၂၀၂၄ အာရှဖလားဖူဆယ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း ဇန်နဝါရီ ၂၀ ရက်မှစ၍ လေ့ကျင့်မှုများပြုလုပ်

၂၀၂၄ အာရှဖလားဖူဆယ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း ဇန်နဝါရီ ၂၀ ရက်မှစ၍ လေ့ကျင့်မှုများပြုလုပ်
Photo: MFF
Photo: MFF
Published 22 January 2024

၂၀၂၄ အာရှဖလား ဖူဆယ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် ဇန်နဝါရီ ၂၀ ရက်မှစ၍ လေ့ကြျင့်မှုများပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း နည်းပြချုပ် ဘန်လက်ချာယိုဝန်သည် ပြီးခဲ့သည့် ဇန်နဝါရီ ဒုတိယပတ်အတွင်းက ၂၀၂၄ အာရှဖလားဖူဆယ်ပြိုင်ပွဲ နောက်ဆုံးအဆင့်အတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန် ပဏာမကစားသမား ၂၅ ဦး ရွေးချယ်ဖွဲ့စည်းလိုက်သော်လည်း လေ့ကျင့်မှုစတင်ပြုလုပ်သည့်အခါ တစ်ဦးလျှော့ချပြီး၂၄ ဦးသာ ရွေးချယ်ခဲ့ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည်  ဖေဖော်ဝါရီ ၄ ရက်အထိ ရန်ကုန်မြို့တွင် စခန်းဝင်လေ့ကျင့်မည်ဖြစ်ပြီး ဖေဖော်ဝါရီ ၅ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဆူရာဗာရာမြို့သို့ သွားရောက်မည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် အင်ဒိုနီးရှားနိုင်ငံတွင် တစ်ပတ်ဝန်းကျင် သွားရောက်လေ့ကျင့်မည်ဖြစ်ပြီး အင်ဒိုနီးရှားဖူဆယ်လိဂ် ချန်ပီယံအသင်းအပါအဝင် ခြေစမ်းပွဲ (၃)ပွဲယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် ခြေစမ်းပွဲများအဖြစ် ဖေဖော်ဝါရီ ၇၊ ၉ ရက်တွင် အင်ဒိုနီးရှားဖူဆယ်လိဂ်ချန်ပီယံ ဘင်တန်တီမူအသင်းနှင့် နှစ်ပွဲကစားမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၀ ရက်တွင် အင်ဒိုနီးရှားဖူဆယ်ကလပ် အရှေ့ဂျာဗားအသင်းနှင့် ခြေစမ်းကစားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် ၂၀၂၄ အာရှဖလားဖူဆယ်ပြိုင်ပွဲ နောက်ဆုံးအဆင့်တွင်  အုပ်စု(A) ၌ အိမ်ရှင် ထိုင်း၊ ဗီယက်နမ်၊ တရုတ်အသင်းတို့နှင့် ကျရောကနေလျက်ရှိသည်။

နောက်ဆုံးအဆင့်တွင် အသင်းပေါင်း ၁၆ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ၄ သင်း ၄ အုပ်စုခွဲ၍ ကျင်းပမည်ဖြစ်သည်။

အုပ်စုခွဲဝေထားမှုအရ အုပ်စု(A) တွင် ထိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ တရုတ်၊ အုပ်စု(B) တွင် ဥဇဘက်ကစ္စတန်၊ ဆော်ဒီအာရေဗျ၊ အီရတ်၊ သြစတြေးလျ၊ အုပ်စု(C)တွင် ဂျပန်၊ တာဂျစ်ကစ္စတန်၊ တောင်ကိုရီးယား၊ ကာဂျစ္စတန်၊ အုပ်စု (D)တွင် အီရန်၊ ကူဝိတ်၊ ဘာရိန်းနှင့် အာဖဂန်နစ္စတန်အသင်းတို့ ပါဝင်သည်။

ပြိုင်ပွဲကို ဧပြီ ၁၇ ရက်မှ ၂၈ ရက်အထိ ထိုင်းနိုင်ငံတွင် ကျင်းပမည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ အမှတ်အများဆုံးရရှိသည့် နှစ်သင်းစီမှာ ကွာတားဖိုင်နယ် တက်ရောက်ခွင့်ရမည်ဖြစ်သည်။

ဆီမီးဖိုင်နယ်ရောက်ရှိသည့် ၄ သင်းမှာမူ  ယခုနှစ်အတွင်း ဥဇဘက်ကစ္စတန်နိုင်ငံ၌ ကျင်းပမည့်၂၀၂၄ ဖီဖာကမ္ဘာ့ဖလား ဖူဆယ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။

ဆီမီးဖိုင်နယ်ရောက် ၄ သင်းတွင် အိမ်ရှင် ဥဇဘက်ကစ္စတန်အသင်း ပါဝင်ပါက ကွာတားဖိုင်နယ်တွင် အရေးနိမ့်ခဲ့သည့် ၄ သင်း Play-offs ကစားကာ အဆင့် ၅ ရရှိသည့်အသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။

မြန်မာဖူဆယ်အသင်းသည် အာရှဖလားဖူဆယ်ပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် ဒုတိယအကြိမ် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်သည်။

Most Read

Most Recent