅ မိုင်မှ ၅၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၁၃ ပေမှ ၁၆ ပေခန့်ရှိနိုင်ကြောင်း သိရသည်။

ယင်းအတွက်ကြောင့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့်သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင် ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ် များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်း လေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် မိုးဇလက အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

Most Read

Most Recent