အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့တော်ဟာ လေထုညစ်ညမ်းမှုအမြင့်ဆုံးဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကဆိုပါယ်။လေထုညစ်ညမ်းမှုကြောင့်ကမ္ဘာတစ်ဝန်းမှာနှစ်စဉ်လူ ၅ ဒသမ ၁ သန်းသေဆုံးနေကြောင်းလေ့လာမှုတစ်ခုအရဆိုပါတယ်။
တစ်ချိန်တည်းမှာပတ်ဝန်းကျင်နဲ့အိမ်တွင်းလေထုညစ်ညမ်းမှုရဲ့ပေါင်းစပ်မှုကြောင့်နှစ်စဉ်လူ ၆ ဒသမ ၇ သန်း သေဆုံးနေရတယ်လို့ ကမ္ဘာကျန်းမာရေးအဖွဲ့(WHO )ကဆိုပါယ်။
ကမ္ဘာကြီးပူနွေးလာမှုဟာနိုင်ငံနဲ့ ဒေသအများအပြားမှာပိုမိုပြင်းထန်တဲ့တောမီးများဖြစ်ပေါ်စေပြီး မီးခိုးမြူဖုံးလွှမ်းရာသီများပိုရှည်လျားလာကာ လေထုညစ်ညမ်းမှုနဲ့ဆက်စပ်တဲ့ကျန်းမာရေးပြဿနာတို့ကို ပိုမိုဆိုးရွားနေပါတယ်။
မြန်မာနိုင်ငံနဲ့ကမ္ဘာမှာတော့ပွင့်လင်းရာသီ မတ်၊ဧပြီ၊မေလရောက်ရှိလာတာနဲ့နယ်စပ်ဖြတ် ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုပြဿနာများဖြစ်ပေါ်နေတဲ့သတင်းများ နှစ်စဉ်ကြားသိမြင်တွေ့ကြရမှာဖြစ်ပါတယ်။ အဆိုးရွားဆုံးရင်ဆိုင်ကြုံတွေ့ရလေ့ရှိတဲ့ကျန်းမာရေးဆိုင်ရာပြဿနာတစ်ခုဖြစ်ပေါ်လေ့ရှိပါတယ်။
လေထုညစ်ညမ်းမှုဟာလက်ရှိကမ္ဘာလုံးဆိုင်ရာပြဿနာတစ်ခုအဖြစ်ပါဝင်နေပြီးနယ်စပ်ဖြတ်ကျော်မီးခိုးမြူညစ်ညမ်းမှုပြဿနာဟာမြန်မာအပါဝင်မဲခေါင်ဒေသနိုင်ငံများအကြားအဆိုးရွားဆုံး ရင်ဆိုင်ရတဲ့ကျန်းမာရေးပြဿနာတစ်ခုပဲဖြစ်တယ်။
မြန်မာနိုင်ငံနဲ့အနီးပတ်ဝန်းကျင်အာရှနိုင်ငံများရဲ့လေထုအရည်အသွေးအခြေအနေကိုဆန်းစစ်ကြည့်မယ်ဆိုရင်ဘင်္ဂလားဒေ့ရှ်မှာပျမ်းမျှလေထုအရည်အသွေးဟာ(WHO)ရဲ့ဘေးကင်းရေးလမ်းညွှန်ချက်များထက် ၁၆ ဆနီးပါးကျော်လွန်သွားခဲ့ပြီး ကမ္ဘာ့လေထုအရည်အသွေးမှာအဆိုးရွားဆုံးနိုင်ငံဖြစ်တယ် ။ အိန္ဒိယနိုင်ငံရဲ့လူဦးရေ ၁ ဒသမ ၃ ဘီလျံ (သို့မဟုတ်) နိုင်ငံ့လူဦးရေရဲ့ ၉၆ ရာခိုင်နှုန်းဟာ(WHO) လေထုအရည်အသွေးလမ်းညွှန်ချက်ထက ်ခုနစ်ဆခန့်ပိုမိုဆိုးရွားတဲ့ အခြေအနေမှာ နေထိုင်ကြရပါတယ်။
၂၀၂၄ ခုနှစ်မတ် ၁၉ ရက်ကထုတ်ပြန်ခဲ့တဲ့ (IQAir) ရဲ့အစီရင်ခံစာသစ်တစ်ရပ်မှာ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အိန္ဒိယ နဲ့တာဂျစ်ကစ္စတန်တို့ဟာကမ္ဘာပေါ်မှာလေထုညစ်ညမ်းမှုအရှိဆုံးနိုင်ငံလေးနိုင်ငံမှာပါဝင်ပြီး လေထုညစ်ညမ်းမှုအများဆုံးမြို့ပေါင်း ၃၀ မှာ ၂၉ မြို့ ပါဝင်နေတယ်။
၂၀၂၃ ခုနှစ်အတွင်း ထိုင်းနိုင်ငံသား ၁၀ သန်းကျော်ဟာ လေထုညစ်ညမ်းမှုနဲ့ဆက်နွှယ်တဲ့ဖျားနာမှုအတွက် ဆေးကုသမှုခံယူခဲ့ရကြောင်း ထိုင်းနိုင်ငံစီးပွါးရေးနဲ့လူမှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (NESDC) က ထုတ်ပြန်တဲ့အချို့အလက်တွေအရ ဖော်ပြတယ်။ ထိုင်းနိုင်ငံမှာ ယခုနှစ်အစပိုင်းမှာ ဆိုးရွားတဲ့မီးခိုးမြူများဖြစ်ပေါ်ခဲ့လို့လေထုညစ်ညမ်းမှုနဲ့ဆက်စပ်တဲ့ရောဂါများဖြစ်ပွားမှုဟာ ယခင်နှစ်များထက်ပိုမိုများပြားခဲ့တယ်ဆိုပါတယ်။ ၂၀၂၃ ခုနှစ်ပထမကိုးပတ်မှာလူ ၁ ဒသမ ၃ သန်းမှ ၂၀၂၄ ခုနှစ်အစပိုင်းမှာ ၁ ဒသမ ၆ သန်းအထိ ညစ်ညမ်းမှုနဲ့ ဆက်နွှယ်တဲ့ဖျားနာမှုများအတွက်ဆေးရုံတက်ရောက်ခဲ့ရကြောင်း သိရပါတယ်။
မြန်မာနိုင်ငံမှာလည်းမတ် ၁၀ ရက်ထုတ်ပြန်တဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရဲ ့နိုင်ငံအတွင်း ဖေဖော်ဝါရီအတွင်းဝန်းကျင်လေထုအရည်အသွေးလေ့လာဆန်းစစ်ခြင်းနဲ့ပတ်သက်တဲ့သတင်းထုတ်ပြန်ချက်မှာလည်း သံလျင်၊ အမရပူရ၊ အောင်မြေသာစံ၊ ပုသိမ်ကြီး၊မြိတ်၊ပဲခူး၊ကျိုင်းတုံ၊တာချီလိတ်မြို့တို့မှာလေထု အရည်အသွေးညွှန်းကိန်း အဝါရောင်နဲ့လိမ္မော်ရောင်အဆင့်များရောက်ရှိနေပြီး ခံနိုင်ရည်နည်းပါးတဲ့သက်ကြီးရွယ်အိုနဲ့ကလေးသူငယ်များ၊ကျန်းမာရေးမကောင်းသူများအတွက်ထိခိုက်တဲ့အခြေအနေများဖြစ်ပေါ်နေကြကြောင်းဖော်ပြထားတယ်။
တာချီလိတ်မြို့မှာတစ်ဖက်နိုင်ငံကတောမီးကြောင့်ခရမ်းရောင်အဆင့်ဖြစ်ပြီး လေထုထဲမှာလူကိုအန္တရာယ်ဖြစ်စေတဲ့ကာဗွန်မိုနောက်ဆိုက်နဲ့နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်နဲ့ဆာလ်ဖာဒိုင်အောက်ဆိာဒ်များရောနှောပါဝင်နေလို့လေထုညစ်ညမ်းမှုဖြစ်ပေါ်နေကြောင်းပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကထုတ်ပြန်ခဲ့တယ်။(WHO)ရဲ့သတ်မှတ်ချက်အရလေထုအရည်အသွေးညွှန်းကိန်း(Air Quality Index)(၀-၅၀)အထိကောင်းမွန်တဲ့အဆင့်၊ (၅၁-၁၀၀)အထိလက်ခံနိုင်တဲ့အဆင့်(အဝါရောင်)၊(၁၀၁-၁၅၀)အထိကိုယ်ခံအားနည်းသူများ၊ အဆုတ်ရောင်ရောဂါရှိသူများ၊ ကလေး၊သက်ကြီးရွယ်အိုများမှာကျန်းမာရေးထိခိုက်နိုင်တဲ့အဆင့် (လိမ္မော်ရောင်)၊(၁၅၁-၂၀၀)အထိ လူတိုင်းထိခိုက်နိုင်တဲ့အဆင့် (အနီရောင်)၊ (၂၀၁-၃၀၀) အထိအလွန်ဆိုးရွားတဲ့အဆင့်(ခရမ်းရောင်)နဲ့ (၃၀၁-၅၀၀) အထိဘေးအန္တရာယ်ကျရောက်တဲ့အဆင့်(နီညိုရောင်)အဖြစ်သတ်မှတ်ထားပါတယ်။
အာဆီယံရာသီဥတုလေ့လာစောင့်ကြည်ဘရေးဗဟိုဌာန(ASMC)ရဲ့လေ့လာမှုအရ ၂၀၂၃ ခုနှစ်အတွင်းမြန်မာတစ်နိုင်ငံလုံးအတိုင်းတာအနေနဲ့ဖြစ်ပွားတဲ့မီးလောင်မှုအရေတွက် ၅၆၈၆၅ ကြိမ်ရှိပြီး ၂၀၂၄ ခုနှစ်အတွင်း ၂၀၆၆၀ အထိရှိကြောင်း ရှမ်းပြည်နယ်မှ ၄၀ ရာခိုင်နှုန်းအထိအများဆုံးပါဝင်တယ်ဆိုတယ်။
အာဆီယံဒေသမှာနယ်စပ်ဖြတ်ကျော်မီးခိုးမြူများ၊ ညစ်ညမ်းစေတဲ့အဓိကအချက်တစ်ခုမှာ သစ်ဆွေးမြေဧရိယာများပိုင်ဆိုင်နေခြင်းဖြစ်တယ်။ အပူပိုင်းသစ်ဆွေးမြေအားလုံးရဲ့၅၆ ရာခိုင်နှုန်းအထိပိုင်ဆိုင်ခဲ့ပေမဲ့ ဟက်တာသုံးသန်းကျော်ဟာမီးလောင်မှုကြောင့်ပျက်စီးသွားခဲ့ပြီဖြစ်ပါတယ်။ အရှေ့တောင်အာရှရှိ သစ်ဆွေးမြေဧရိယာ ၇၀ ရာခိုင်နှုန်းကျော်ဟာ အင်ဒိုနီးရှားနိုင်ငံမှာရှိပြီး ကျန်သစ်ဆွေးမြေဧရိယာများမှာ ဘရူးနိုင်း၊ကမ္ဘောဒီးယား၊ လာအို၊မလေးရှား၊မြန်မာ၊ဖိလစ်ပိုင်၊ထိုင်းနဲ့ဗီယက်နမ်နိုင်ငံတွေမှာ တွေ့ရတယ်။
သစ်ဆွေးမြေမီးလောင်မှုဟာ လူသားတို့ရဲ့ကျန်းမာရေး၊ အစားအစာထုတ်လုပ်မှုနဲ့ဇီဝမျိုးစုံမျိုးကွဲများကိုထိခိုက်စေတဲ့ပြင်ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုကိုဖြစ်ပေါ်စေပါတယ်။ရာသီဥတုဆိုင်ရာအကျပ်အတည်းများဟာ လေထုညစ်ညမ်းမှုဖြစ်ပေါ်လာစေရေး အဓိကအခန်းမှပါဝင်နေတယ်လို့(IQAiir)အစီရင်ခံစာကဆိုတယ်။
ကမ္ဘာကြီးပူနွေးလာမှုရှောင်ရှားဖို့အတွက် တောမီးများ၊ တောင်ယာစိုက်ခင်းမီးရှို့ခြင်းတို့ရှောင်ရှားဖို့ အမဲလိုက်ရာမှာတောမီးရှို့ခြင်းရှောင်ရှားဖို့၊ ရွှေ့ပြောင်းတောင်ယာအစားလှေကားထစ်စိုက်ပျိုးခြင်း၊ နေရာအတည်တကျစိုက်ပျိုးခြင်းစတဲ့စိုက်ပျိုးရေးနည်းစနစ်များကိုပြောင်းလဲကျင့်သုံးဖို့၊ ကာဗွန်ပိုမိုစုပ်ယူသိုလှောင်နိုင်ရေးနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးတို့အတွက်သစ်ပင်များပိုမိုစိုက်ပျိုးဖို့၊ သစ်တောများထိန်းသိမ်းဖို့နဲ့ အချင်းချင်းအသိပညာမျှဝေခြင်းတို့လုပ်ဆောင်သွားကြရမှာပဲဖြစ်ပါတယ်။