လိုတိုရှင်းစီးပွားရေးသုတ(၇၆-၈၀)

လိုတိုရှင်းစီးပွားရေးသုတ(၇၆-၈၀)
Published 12 May 2024
စောနိုင်(အသုံးချ ဘောဂဗေဒ)

လိုတိုရှင်း စီးပွားရေးသုတ (၇၆)

ရင်းနှီးမြှုပ်နှံမှု အကာအရံထားရန်ပုံငွေ (Hedge Fund)

            ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကာအရံထားရန်ပုံငွေဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည့် Hedge Fund သည် လူချမ်းသာများအတွက် အကျိုးတူရန်ပုံငွေဖြစ်သကဲ့သို့  ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရာတွင် ဖြစ်လာနိုင်ခြေရှိသော ဆုံးရှုံးမှုများ ကာကွယ်နိုင်ရန်အတွက် စီစဉ်ထားသောရန်ပုံငွေလည်းဖြစ်သည်။ Hedge Fund သည်အကျိုးတူရန်ပုံငွေဟုခေါ်ရမည့် Mutual fund နှင့် တူညီမှုများရှိသော်လည်း ကွဲပြားမှုများလည်းရှိသည်။ Hedge Fund များ အမြတ်အစွန်းရရှိမှုသည် Hedge Fund မန်နေဂျာ ၏ ကျွမ်းကျင်မှုပေါ်တွင် များစွာမူတည်သည်။ ထို့ကြောင့် Hedge Fund များသည် အရည်အချင်းရှိသောမန်နေဂျာများကို အခကြေးငွေမြင့်မားစွာပေး၍ ငှားရမ်းကြရသည်။ အထူးသဖြင့် စတော့ရှယ်ယာတစ်ခု၏ အမြတ်ငွေ ၁၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ ပေးကြရသည်။

          Hedge Fund သို့ ဝင်ရောက်ရန်အတွက် အနည်းဆုံးအမေရိကန်ဒေါ်လာပမာဏတစ်သန်းရှိရန်နှင့် ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်သည့် ဗဟုသုတအားကောင်းရန်လိုသည်။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆင့်ပွားစာချုပ်စာတမ်းများ ဝယ်ယူခြင်းနှင့် ကြွေးမြီကိုအသုံးပြု၍ အကျိုးအမြတ်ရရှိရေး လုပ်ကိုင်မှုများပြုရာတွင် ကန့်သတ်ချက်နည်းပါးပြီး စည်းကမ်းသတ်မှတ်ချက်များလည်း များများစားစားမရှိပေ။ များစွာသော Hedge Fund များသည် နိုင်ငံရပ်ခြားများတွင် အလုပ်လုပ်ကြပြီး အခွန်ရှောင် လေ့ရှိကြသည်။ Hedge Fund များသည် စျေးကွက်များ ကျဆင်းနေသည့် အချိန်များပင်လျှင် အမြတ်ရရှိနိုင်ရန် ကြိုးစားအားထုတ်ကြသည်။ ၎င်းတို့ရည်မှန်းချက်ထားသော ရည်မှန်းချက်ပန်းတိုင်တို့ရရှိရန် ရှုပ်ထွေးသောဘဏ္ဍာရေးဆိုင်ရာနည်းလမ်းများကို အသုံးပြုကြသည်။

          အသုံးပြုလေ့ရှိသော နည်းတစ်နည်းမှာ ငွေကြေးချေးငှားခြင်းပြုလုပ်၍ ရန်ပုံငွေပမာဏကြီးမားလာစေရန်လုပ်ဆောင်ခြင်း ဖြစ်သည်။ ထိုနည်းလမ်းသည် အမြတ်အစွန်းပိုမိုများပြားလာနိုင်သည်။ သို့သော် ကြီးမားသောဆုံးရှုံးမှုများလည်း ကြုံတွေ့လာရနိုင်သည်။ ထိုသို့ အမြတ်ပမာဏကြီးမားလာစေရန်ကြွေးမြီကို အသုံးပြုသည့်အတွက် Hedge Fund များသည် အခြားသော ရန်ပုံငွေအဖွဲ့များထက် ဘေးန္တရာယ်ပိုများသည်ဟု ဆိုကြသည်။ အချို့ကလည်း Hedge Fund များသည် လုပ်ငန်းများလုပ်ဆောင်ရာတွင် ပွင့်လင်းမြင်သာမှုမရှိဟု ဝေဖန်ကြသည်။

 

ဝေါဟာရများ

ရင်းနှီးမြှုပ်နှံမှုအကာအရံထားရန်ပုံငွေ=Hedge Fund

အကျိုးတူရန်ပုံငွေ=Mutual fund

ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာဆင့်ပွားစာချုပ်စာတမ်းများ=derivatives

ငွေချေးငှားခြင်းဖြင့် အရင်းအနှီးငွေပမာဏမြှင့်တင်ခြင်း=leverage  

 ဆုံးရှုံးမှုများ=losses

 

လိုတိုရှင်း စီးပွားရေးသုတ (၇၇)

ဘလူးချစ် (ပ်) ကုမ္ပဏီများ (blue-chip companies)

          ဘလူးချစ် (ပ်) ဆိုသည့် ဝေါဟာရသည် ပိုကာကစားဝိုင်းတွင် တွေ့ရသောတန်ဖိုးကြီးမှုကိုပြသည့် အပြာရောင်ကတ်ပြားချပ်လေးများ ခေါ်ဝေါ်ခြင်းမှတဆင့် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။  ဘလူးချစ် (ပ်) ကုမ္ပဏီမှာမူ အရင်းအနှီး၊ ဝင်ငွေ၊ ထုတ်ကုန်နှင့် ပတ်သက်လာလျှင် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းခွင်ဝန်းကျင်တွင် အမည်ကောင်းရရှိလျက် နှစ်ပေါင်းများစွာလုပ်ကိုင်၊ ရပ်တည်နိုင်ခဲ့သော ကုမ္ပဏီကြီးမျိုးဖြစ်သည်။ ထို့ကြောင့် လူတစ်ယောက်အနေဖြင့် ငွေကြေးတတ်နိုင်၍  စတော့ဝယ်ယူမည်ဟု စိတ်ကူးရှိပါက ဘလူးချစ် (ပ်) ကုမ္ပဏီတစ်ခုတွင် မြှုပ်နှံဝယ်ယူရင်းနှီးမြှုပ်နှံခြင်းဖြင့်  ရလဒ်ကောင်းများရရှိနိုင်သည်ဟုဆိုကြသည်။

          ဘလူးချစ် (ပ်) ကုမ္ပဏီများသည် အရည်အသွေးမြင့်သော ထုတ်ကုန်များကြောင့် လူသိများသည့်ကုမ္ပဏီများဖြစ်ကြသည်။ ကောင်းမွန်စိတ်ချရသော အမြတ်ရရှိမှုမှတ်တမ်းနှင့်အတူ အရွယ်အစားကြီးမားသည့် အောင်မြင်သောကုမ္ပဏီများဖြစ်သည်။ ဘလူးချစ် (ပ်) ကုမ္ပဏီများသည် အချိန်ကာလကြာမြင့်စွာ လုပ်ငန်းအတွေ့အကြုံများစွာဖြင့် လုပ်ကိုင်ခဲ့ကြပြီး ဆိုးဝါးသောအချိန်များကို ကျော်ဖြတ်ပြီးသည့်နောက်မှ ထိပ်တန်းသို့ ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။

          အမေရိကန်နိုင်ငံရှိဥပမာပေးနိုင်သည့် ဘီလူးချစ် (ပ်) ကုမ္ပဏီများမှာ အိုင်ဘီအမ် (IBM)၊  မက် (ခ်) ဒေါ်နယ်လ်( McDonald )၊ ကိုကာကိုလာ (Coca-Cola )၊ အက်(ခ်)ဇွန် မိုဘိုင်းလ်( Exxon Mobile)၊ ဝေါလ်ဒစ်နေ (Walt Disney )၊ ခရက်(ဖ်) ( Kraft)၊အေတီအန်တီ( AT&T ) နှင့် မိုက်ခရိုဆော့(ဖ်) (Microsoft ) တို့ကိုဖြစ်ကြ သည်။  

          ဘလူးချစ် (ပ်) ကုမ္ပဏီများ၏ စတော့များကို စီးပွားရေးလုပ်ငန်းလောကတွင် တန်ဖိုးကြီးမားသောရင်းနှီးမြှုပ်နှံမှုများအဖြစ် တွေ့ရသည်။ ဘလူးချစ် (ပ်)  ကုမ္ပဏီများသည် အသစ်ဖြစ်ပေါ်လာသော၊ ကုမ္ပဏီငယ်များနှင့် နှိုင်းယှဉ်ပါက စွန့်စားရမှုနည်းပါးသည်ဟုယူဆကြပြီး ၎င်းတို့၏စတော့များမှာလည်း မြင့်မားသော စျေးနှုန်းများဖြင့် စျေးကွက်ထဲတွင်ရှိနေကြသည်။ သို့သော် ထိုကုမ္ပဏီများသည် ဆိုးဆိုးဝါးဝါးပြုမှုများလည်းရှိသည်ကို တွေ့ရသည်။ ဥပမာ နှစ်ပေါင်း ၈၀ ကျော် ဘလူးချစ်ပ် စတော့များစာရင်းဝင်ခဲ့သည့် ဂျီအမ်ကုမ္ပဏီကြီးသည် ဒေဝါလီခံရသည့်အခြေအနေ ရင်ဆိုင်ခဲ့ရသည်။

 

ဝေါဟာရများ

အတွေ့အကြုံများ၊ အကျိုးအမြတ်များလျက် အောင်မြင်သောကုမ္ပဏီများ=blue-chip companies

အရည်အသွေးမြင့်ထုတ်ကုန်များ=high-quality products

တန်ဖိုးကြီးသော ရင်းနှီးမြှုပ်နှံမှုများ=valuable investment  

လောင်းကစားခြင်း=gambling

ဒေဝါလီခံခြင်း=bankruptcy 

 

လိုတိုရှင်း စီးပွားရေးသုတ (၇၈)

ဒေါင်းဂျုန်း (Dow Jones)

          ဒေါင်းဂျုံးစ်ဆိုသည်မှာ ဒေါင်းဂျုံးစ်ပျမ်းမျှစက်မှုအညွှန်းကိန်းကို ဆိုလိုသည်။ ဒေါင်းဂျုံးစ်စက်မှုညွှန်းကိန်းသည် အမေရိကန်နိုင်ငံရှိ အောင်မြင်နေသော ကုမ္ပဏီ ၃၀ ၏ ပျမ်းမျှစတော့ဈေးနှုန်းများဖြစ်သည်။ တစ်နည်းအားဖြင့် အမေရိကန်နိုင်ငံ ဘလူးချစ်ကုမ္ပဏီ ၃၀ ၏ပျမ်းမျှစတော့စျေးနှုန်းဟုလည်း ဆိုနိုင်သည်။ ၁၈၉၆ ခုနှစ်က Charles Dow ဆိုသည့်ပုဂ္ဂိုလ်က စတင်၍တီထွင်အသုံးပြု ခဲ့ခြင်းဖြစ်သည်။ တိုင်းပြည်၏စီးပွားရေးအခြေအနေကို လေ့လာရာ၌ အသုံးပြုနိုင်သော ကိရိယာလည်း ဖြစ်သည်။

          ဒေါင်းဂျုံးစ်စတော့ညွှန်းကိန်းကို အေအန်တီ (A & T)၊ အမေရိကန်ဘဏ် (Bank of America)၊ မိုက်ခရိုဆော့်ဖ် (Microsoft) နှင့် မက်ဒေါနယ်လ် ( McDOnald)၊ ဂျီအမ်မော်တော် (General Motor)၊ ဂွတ်ရီးယား (Goodyear)၊ အိုင်ဘီအမ် (IBM)၊ အက်ခ်ဇွန် (Exxon) ကဲ့သို့ ဈေးကွက်ကို ဦးဆောင်နေသော ကုမ္ပဏီကြီးများ၏ စတော့စျေးနှုန်းများကို အခြေခံတွက်ချက်ထားခြင်းဖြစ်သည်။ စျေးကွက်ညွှန်းကိန်းတစ်ခုစီသည် စတော့များ၊ ဘွန်းများ၊ ကြိုရောင်းကြိုဝယ်စာချုပ်များစသဖြင့် အာမခံငွေကြေးစာချုပ်များစုစည်းထားမှုတစ်ခုအပေါ်တွင် အခြေခံတွက်ချက်သည်။ အချို့မှာလည်း စွမ်းအင်ကဲ့သို့ အထူးပြုထားသော စက်မှုကဏ္ဍတစ်ခုနှင့်သာ သက်ဆိုင်သည်များလည်းရှိသည်။

          ဒေါင်းဂျုံးစ် အညွှန်းကိန်းများသည် အခြားသောအညွှန်းကိန်းများထက် ပို၍ကိုးကားအသုံးပြုခြင်းခံရသည်။ ၎င်းအညွှန်းကိန်းများမြင့်တက်လာလျှင်စီးပွားရေးအဆောက်အအုံသည် အခြေအနေကောင်းသည်ဟု ညွှန်းဆိုနေသည့်သဘောရှိပြီး ထိုအညွှန်းကိန်းများ ကျဆင်းနေပါက ဆိုးရွားသော စီးပွားရေးအခြေအနေပြသည်ဟု ဆိုကြသည်။ ပျမ်းမျှညွှန်းကိန်းများကို ပွိုင့်အမှတ်များဖြင့် ဖော်ပြလေ့ရှိပြီး တစ်ဒေါ်လာကို ရှစ်မှတ်ဖြင့်ဖော်ပြသည်။ ကုမ္ပဏီများက စတော့များ ပိုမိုထုတ်ရောင်းပါက ပြန်လည်ချိန်ဆညှိနှိုင်းတွက်ချက်ထားသော ဖော်မျူလာကို အသုံးပြုသည်။ ထိုအညွှန်းကိန်းများကို သိရှိခြင်းသည် ရင်းနှီးမြှုပ်နှံသူများအတွက် များစွာ အသုံးဝင်သည်။ ၎င်းတို့အနေဖြင့် စတော့စျေးနှုန်းများကို နှိုင်းယှဉ်လေ့လာနိုင်၍ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆုံးဖြတ်ချက်များ ပြုလုပ်နိုင်သည်။

 

ဝေါဟာရများ

ဈေးကွက်ညွှန်းကိန်း=market index    

ဈေးကွက်ကို ဦးဆောင်နေသောကုမ္ပဏီများ=leading companies

အာမခံငွေကြေးစာချုပ်များ စုစည်းထားမှု=basket of securities  

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆုံးဖြတ်ချက်=investment decision

  

လိုတိုရှင်း စီးပွားရေးသုတ (၇၉)

နက်စ်ဒက် (NASDAQ)

          နက်စ်ဒက် (NASDAQ) သည် National Association of Securities Dealers Automated Quotation အမည်အတိုကောက်ဖြစ်သည်။ အမေရိကန်နိုင်ငံချေးငွေသက်သေခံလက်မှတ်များ ရောင်းဝယ်သူများအသင်း (National Association of Securities Dealers-NASD  ) က တွက်ချက်ထုတ်ပြန်ထားသည့် စတော့စျေးနှုန်းအညွှန်းကိန်းအမည်ဖြစ်သည်။ NASDAQ ကို ၁၉၇၁ ခုနှစ်တွင် စတင်ဖန်တီး ခဲ့ခြင်းဖြစ်သည်။ ပထမဦးဆုံး အီလက်ထရွန်နစ်စနစ်သုံး စတော့အိတ်ချိန်းတစ်ခုဖြစ်ပြီး စျေးကွက်ကို နေရာအတည်တကျ သတ်မှတ်ထားခြင်းမရှိပေ။

          NASDAQ သည် ပုံမှန်ပြောင်းလဲမှုရှိနေသော စတော့စျေးနှုန်းများကို ထုတ်ပြန်ပေးလေ့ရှိပြီး ရောင်းသူနှင့်ဝယ်သူတို့ကိုလည်း ကွန်ပျူတာစနစ်အသုံးပြုဆက်သွယ်ပေးခြင်းဖြင့် စျေးကွက်ဖြစ်စေရန် ဆောင်ရွက်ပေးသည်။ NASDAQ တွင် စာရင်းတင်ထားသည့် ကုမ္ပဏီပေါင်း ၃၇၀၀ ခန့်ရှိပြီး ကမ္ဘာပေါ်ရှိ အခြားသောစတော့အိတ်ချိန်များထက် စတော့အရေအတွက် ပိုမိုများပြားစွာရောင်းဝယ်လျက်ရှိသည်။ NASDAQ တွင် အဆင့်မြင့် စတော့ရှယ်ယာများနှင့် အသစ်ဖွင့်လှစ်လာသော လုပ်ငန်းများ၊ ကုမ္ပဏီများ၏ စတော့များလည်း မကြာခဏပါရှိတတ်ပြီး အခြားသောအိတ်ချိန်းများတွင် စာရင်းမသွင်းထားသော စတော့များကိုလည်း စတော့စျေးကွက်ပြင်ပနည်းဖြင့် ရောင်းဝယ်ကြသည်များကိုလည်း တွေ့ရသည်။

          ထို့ပြင် NASDAQ သည် အေအိတ်ချ်တီ (After hours trading-AHT) ဟု အတိုကောက်ခေါ်သည့် စျေးကွက်အချိန်လွန်အရောင်းအဝယ်များကိုလည်းဆောင်ရွက်ပေးနိုင်သည်။ ထိုအရောင်းအဝယ်မျိုးသည် ရင်းနှီးမြှုပ်နှံသူများရရှိလာသည့် သတင်းအချက်အလက်များကို လျင်မြန်စွာတုံ့ပြန်ရေးအတွက် များစွာအထောက်အကူရသည်။ သို့သော် စျေးကွက်အချိန်ပြင်ပရောင်းဝယ်သည့်စျေးနှုန်းများသည် အတက်အကျအလှုပ်အရှားမြန်သည့် အခြေအနေရှိသည်ကို သတိပြုရမည်ဖြစ်သည်။ စုပေါင်းညွှန်းကိန်းကို ကြည့်၍ နည်းပညာကဏ္ဍ၏ အခြေအနေကို လေ့လာသုံးသပ်မှုများပြုလုပ်နိုင်သည်။ NASDAQ ကို နေ့စဉ်ထုတ်သတင်းစာများ၊ ရုပ်မြင်သံကြားနှင့် အင်တာနက်သတင်းများမှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။

 

ဝေါဟာရများ

အရောင်းအဝယ်ဖြစ်စေရန် ဈေးနှုန်း ချိတ်ဆက်ပေးမှု=price match  

ပိုမိုများပြားစွာရောင်းဝယ်ခြင်း=more trading volume  

စတော့အိတ်ချိန်းစာရင်းမဝင်ထားသော စတော့များ=over-the-counter stocks

ဈေးကွက်ချိန်ပြင်ပရောင်းဝယ်မှု=After hours trading-AHT    

နည်းပညာကဏ္ဍ=energy sector

 

လိုတိုရှင်း စီးပွားရေးသုတ (၈၀)

အညွှန်းကိန်းရန်ပုံငွေ (Index Fund )

          အညွှန်းကိန်းရန်ပုံငွေဆိုသည်မှာ  အမေရိကန်နိုင်ငံရှိ Dow Jones သို့မဟုတ် the S & P 500 ကဲ့သို့ စျေးကွက်အညွှန်းကိန်းတစ်ခုကို ဦးတည်နေသည့်  အကျိုးတူရန်ပုံငွေ အမျိုးအစားတစ်ရပ်ဖြစ်သည်။ the S & P 500 သည်  the Standard and Poor’s 500  အတိုကောက်အခေါ်အဝေါ်ဖြစ်ပြီး New York Stock Exchange သို့မဟုတ် NASDAQ Stock Exchange တွင် စာရင်းဝင်ထားသော ကုမ္ပဏီကြီး ၅၀၀ စျေးကွက်အရင်းအနှီးပေါ်တွင် အခြေခံထားသော အမေရိကန် စတော့စျေးကွက်ညွှန်းကိန်းတစ်ခုဖြစ်သည်။  

          Index Fund များသည် Mutual Fund များနှင့်မတူသည်မှာ စျေးကွက်၏အခြေအနေကို ထင်ဟပ်စေရန်သာ ကြိုးစားအားထုတ်ကြခြင်းသာဖြစ်သည်။    Index Fund များသည် စျေးကွက်ညွှန်းကိန်းတစ်ခုအဖြစ် တူညီသောစတော့များထဲတွင် တူညီသောအချိုးအစားအားဖြင့် မြှုပ်နှံကြသည်။ စျေးကွက်ပြောင်းလဲမှုရှိသောအခါတွင်လည်း ၎င်းတို့ပါဝင်မှုမှာ အတူတူပင်ဖြစ်သည်။ စျေးကွက်အပြောင်းအလဲအတိုင်း လိုက်ပါ၍ စီမံခန့်ခွဲလုပ်ဆောင်နိုင်သောကြောင့် အခကြေးငွေမြင့်မားစွာပေးရသည့် ကျွမ်းကျင်သူများ ငှားရမ်းစရာမလိုအပ်ပေ။ အကြိမ်အရေအတွက်နည်းပါးစွာသာ ရောင်းဝယ်ကြသောကြောင့် ကုန်ကျစရိတ်ပိုမိုသက်သာသည်။   အခြားရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့များက အကျိုးအမြတ်ရရှိစေရေး ကြိုးစားလှုပ်ရှားလျက်နေသော်လည်း ရေရှည်တွင် Index  Fundများသည် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေများကို ပိုမိုသာလွန်စွာစီမံဆောင်ရွက်နိုင်ကြသည်။

 

ဝေါဟာရများ

အညွှန်းကိန်းရန်ပုံငွေ=Index Fund

အကျိုးတူရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ=Mutual Fund

ဈေးကွက်အခြေအနေ=Market performance

ဘေးအန္တရာယ်အဆင့်အမျိုးမျိုး=varying risk levels   

အခကြေးငွေ မြင့်မားသော ကျွမ်းကျင်သူများ=expensive analysts

 

 စောနိုင် (အသုံးချဘောဂဗေဒ)

 

 

Most Read

Most Recent