■ လိုတိုရှင်း စီးပွားရေးသုတ (၁)
''ဝယ်လိုအားနှင့် ရောင်းလိုအား (Demand and Supply)''
ဝယ်လိုအားဆိုသည်မှာ ဈေးနှုန်းအခြေအနေအမျိုးမျိုးတွင် ဖြစ်ပေါ်နေသောဝယ်ယူသည့် အရေအတွက်အမျိုးမျိုးဖြစ်ပြီး ရောင်းလိုအားဆိုသည်မှာ ဈေးနှုန်းအခြေအနေအမျိုးမျိုးမှာ ရောင်းချနေသည့် အရေအတွက်အမျိုးမျိုးဖြစ်သည်။ ဝယ်လိုအားနှင့် ရောင်းလိုအားတို့သည် ဈေးကွက်ကို မောင်းနှင်နေသောအရာများဖြစ်ပြီး ဈေးကွက်အင်အားစုများဟုလည်းခေါ်သည်။ ဝယ်လိုအားနှင့် ရောင်းလိုအားတို့၏ အလုပ်လုပ်ပုံကို နားလည်လာလျှင် သင်သည် စီးပွားရေးပညာရှင်တစ်ယောက် ဖြစ်နိုင်သော လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီဟုပင် တင်စားဆိုကြသည်။
ဈေးကွက်ထဲတွင် ကုန်စည်များ၏ ဝယ်ယူမှု၊ ရောင်းချမှုတို့သည် ဈေးနှုန်းပေါ်တွင်မူတည်နေသည်။ ဈေးနှုန်းကြီးမြင့်သော ကုန်စည်များသည် ဝယ်လိုအားနည်းနေတတ်ပြီး ဈေးနှုန်းကျဆင်းနေသောကုန်စည်များမှာ ဝယ်လိုအားများနေတတ်သည်ဟု ယေဘုယျမှတ်ယူနိုင်သည်။ ကုန်စည်များ ဈေးနှုန်းကြီးမြင့်နေချိန်တွင် ကြီးသောအခါ ဝယ်လိုအားနည်းနေရခြင်းမှာ ဝယ်ယူသူသည် ကုန်ပစ္စည်းတွင်ရှိသောတန်ဖိုးထက်ပိုသည့် ၎င်း၏ငွေကြေးကို မပေးလိုသောကြောင့်ဖြစ်သည်။ ထို့အတူပင် ဈေးနှုန်းကြီးမြင့်နေသော ကုန်ပစ္စည်းများ ရောင်းလိုအား ပိုများနေတတ်ခြင်းမှာ ရောင်းချသူများမှာ ယခင်ကရရှိသည်ထက် ငွေကြေးအကျိုးအမြတ်အခွင့်အလမ်းများ ပိုမိုရရှိသည်ဟု ယူဆသောကြောင့်ဖြစ်သည်။
ဝယ်လိုအားနှင့် ရောင်းလိုအားအခြေအနေ တူညီနေလျှင် အားမျှခြေဟုခေါ်သည်။ တူညီနေသော ဝယ်လိုအားအရေအတွက်နှင့်ရောင်းလိုအားအရေအတွက်ကို အားမျှကုန်စည်အရေအတွက်ဟုခေါ်ပြီး အားမျှခြေဖြစ်ပေါ်စေသောဈေးနှုန်းကို အားမျှဈေးနှုန်းဟုခေါ်သည်။ အားမျှခြေအခြေအနေတွင် လူတိုင်း (ဝယ်သူနှင့် ရောင်းသူနှစ်ဦးစလုံး) ၎င်းတို့လိုချင်သည့်အရာကို ရရှိသည့်အခြေအနေဖြစ်သည်။ မည်သည့်အရာမှ အလဟဿမဖြစ်သော အကောင်းဆုံးအခြေအနေဟုဆိုသည်။
သို့သော် အားမျှခြေသည် ရှားရှားပါးပါးရောက်နိုင်ခဲသော အခြေအနေဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဈေးနှုန်းများသည် ဝယ်လိုအားနှင့် ရောင်းလိုအား အပြောင်းအလဲများအပေါ် အမြဲမပြတ် တုံ့ပြန်သောကြောင့်ဖြစ်သည်။ သို့သော် ပုံသေမှတ်ယူရန်မဖြစ်နိုင်ပေ။ ကုန်ပစ္စည်း အမျိုးအစားပေါ်မူတည်၍ဝယ်လိုအား၊ ရောင်းလိုအားများ မတူကြသောကြောင့်ဖြစ်သည်။ အချို့ထုတ်ကုန်များသည် ဝယ်သူတို့၏စိတ်ကို အလွယ်တကူ အပြောင်းအလဲဖြစ်စေတတ်သည်။ လူအများ၏ အမှန်တကယ်လိုအပ်မှု မရှိခြင်း၊ ဆိုလိုသည်မှာ အဓိကလိုအပ်သည့်ကုန်ပစ္စည်းမဟုတ်ခြင်းကြောင့်ဖြစ်သည်။
ဥပမာ နေ့စဉ်အသုံးပြုနေရသည့် ကုန်စည်မျိုးမဟုတ်ဘဲ ရံဖန်ရံခါသာ (စိတ်ကျေနပ်အတွက်) လိုသည့် ကုန်ပစ္စည်းမျိုး (အကောင်းစားအလှပြင်ပစ္စည်း၊ လက်ဝတ်ရတနာကဲ့သို့ ကုန်ပစ္စည်းမျိုး) ဆိုပါစို့။ ထိုကဲ့သို့ ကုန်စည်၏ ဈေးနှုန်းအနည်းငယ်မြင့်တက်ရုံမျှဖြင့် ရောင်းလိုအား အကြီးအကျယ်ကျဆင်းသွားနိုင်ပေသည်။ အချို့ကုန်စည်းများ၊ ထုတ်ကုန်များမှာ မိသားစုမီးဖိုချောင်တွင် နေ့စဉ်သုံးစွဲနေရသည့် ဆန်၊ ဆီကဲ့သို့ စားနပ်ရိက္ခာကုန်စည်များ၊ မော်တော်ကား၊ မော်တော်ဆိုင်ကယ်ကဲ့သို့ ခရီးသွားလာရေးအတွက် အရေးပါသည့် စက်ကရိယာတပ်ယာဉ်များတွင် ထည့်သွင်းအသုံးပြုရသည့် ဓာတ်ဆီ၊ ဒီဇယ်ကဲ့သို့ လောင်စာဆီများ၊ ထုတ်ကုန်များ၊ ကုန်စည်များမှာ မရှိမဖြစ်ကုန်စည်များဖြစ်သဖြင့် ဝယ်သူများမှာ ဈေးနှုန်းမြင့်တက်မှုကို ဂရုမထားနိုင်ဘဲ ဝယ်ယူသုံးစွဲနေကြရသည်။ ထိုကဲ့သို့ကု န်စည်များအပေါ် စားသုံးသူတို့၏ဝယ်ယူလိုစိတ်မှာ သည် အလွယ်တကူ၊ အမြန်အဆန် မပြောင်းလဲနိုင်ပေ။
ဝေါဟာရများ
ဝယ်လိုအား= Demand
ရောင်းလိုအား=Supply
ဈေးကွက်အင်အားစု = Market Forces
စီးပွားရေးပညာရှင်= Economist
အားမျှခြေ/အားမျှကုန်စည်အရေအတွက်/အားမျှဈေးနှုန်း= Equilibrium/ Equilibrium Quantity/
Equilibrium Price
■ လိုတိုရှင်း စီးပွားရေးသုတ (၂)
''ဈေးကွက်နှင့် လွတ်လပ်သောဈေးကွက် (Market and Free Market)''
ဈေးကွက်ဆိုသည်မှာ ဝယ်သူနှင့်ရောင်းသူတို့တွေ့ဆုံပြီး အရောင်းအဝယ်ဖြစ်သောနေရာဟု ယေဘုယျသဘောပေါက်ကြသည်။ လွတ်လပ်သော ဈေးကွက်မှာ ဈေးကွက်အတွင်း လှုပ်ရှားလည်ပတ်နေသည့် ရောင်းလိုအားနှင့် ဝယ်လိုအားတို့အပေါ် မည်သူတစ်ဦးတစ်ယောက်မှ၊ မည်သည့်အဖွဲ့အစည်းမှ လွှမ်းမိုးချုပ်ကိုင်ခြင်း၊ ထိန်းချုပ်ကန့်သတ်မှုခြင်းများမလုပ်ဘဲ ဝယ်သူနှင့်ရောင်းသူတို့က ၎င်း၏ဆန္ဒအတိုင်း ရောင်းခြင်း၊ ဝယ်ခြင်း ပြုလုပ်နိုင်သည့်ဈေးကွက်ဖြစ်သည်။ ဈေးကွက်အတွင်း၌ ကုန်စည်များ၏ ဈေးနှုန်းအခြေအနေပေါ်မူတည်၍ ဝယ်လိုအားနှင့် ရောင်းလိုအားတို့သည် သူ့အလိုအလျောက် အပြောင်းအလဲဖြစ်နေကြသည်။
လွတ်လပ်သော ဈေးကွက်တွင် ဝယ်လိုအားနှင့်ရောင်းလိုအားတို့ကို မည်သူတစ်ဦးတစ်ယောက် သို့မဟုတ် မည်သည့်အဖွဲ့အစည်းမျှ ဟန့်တားနှောင့်ယှက်မှုမရှိ၊ ပံ့ပိုးကူညီမှုများလည်းမရှိပေ။ ဈေးကွက်၏ ညီမျှမှုရှိသောအခြေအနေတွင် လူတိုင်းသည် ဈေးကွက်အတွင်း အမှီအခိုကင်းစွာ ပါဝင်ဝယ်ယူနိုင်သည်။ ရောင်းချနိုင်သည်။ ရောင်းသူတို့အမြင်ဖြင့်ကြည့်လျှင် ဈေးကွက်အတွင်းယှဉ်ပြိုင်စွမ်းရည် အကောင်းဆုံးဖြင့်ရောင်းချနိုင်သူသည်သာ ဈေးကွက်အတွင်းရပ်တည်နိုင်မည်။
ဝယ်ယူသူသည်လည်း ကုန်စည်ဈေးနှုန်းအပေါ် အခြားဝယ်သူများနှင့် ယှဉ်ပြိုင်ဈေးပေးနိုင်မှသာ မိမိဆန္ဒရှိသော ကုန်ပစ္စည်းကို ဝယ်ယူနိုင်မည်။
သို့သော် လက်တွေ့တွင် ဈေးကွက်များအားလုံး အပြည့်အဝ လွတ်လပ်မှု မရှိကြပေ။ ဈေးကွက်အတွင်း အစိုးရများသည် အနည်းနှင့်အများ ဝင်ရောက်စွက်ဖက်ပတ်သက်နေကြရသည်။ ဈေးကွက်အတွင်း မတရားနိုင်ထက်စီးနင်းပြုကျင့်မှု များ၊ လိမ်လည်မှုမျာ ကိုဖြေရှင်းပေးရန်၊ ပစ္စည်းပိုင်ဆိုင်မှု အခွင့်အရေးနှင့်ပတ်သက်၍ အလွဲသုံးစားပြုလုပ်မှုကို ဟန့်တားကာကွယ်ရန်အတွက်သာ ဝင်ရောက်စွက်ဖက်သင့်သည်ဟု ဆိုသည်။ ထို့သိုပြုလုပ်ရန် လိုအပ်သော ကုန်ကျစရိတ်များ ဖြည့်ဆည်းနိုင်ရန်အတွက် အစိုးရသည်အခွန်အခကို အနိမ့်ဆုံးကောက်ခံသင့်သည်ဟုလည်း ထောက်ပြကြသည်။
ဈေးကွက်အတွင်း ကုန်စည်ရရှိနိုင်မှု၊ ဈေးနှုန်းသတ်မှတ်မှုများနှင့်ပတ်သက်၍ ရောင်းလိုအားနှင့် ဝယ်လိုအားတို့ကသာ သူ့အလိုအလျောက်ပြဋ္ဌာန်းသတ်မှတ်နေခြင်းသည် ဈေးကွက်အတွင်း အစိုးရက ဝင်ရောက်ဆောင်ရွက်ပေးခြင်းထက် ပို၍ စွမ်းဆောင်ရည်ရှိသည်ဟု ဆိုကြသည်။
ထို့ကြောင့် ဈေးကွက်အတွင်း ရောင်းလိုအားနှင့် ဝယ်လိုအားကြား၊ ကုန်ပစ္စည်းနှင့်ဈေးနှုန်းကြား ပ ဉ္စလက်ဆန်သော ဆက်သွယ်ချက်ရှိသည်ဟု ဘောဂဗေဒ ဂုရု အက်ဒမ်စမစ် ပြောထားသည်။ ထိုအခြေအနေကို အဒမ်စမစ်က ဈေးကွက်၏ မမြင်ရသောလက်ဟု တင်စားခေါ်ဝေါ်ခဲ့သည်။ ၎င်းက ဈေးကွက်အတွင်း ကုန်စည်ရောင်းချသူတစ်ဦးသည် အခြားသူများ၏ စိတ်ဆန္ဒကျေနပ်မှုရှိစေရန်၊ ပြေလည်မှုရစေရန် စာနာစိတ်ဖြင့် ရောင်းချနေခြင်းမဟုတ်။ ၎င်း၏ လိုအင်ဆန္ဒအတွက် ရောင်းချနေခြင်းဖြစ်သော်လည်း ဝယ်သူစားသုံးသူအတွက် အကျိုးရှိနေသည်ဟုဆိုသည်။ ထိုသို့ဈေးကွက်အတွင်း ရောင်းသူ၊ ဝယ်သူတစ်ဦးချင်းစီသည် ၎င်းတို့၏လိုအင်ဆန္ဒပြည့်ဝရေး ပြုလုပ်နေခြင်းဖြင့် အလိုအလျောက်အားဖြင့် လူ့အဖွဲ့အစည်းတစ်ခုလုံးကို အကျိုးဖြစ်ထွန်းစေသည်ဟု ဖော်ထုတ်ထားခဲ့သည်။
ဝေါဟာရများ
ဈေးကွက်= Market
လွတ်လပ်သော ဈေကွက်= Free Market
ဝင်ရောက်စွက်ဖက်ပတ်သက်ခြင်း= Intervention
မတရားနိုင်ထက်စီးနင်းပြုကျင့်ခြင်း=Coercion
လိမ်လည်မှု=Fraud
ပစ္စည်း ပိုင်ဆိုင်မှုအခွင့်အရေး = Property Rights
အက်ဒမ်စမစ်= Adam Smith
မမြင်ရသော လက်= Invisible Hand
■ လိုတိုရှင်း စီးပွားရေးသုတ (၃)
''ပြိုင်ဆိုင်မှု (Competition)''
စျေးကွက်စီးပွားရေးစနစ်ကို အလွန်လူကြိုက်များကာ ကမ္ဘာပေါ်ရှိ နိုင်ငံအများအပြား ကျင့်သုံးလာသော ယခုကဲ့သို့အချိန်အခါတွင် ပြိုင်ဆိုင်မှုဟူသောဝါဟာရ၏သဘောတရားကို သဘောပေါက်နားလည်ရန်လိုလာသည်။ ဈေးကွက်စီးပွားရေးစနစ်ထဲတွင် စီးပွားရေးလုပ်ငန်းများသည် နည်းလမ်းအမျိုးမျိုးနှင့်ယှဉ်ပြိုင် လုပ်ကိုင်နေကြရသည်။
ထုတ်လုပ်သူများ၊ ရောင်းချသူများသည် စျေးနှုန်းအားဖြင့်လည်းကောင်း၊ အရည်အသွေးအားဖြင့်လည်းကောင်း ယှဉ်ပြိုင်မှုပြုလုပ်၍ ကုန်ပစ္စည်းများအရေအတွက်ပိုမိုရောင်းချနိုင်ရန် စျေးကွက်ဝေစု ပိုမိုရရှိရေးအတွက် အားထုတ်ကြသည်။ တူညီသောထုတ်ကုန်ကို ထုတ်လုပ်ကြသည့် လုပ်ငန်းများသည် ၎င်းတို့၏ထုတ်ကုန်များ အမျိုးအစားတူ အခြားထုတ်ကုန်များထက် ဈေးနှုန်းပိုမိုသက်သောစေရန် သို့မဟုတ် အရည်အသွေးပိုမိုကောင်းမွန်စေရန် ပြင်ဆင်ထုတ်လုပ်ကြခြင်း၊ ဝယ်ယူသူကို ကုန်ပစ္စည်းအတွက် အာမခံပေးခြင်းစသဖြင့် နည်းလမ်းအမျိုးမျိုးသုံး၍ ဆွဲဆောင်မှုများ ပြုလုပ်လျက် ယှဉ်ပြိုင်ရောင်းချကြသည်။ ထိုသို့ ယှဉ်ပြိုင်လုပ်ဆောင်ခြင်းများ၏ နောက်ဆုံးရည်မှန်းချက်မှာ စျေးကွက်ထဲ၌ အမြတ်အများဆုံးရရှိရန်နှင့် ဈေးကွက်အတွင်း ၎င်းတို့၏ကုန်စည်ဝယ်လိုအား ရေရှည်တည်တံ့နိုင်ရန် ဖြစ်သည်။
လွတ်လပ်သော စျေးကွက်အတွင်း ယှဉ်ပြိုင်လုပ်ကိုင်ရောင်းဝယ်ကြခြင်းသည် လူ့အဖွဲ့အစည်းတစ်ခုအတွင်း၌ သယံဇာတများကိုလည်းကောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကိုလည်းကောင်း ထိရောက်စွာ ခွဲဝေဖြန့်ဖြူးမှုအတွက် အထောက်အကူများစွာဖြစ်သည်ဟု စီးပွားရေးပညာရှင်များက ဆိုထားသည်။ အပြိုင်အဆိုင် ထုတ်လုပ်ရောင်းချကြခြင်းသည် ရောင်းလိုအားဘက်ကိုသာမက ဝယ်လိုအားဘက်ကိုပါ အကျိုးကျေးဇူးဖြစ်ထွန်းမှုများစေသည်။ ပြိုင်ဆိုင်လုပ်ကိုင်ခြင်းဖြင့် တိုးတက်လာသော လုပ်ငန်းများ၏ ထုတ်လုပ်မှုစွမ်းရည်၊ နည်းပညာသစ်များကြောင့် စားသုံးသူများအတွက် အရည်အသွေးကောင်းသော ကုန်ပစ္စည်များ၊ ထုတ်ကုန် အမည်သစ်များ ပေါ်ထွက်လာနိုင်ပြီး လူနေမှုအဆင့်အတန်းလည်း မြင့်မားလာစေသည်။ ကုန်ပစ္စည်းများ၏စျေးနှုန်းများကိုလည်း ကျဆင်းလာစေသည်။
သို့သော် ဈေးကွက်အတွင်းရှိ အချို့သောယှဉ်ပြိုင်လုပ်ကိုင်မှုများသည် လုပ်ငန်းများ၏ စွမ်းဆောင်ရည်ကို လျော့ပါးစေသည်ဟု ယုံကြည်သူများလည်းရှိသည်။ ထုတ်လုပ်သူရောင်းချသူများသည် အခြေအနေ အရပ်ရပ်တူညီမှုရှိသော စျေးကွက်များထဲ၌ တစ်ဦးနှင့်တစ်ဦး အမြဲမပြတ်ပြိုင်ဆိုင်လုပ်ကိုင်နေရသဖြင့် ထပ်တူဖြစ်သော၊ တူညီသောဖြစ်စဉ်များကို အမြဲကြုံတွေ့နေရခြင်း၊ မလိုလားအပ်သော လူမှုပြဿနာများကြုံရခြင်း စသည်ဖြင့် မှန်းဆ၍မရသည့် ဆိုးကျိုးအချို့လည်းရှိနေသည်ဟု ထောက်ပြကြသည်။
ဝေါဟာရများ
ပြိုင်ဆိုင်မှု= Competition
ဈေးကွက်ဝေစု=Market Share
အမြတ်=Profit
ခွဲဝေဖြန့်ဖြူးမှု=Distribution
ထုတ်လုပ်မှုစွမ်းရည်= Productivity
■ လိုတိုရှင်း စီးပွားရေးသုတ (၄)
''မိုနိုပိုလီ/အိုလီဂိုပိုလီ (Monopoly/Oligopoly)''
မိုနိုပိုလီဆိုသည်မှာ တစ်ဦးတည်းချုပ်ကိုင်ထားသောအခြေအနေဟု ဆိုနိုင်ပြီး အိုလီဂိုပိုလီဆိုသည်မှာမူ လူနည်းစု (သို့မဟုတ်) လူအချို့ကသာ ချုပ်ကိုင်ထားသောအခြေအနေဟု သဘောပေါက်နိုင်ပါသည်။ ဈေးကွက် သို့မဟုတ် လုပ်ငန်းနယ်ပယ်တစ်ခုထဲတွင် လုပ်ငန်းတစ်ခုသည် ၎င်း၏ပြိုင်ဘက်ဖြစ်သည့်အခြားသောလုပ်ငန်းများကို ဖယ်ထုတ်လျက် စျေးကွက် သို့မဟုတ် လုပ်ငန်းနယ်ပယ်တစ်ခုလုံးကို ၎င်းတို့၏လုပ်ငန်းတစ်ခုတည်းက လွှမ်းမိုးချုပ်ကိုင်ထားနိုင်သောအခါတွင် ထိုလုပ်ငန်းတွင် မိုနိုပိုလီပါဝါရှိသည်ဟု ဆိုကြသည်။ အကယ်၍ ဈေးကွက်တစ်ခုလုံးကို လုပ်ငန်းအရေအတွက်အနည်းငယ် (သို့မဟုတ်) လူအချို့သာ လွှမ်းမိုးချုပ်ကိုင်ထားနိုင်ပါက အိုလီဂိုပိုလီပါဝါရှိသည်ဟု ပြောနိုင်ပါသည်။
မိုနိုပိုလီစွမ်းရည် ရရှိထားသော လုပ်ငန်းများသည် ၎င်းတို့ထုတ်လုပ်ထားသော ကုန်ပစ္စည်းများ၏ စျေးနှုန်းမြင့်မားနေစေရန် ကုန်ပစ္စည်းအရေအတွက်ကိုလျှော့ချ၍ ထုတ်လုပ်တတ်ကြသည်။ စီးပွားရေးအဆောက်အအုံတစ်ခုအတွင်း မိုနိုပိုလီစွမ်းရည်ဖြင့် လှုပ်ရှားမှုများရှိနေပါက လူ့အဖွဲ့အစည်းအတွင်း ဆင်းရဲနွမ်းပါးမှု အခြေအနေကို ပိုမိုဆိုးရွားလာစေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် စျေးကွက်ကိုချုပ်ကိုင်ထားသော လူတစ်စုတည်းကသာ ထုတ်ကုန်၏အကျိုးအမြတ်ကို မညီမျှသော၊ ပိုမိုများပြားသောပမာဏဖြင့ ်ရရှိနေပြီး ချမ်းသာကြွယ်ဝပြီးသား လုပ်ငန်းရှင်များနှင့် အစုရှယ်ယ ရှင်များသာ ပိုမိုကြွယ်ဝချမ်းသာလာကြသောကြောင့်ဖြစ်သည်။
ရောင်းသူအနည်းငယ်သာ အကျိုးအမြတ်ရရှိ ခံစားနိုင်ပြီး ဝယ်ယူစားသုံးသူများအပါအဝင် လူအများစုမှာ အခက်အခဲများရှိလာနိုင်သဖြင့် လူ့အဖွဲ့အစည်း အတွက် ကောင်းမွန်သောအခြေအနေမဟုတ်ဟု ဆိုသည်။
မိုနိုပိုလီ ပါဝါရရှိထားသော အခြေတည်ပြီးဖြစ်သည့်လုပ်ငန်းများသည် ထူထောင်ကာစလုပ်ငန်းသစ်များနှင့်ယှဉ်ပါက အကျိုးဖြစ်ထွန်းမှုများပိုမိုရှိကြသည်။ ၎င်းတို့၏ ဈေးကွက်လွှမ်းမိုးမှုကို ဆက်လက်ထိန်းထားနိုင်ရေး အမြဲမပြတ်အားထုတ်နေကြသည်။ လုပ်ငန်းသစ်များမှာ စတင်ထူထောင်စဉ်က ငွေကြေးအရင်းအနှီး ပမာဏများစွာ ကုန်ကျထားခြင်း၊ ထုတ်လုပ်မှုတွင် တစ်ယူနစ်စရိတ်ကျဆင်းရန် မထုတ်လုပ်နိုင်သေးခြင်း (ကုန်စည်ပမာဏများစွာ မထုတ်လုပ်နိုင်သေးခြင်း) စသည့်အချက်များကြောင့် မိုနိုပိုလီစွမ်းရည်ရှိထားသည့် လုပ်ငန်းများကို မယှဉ်နိုင်ကြပေ။ ထို့ကြောင့် တစ်ဦးတည်း ချုပ်ကိုင်ထားနိုင်သည့် မိုနိုပိုလီစွမ်းရည်ရှိ လုပ်ငန်းကြီးများသည် ၎င်းတို့ရှိပြီးသား အခြေအနေများဖြင့် ၎င်းတို့၏ မိုနိုပိုလီပါဝါကို ဆက်လက်ထိန်းထားနိုင်သည်ကို တွေ့ရသည်။
အိုလီဂိုပိုလီစွမ်းရည်ရရှိထားသော လုပ်ငန်းများသည်လည်း တရားဝင်အသိအမှတ်ပြုထားသည့် အခြေအနေအရဖြစ်စေ၊ အခြားသောနည်းလမ်းများဖြင့်ဖြစ်စေ အုပ်စုဖွဲ့တတ်ကြပြီး ပုံမှန်မဟုတ်သောအခြေအနေများ ဖန်တီးလျက် ကုန်ပစ္စည်းစျေးနှုန်းများမြင့်တက်နေစေရန် လုပ်ဆောင်တတ်ကြသည်။
အချို့သော ဈေးကွက်များမှာ (ဥပမာ အများပြည်သူတို့ နေ့စဉ်လိုအပ်နေသော အခြေခံကုန်စည်များ၊ နိုင်ငံအတွက် မရှိမဖြစ်အရေးပါသော ကုန်ကြမ်းများနှင့် ကုန်စည် ဈေးကွက်များ) သဘာဝ အားဖြင့် မိုနိုပိုလီပါဝါရနေတတ်သည်။ ထိုဈေးကွက်များရှိ အရောင်းအဝယ်များကို အစိုးရများက စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်၍လည်းကောင်း၊ ဈေးနှုန်းများသတ်မှတ်၍လည်းကောင်း ထိန်းချုပ်မှုများ ပြုလုပ်ထားတတ်ကြသည်။
ဝေါဟာရများ
မိုနိုပိုလီ= Monopoly
အိုလိုဂိုပိုလီ= Oligopoly
ဆင်းရဲနွမ်းပါးမှု=Poverty
ရှယ်ယာရှင်များ=Shareholders
လူ့အဖွဲ့အစည်း =Society
အုပ်စုဖွဲ့=Cartel
■ လိုတိုရှင်း စီးပွားရေးသုတ (၅)
- ငွေဖောင်းပွခြင်း (Inflation)
အလွယ်တကူပြောရလျှင် တစ်ပြည်လုံးရှိ ကုန်စည်မျိုးစုံ၏ စျေးနှုန်းများ၊ ဝန်ဆောင်မှုကုန်ကျ စရိတ်များအတက်ဘက်သို့သာဦးတည်နေခြင်းသည် ငွေကြေးဖောင်းပွမှုဖြစ်သည်။ စီးပွားရေးအဆောက်အအုံထဲရှိ လူတို့၏နေထိုင်မှုစရိတ်စကများ မြင့်တက်နေခြင်းဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ ထိုအခြေအနေကို စီပီအိုင် ဟုခေါ်သော စားသုံးသူစျေးဆနှုန်းကိန်းကဲ့သို့ ညွှန်ကိန်းဖြင့် တိုင်းတာလေ့ရှိသည်။
ယေဘုယျအားဖြင့် ငွေဖောင်းပွခြင်းသည် စီးပွားရေးလုပ်ငန်းများအတွက် ကောင်းမွန်သည်ဟုဆိုနိုင်သော်လည်း လူအဖွဲ့အစည်းအတွက် ကောင်းကျိုးများစွာမဖြစ်ပေ။ အဘယ်ကြောင့်ဆိုသော် စီးပွားရေးလုပ်ငန်းများ၏ အနာဂတ်မျှော်လင့်ချက်များ မသေချာမရေရာမှုများ ရှိလာခြင်း၊ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် စိတ်အားလျော့လာခြင်း၊ ကုန်စျေးနှုန်းများမြင့်တက်မှုများကြောင့် အလုပ်သမားများ၏ လုပ်ခလစာမြှင့်ပေးရေး တောင်းဆိုမှုများလည်း ဖြစ်ပေါ်လာခြင်း၊ နိုင်ငံသူနိုင်ငံသား စားသုံးသူများအားလုံး လူနေမှုစရိတ်စက ကြီးမြင့်မှုများ ရင်ဆိုင်လာရခြင်း စသဖြင့် နိုင်ငံတစ်နိုင်ငံအတွင်းရှိ လူများအားလုံး တစ်နွယ်ငင်တစ်စင်ပါ အခက်အခဲများ ကြုံတွေ့လာနိုင်သောကြောင့်ဖြစ်သည်။
ငွေဖောင်းခြင်းသည် ငွေစုဆောင်းသူများ၊ ပုံသေဝင်ငွေရရှိသူများအတွက်လည်း မကောင်းပေ။ အခြားသူများထံမှ ငွေချေးယူထားသူများအတွက်မူ ကောင်းသည်ဟုဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် (အမှန်တကယ် ငွေတန်ဖိုးနှင့်တွက်ပါက) ၎င်းတို့အတွက် ငွေချေးငှားမှု ကုန်ကျစရိတ် လျော့ကျ (သက်သာ) သွား သောကြောင့်ဖြစ်သည်။
အနည်းငယ် ငွေဖောင်းပွခြင်း (သို့မဟုတ်) ငွေဖောင်းပွမှုနှုန်းနိမ့်ခြင်းမှာမူ စားသုံးသူများကို ငွေကြေးပိုမိုသုံးစွဲစေရန်အားပေးမှုဖြစ်စေပြီး အလုပ်အကိုင်အခွင့်အလမ်းသစ်များကို ဖန်တီးပေးနိုင်သည်။ ထိုအခြေအနေနှင့် ပတ်သက်၍ စီးပွားရေးပညာရှင် ဖီးလစ် (Philip) ဆိုသူက မျဉ်းကွေးအသုံးပြု၍ ငွေဖောင်းပွမှုနှင့် အလုပ်အကိုင်အခြေအနေဆက်စပ်မှုကို လေ့လာဖော်ထုတ်ထားသည်။ ထိုမျဉ်းကွေးကို ဖိလစ်မျဉ်းကွေးဟု ခေါ်ဝေါ်သည်။
စီးပွားရေးပညာရှင်အများစုက ငွေကြေးဖောင်းပွမှုသည် စီးပွားရေးအဆောက်အအုံထဲတွင် ငွေကြေးပမာဏများပြားလွန်းခြင်း၏ အကျိုးသက်ရောက်မှုဖြစ်သည်ဟု ယုံကြည်ကြသည်။ ငွေကြေးပမာဏတွင် စီးပွားရေးအဆောက်အအုံထဲရှိ လူအများနေ့စဉ်လှည့်လည်သုံးစွဲနေသော ငွေကြေးများ၊ ဘဏ်များရှိ ငွေဖြစ်လွယ်သော အပ်နှံငွေများ ပါဝင်သည်ဟု ယေဘုယျဆိုနိုင်ပါသည်။ ငွေကြေးဖောင်းပွမှုအခြေအနေ ပြင်းထန်မှုမရှိစေရန် လှည့်လည်သုံးစွဲနေသော ငွေကြေးပမာဏ ကို လျှော့ချရန်၊ အခွန်အခများကို တိုးမြှင့်ကောက်ခံရန်နှင့် အစိုးရ၏ အသုံးစရိတ်ကို ထိန်းချုပ်သုံးစွဲရန် စီးပွားရေးပညာရှင်များက အကြံပြုပြောဆိုထားသည်။
ဝေါဟာရများ
ငွေကြေးဖောင်းပွမှု=Inflation
စားသုံးသူဈေးဆနှုန်းကိန်း (စီပီအိုင်)= Consumer Price Index(CPI )
ငွေစုဆောင်းသူများ=Saver
ပုံသေဝင်ငွေ= Fixed Income
ဖိလစ်မျဉ်းကွေး= Philip Curve
ငွေကြေးပမာဏ=Money Supply